ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် လူမှုရေး ဝန်ကြီးများ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ရေး ဗီဒီယိုကွန်ဖရင့်ဖြင့် ညှိနှိုင်းဆွေးနွေး


Date : 10 June, 2020

4

June 10

နေပြည်တော် ဇွန် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသော အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လအတွင်း အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို ဉီးစွာဖွင့်လှစ်ပြီး တွေ့ကြုံ ရမည့် အားနည်းချက်၊လိုအပ်ချက်များကို ပြင်ဆင်ကာ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်များကို တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယင်းသို့ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန် ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန်အရေးကြီးပါကြောင်း၊ ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစား နားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ စာသင်ကြားပြီး ကျောင်းမှ အပြန်တွင် မိဘနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များကို သတင်းစာများတွင် ဖော်ပြအသိပေးလျှက်ရှိပါကြောင်း။
ဉီးစားပေးစီစဉ်ဆောင်ရွက်ရမည့်ကိစ္စရပ်များအနေဖြင့် သင်ယူမှုမဆုံးရှုံးစေရန် အလေးထား ကာကွယ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းရန်အတွက် စီမံဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကျောင်းသား၊ဆရာ တစ်ဉီးနှင့်တစ်ဉီး အနည်းဆုံး(၆)ပေ ကွာခြား၍ သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်ရေး၊ လူအုပ်စု မဖြစ်ပေါ်စေရန် လျှော့ချ ရေး၊ အတန်းလိုက် ကျောင်းတက်ချိန် ကျောင်းဆင်းချိန်များ အချိန်လုံလောက်စွာခွာ၍ သတ်မှတ်ပေးရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက လုံခြုံဘေးကင်းရေး၊ အထူးသဖြင့် ကျောင်းသူများနှင့် ဆရာမများအား လူမှုကာကွယ် စောင့်ရှောက်ပေးရေး ၊ ကျောင်းထွက်မှု အနည်း ဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည်ကောင်းမွန်လာရေး၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုမျှတစွာ တိုးတက်ကောင်းမွန် လာရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန် လာစေရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပါကြောင်း။
နိုင်ငံတစ်ဝန်း အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက် အနေဖြင့် တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား တက်ကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်လှစ်နိုင်မည်ဟု စိစစ် ခန့်မှန်းထားပါကြောင်း ၊ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာများနှင့် ကျောင်းသား များအားလုံး ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်း နှစ်ခုစီနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ ဖြန့်ဝေသကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို အခမဲ့ဖြန့်ဝေပေးသွားရန် စီစဉ်လျှက်ရှိပါကြောင်း။
အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းတို့ကို တိုင်းရင်းသားဒေသခံများကို ဉီးစားပေး၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ အချိန်မီပြီးစီးအောင် စီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် ဆရာ၊ ဆရာမများ တာဝန်ကျရာ နေရာဒေသများသို့ အဆင်ပြေစွာ သွားရောက်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးပါရန် မေတ္တာရပ်ခံလို ပါကြောင်း။
သင်ရိုးညွှန်းတမ်းများနှင့် သင်တန်းများအတွက် စီစဉ်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ သင်ရိုးသစ် G-4,G-7,G-10 ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန် စာအုပ် အသစ်များ၏ ကာလတိုသင်ကြားသင်ယူမှုနည်းလမ်းများ၊ မွမ်းမံသင်တန်းများ (On-line Training အပါအဝင်) အတွက်လည်း အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် ယခု ပညာသင်နှစ် အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ကိုက်ညီသော သင်ရိုးမာတိကာ၊ သင်ခန်းစာများ စီစဉ်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊Home Assignment ပေး၍ သင်ယူ တက်မြောက်မှုကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန် အတွက်လည်း မိဘများ ပူးပေါင်းပါဝင်လာရေးကို အားပေးကာ ကာလတိုသင်တန်းများ စီစဉ်ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးအသိပညာပေးဆိုင်ရာ မွမ်းမံသင်တန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာပေးဆောင်းပါးများ စီစဉ်ဆောင်ရွက်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား အာဟာရ တိုက်ကျွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ခြင်း၊ ပညာသင်ထောက်ပံ ကြေးပေးအပ်ခြင်းနှင့် ကျောင်းအပ်နှံသီတင်းပတ်တွင် လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လူမှုရေးဝန်ကြီးများအနေဖြင့် မိဘအုပ်ထိန်းသူ ၊ ဆရာ၊ ဆရာမ၊ ပြည်သူများအားလုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပါသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လူမှုရေးဝန်ကြီးများနှင့် တက် ရောက်လာသူများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင် ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



Bookmark the permalink.

Comments are closed.