နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ


Date : 12 June, 2020

6

June 12
နေပြည်တော် ဇွန် ၁၂

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ် တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးလုပ်ငန်း ၁၂ ရပ်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရှေးဦး အရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့် ဆင့်တိုးမြှင့်သင်ယူခွင့်များရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းတို့မှာ မူလတန်း အရွယ်ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်း ပညာ သင်ယူရန် အခက်အခဲ ရှိနေသည့် ကာယ၊ ဉာဏ စွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲ နွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင် ဖျားဒေသရှိ ကလေးများစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြား နားသည့် ဘာသာစကား ပြောသော မူလတန်းသင် တိုင်းရင်းသားကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်း တမ်းပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများ အပါအဝင် တိုင်းရင်းသားဘာသာ စကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း၊ သင့်လျော်သော ဆရာ၊ ကျောင်း သားအချိုး ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊ အခြေခံ ပညာရေးကို လူတိုင်း ပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများရှိကျောင်း များ (အထူးသဖြင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ) ၏ လိုအပ်ချက်များကို ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်း မွန်စေရန် အခြေခံပညာ အလယ်တန်း၊ အထက်တန်း တန်းညှိအစီ အစဉ်များနှင့် သက်မွေးမှု သင်တန်းအစီအစဉ်များဖြင့် ဆက်လက် ပညာဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင် ပေးခြင်း၊ တက္ကသိုလ်များတွင် ကိုယ်ပိုင် သင်ရိုးညွှန်းတမ်း များ ရေးဆွဲ သင်ကြားခွင့်၊ အုပ်ချုပ်ခွင့် နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့် သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေး ခြင်း၊ နည်းပညာနှင့် သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသားမိဘများ နှင့် ရပ်ရွာအသိုက် အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေးဝန် ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်း ပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း၊ တိကျမှန်ကန်သည့် သတင်းအချက် အလက်များကို အခြေခံ၍ ထိရောက်သော ပညာရေး ပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာ ကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရာ၌ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် ကျောင်းအခြေပြု မူကြိုကျောင်း ၃၁၁၅ ကျောင်းတွင် ဆရာ/ဆရာမ ၄၅၇၁ ဉီးနှင့် ကျောင်းသား/ကျောင်းသူ ၈၀၆၅၈ ဦး ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် သူငယ်တန်း(KG) ကျောင်းသား ၈၇၃၅၄၈ ဦး တက်ရောက်လျက်ရှိပြီး KG ကျောင်းနေအရွယ်ကလေးတိုင်း KG တန်းသို့ တက်ရောက် သင်ယူမှုခွင့် ရရှိရေးအတွက် သင်ရိုး သစ် KG အတန်းများတွင် ဖွင့်လှစ်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်သဖြင့် ၂၀၁၉ ခုနှစ်အတွင်း အခြေခံပညာအဆင့် သင်ယူပြီးမြောက်သူ ၁၆၉၅၉၁ ဦး၊ အလယ်တန်းအဆင့် သင်ယူပြီး မြောက်သူ ၁၈၃၂၈၉ ဦးနှင့် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၃၃၃၉၇၈ ဦး အထိ တိုးတက်လာပါကြောင်း၊ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာ စကား ၆၃ မျိုးကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းပေါင်း ၁၃၁၀၀ ၌ ဆရာ/ဆရာမ ၂၆၀၈၄ ဦးက ကျောင်းသား /ကျောင်းသူ ၈၄၈၄၈၀ ကို သင်ကြားပေးခဲ့ ပါကြောင်း။
၂၀၁၉ ခုနှစ်တွင် အစိုးရအခြေခံပညာကျောင်း(မူ/လယ်/ထက်)များ၌ ဆရာနှင့် ကျောင်း သားအချိုးအနေဖြင့် ၁ အချိုး ၂၂၊ အစိုးရ နည်းပညာ နှင့် သက်မွေး အထက်တန်းကျောင်း/ သိပ္ပံများ၌ ဆရာနှင့် ကျောင်းသားအချိုးအနေဖြင့် ၁ အချိုး ၄ နှင့် တက္ကသိုလ်/ဒီဂရီကောလိပ်/ ကောလိပ်များ၌ ဆရာနှင့် ကျောင်းသားအချိုးအနေဖြင့် ၁ အချိုး ၄၅ ရှိပါကြောင်း၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်အရည်အချင်း ပြည့်မီ သူများ (တိုင်းရင်းသား/ ဒေသခံများ) ကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေး ချယ်ခန့် ထားနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ မူလတန်းပြ/ အလယ်တန်းပြ/ အထက်တန်းပြ ဆရာ/ဆရာမ စုစုပေါင်း ၁၄၃၈၈ ဦး၊ နည်း ပညာနှင့် သက်မွေး အထက် တန်းကျောင်း /သိပ္ပံ၌ သင်တန်း ဆရာ/ဆရာမ ၅၆၁ ဦးနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ နည်းပြ/သရုပ်ပြ ၁၂၃၅ ဦးတို့အပြင် အချိန်ပိုင်း နည်းပြ၊ သရုပ်ပြ ၄၃၆ ဦးကို ခန့်အပ် ထားပါကြောင်း။
၂၀၁၉ – ၂၀၂၀ ပညာရေးနှစ်တွင် ကျောင်းပြင်ပ မူလတန်းပညာရေးကို မြို့နယ် ၈၉ မြို့နယ်၌ ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၇၅၄၅ ဦးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးကို မြို့နယ် ၈ မြို့နယ်၌ ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၁၉၁၉ ဦး ရှိပါကြောင်း။
အလားတူ အခြေခံစာတတ်မြောက်ရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဧပြီလမှ မေလအထိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၄၆၉၀ ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပဲခူးတိုင်းဒေသကြီးတွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၁၈၈၆ ဦး၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ရခိုင်ပြည်နယ် ဘူးသီး တောင်မြို့နယ်တွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၇၂ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ရာ သင်ယူသူ ၆၉၀၁ ဦးရှိပါ ကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် CBMSC ကာလတိုသင်တန်း အမျိုး အစားပေါင်း ၆၀ ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ် ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့ အဆင့်မီ အဆင့်မြင့် သင်ရိုး၊ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည် ဖော်ဆောင် ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန် တက္ကသိုလ် + ၇၊ မန္တလေးတက္ကသိုလ် + ၇ တို့တွင် တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက် လျှောက်ထားစိစစ်ရွေးချယ်မှု ခွင့်ပြုဆောင်ရွက်ခြင်း၊ ရာထူးခန့်ထားခြင်း၊ ပြောင်းရွေ့ခြင်း နှင့် တိုးမြှင့်ပေးခြင်းတို့ကို စွမ်းဆောင် ရည်သတ်မှတ်ချက်အရ ကိုယ်ပိုင် စီမံခန့်ခွဲမှုကို ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထို့ပြင် တက္ကသိုလ်ပဋိညာဉ် စာတမ်းရေးဆွဲခြင်း၊ အသုံးချသုတေသန၊ သင်ရိုးညွှန်းတမ်း၊ စာကြည့်တိုက်၊ အိုင်စီတီ၊ တက္ကသိုလ်-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အရည် အသွေး အာမခံမှု၊ တက္ကသိုလ်ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံခြားပညာ သင်စေလွှတ်ခြင်း၊ လုံခြုံဘေးကင်းပြီး ကျန်းမာ၍ အရည်အသွေးရှိသော သင်ယူမှုဝန်းကျင် ကောင်းဖြစ်ရေး ဖြည့်ဆည်းပံ့ပိုးလျက်ရှိပါကြောင်း။
အလားတူ သူငယ်တန်း + ၁၂ တန်း အခြေခံပညာရေးနှင့် လိုက်လျောညီထွေရှိသော သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်း၊ အသုံးချ သုတေသန၊ ဒေသအကျိုးပြု ဘွဲ့သင်တန်းများ စသည့် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ရန်အားပေးခြင်း၊ နေ့သင်တန်း ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်များ (ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် တို့ မပါ) တွင် အဝေးသင် တက္ကသိုလ်သင်တန်းများအတွက် သင်ကြားသင်ယူရေးလုပ်ငန်းများ၊ စာမေးပွဲ နှင့် ဘွဲ့နှင်းသဘင်လုပ်ငန်းများ စီမံခန့်ခွဲမှုခွင့်ပြုခြင်းစသည်တို့ကို ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုးမဖြစ် စေသော ထိရောက်သည့် ပညာ ရေးဝန်ဆောင်မှုဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ဗလာစာအုပ် ဒါဇင်ပေါင်း ၉၅၇၁ ဒသမ ၄၉၄ ဒါဇင်ကို အခမဲ့ဖြန့် ဝေပေးခဲ့ပါကြောင်း၊ ပညာရေး ကဏ္ဍအသုံးစရိတ်ကို ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် သာမန်အသုံးစရိတ် ငွေကျပ် ၁၉၃၁၀၃၃ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၇၅၄၉၃၄ သန်းရှိပြီး ၂၀၁၁ – ၂၀၁၂ ပညာသင်နှစ်မှစတင်၍ နှစ်အလိုက်နှိုင်းယှဉ်ပါက ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်တွင် ပညာရေး ကဏ္ဍအသုံးစရိတ်အနေဖြင့် ၉ ဆ တိုးတက်လာ ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ ပညာရေးဆိုင်ရာဘဏ္ဍာငွေများကို အမျိုးသားပညာရေး မဟာဗျူ ဟာစီမံကိန်း လုပ်ငန်းစဉ်များအပေါ် မူတည်၍ ဦးစားပေးအစီအစဉ် အရ ခွဲဝေလျာထား သတ် မှတ်၍ နှစ်စဉ် အကျိုးရှိ ထိရောက် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆရာ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ နှင့်ပူးပေါင်း၍ စီမံသုံးစွဲ လျက်ရှိပါကြောင်း၊ တင်ဒါလုပ်ငန်းစဉ် အဆင့်ဆင့်ကို ပွင့်လင်းမြင် သာမှု ရှိစေရန်အတွက် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၊ တက္ကသိုလ်များ၏ Website များတွင် ဖော်ပြလျက်ရှိပြီး ဌာနတွင်း စာရင်းစစ်ဆေးခြင်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ ဆောင်ရွက်နေပါကြောင်း၊ လစဉ် ဘဏ္ဍာငွေ အရအသုံးစာရင်းများကို ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ Website များတွင် ဖော်ပြပေးလျက်ရှိပါကြောင်း။
တိကျမှန်ကန်သည့်သတင်း အချက်အလက်များ အချိန်နှင့် တစ်ပြေးညီရရှိစေရန် အတွက် ပညာရေး စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (EMIS)ကို အကောင်အထည် ဖော်လျက်ရှိရာ Module (၅)ခု (HR, BE, HE/TVET, AE, Procurement/Finance) အတွက် Software ရေးဆွဲခြင်းနှင့် EMIS Software Training ပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ Module Software ရေးဆွဲခြင်းကို Update ပြုလုပ်ခြင်းနှင့် အချက်အလက် များ ဖြည့်သွင်းခြင်း အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် နည်းပညာကျောင်းများကို Software အသုံးပြုမှု သင်တန်းကျင်းပခြင်း၊ Software ပြင်ဆင်မှုများ အပြီးသတ်ဆောင် ရွက်ခြင်း၊ Update ပြုလုပ် ပြီးနောက် Roll Out ပြုလုပ်ခြင်းနှင့် EMIS Data Management Training သင်တန်းများ ကျင်းပခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ C4M(APP)ကို အသုံးပြု၍ တိုင်းဒေသကြီး/ ပြည်နယ်(၆)ခုတွင် အခြေခံပညာကျောင်း အချက်အလက်ကောက်ယူခြင်းကို စမ်းသပ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် အခြေခံပညာ ကျောင်းများ၌ School Mapping ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဦးစီးဌာန အလိုက်၊ နှစ်အလိုက် လုပ်ငန်းအကောင်အထည် ဖော်ရေး စီမံကိန်း (Departmental Annual Implementation Plan- DAIP) များ ရေးဆွဲခြင်း၊ ပညာရေး အရည်အသွေး အာမခံမှုစနစ် များ၊ အခြေခံပညာကျောင်းအရည် အသွေး အာမခံမှု စံသတ်မှတ် ချက် အညွှန်းဘောင် (School Quality Assurance Standards Framework – SQASF) မူကြမ်းရေးဆွဲခြင်း၊ လေ့လာကြီးကြပ်အကဲဖြတ်ခြင်း အညွှန်းဘောင် (Monitoring and Evaluation Frame Work) ရေးဆွဲခြင်း၊ Communication, Situation Analysis Phase-1 မူကြမ်း အစီရင်ခံစာ ရေးသားပြုစုခြင်း၊ လူမှုရေးဆိုင်ရာအကျုံးဝင်မှု (Social Inclusion) ပိုစတာများ ပြုလုပ်နိုင် ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ကိုဗစ်ကာလဖြစ်သည့်အတွက် တက္ကသိုလ်ဝင် တန်း အောင်စာရင်းထုတ်ပြန်ရာတွင် လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်မည့် အခြေအနေကို မေးမြန်းရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့် က ၂၀၂၀ တက္ကသိုလ်ဝင်တန်း အောင်စာရင်း အမြန်ဆုံး ထုတ်ပြန်နိုင်ရန် စီစဉ်ဆောင် ရွက်နေပါကြောင်း၊ အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို သတင်းဌာနများသို့ အသိပေးသွား မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေအပေါ် မူတည်ပြီး Social Distancing အရ ဝက်ဘ်ဆိုဒ်က ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းကာလ ပြီးဆုံးသွားပါက ပုံမှန်အတိုင်း ကြေညာပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ အခြေခံပညာကျောင်း များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားရေး ဆောင်ရွက်နေမှုအခြေ အနေ၊ ဆရာ ဆရာမများ ခန့်ထားမှုနှင့် ထောက်ပံ့မှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် လုံခြုံမှုရှိစွာ သင်ကြားသင်ယူနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့နေသည့် ဒေသများရှိ ကျောင်းများအတွက် သီးခြား ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘတ်ဂျက်သုံးစွဲမှုနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု အခြေအနေ၊ အိမ်ယာပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဗိုလ်ချုပ်ဈေးရှိ ဝန်ကြီးဌာန ပိုင် ဆိုင်ခန်းကိစ္စ၊ တိုင်းရင်းသားဘာသာ စကား သင်ကြားရာတွင် ဆရာဆရာမများကို လစာထပ်ဆောင်းပေး၍ သင်ကြားနေမှုအခြေအနေနှင့် ဆရာဆရာမအင်အား၊ စာသင်ခန်း များတွင် သတ်မှတ်အကွာ အဝေးဖြင့် စာသင်ခုံများ နေရာချထားမှု တို့နှင့်စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများက မေးမြန်းကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ဦး ချင်းစီ၏ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူတစ်ဉီးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရန် လိုအပ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ် များကို ချမှတ်ပြီး ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လိုအပ် သော ဘတ်ဂျက်တိုးမြှင့်ရရှိနိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်ကာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန် ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဝန်ကြီး ဌာန၏ ဘတ်ဂျက်ရရှိမှုအနေဖြင့် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၈ ဒသမ ၅ ဘီလီယံမှ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၂၀ ဒသမ ၈ ဘီလီယံ အထိ ၇ ဆ တိုးမြှင့်ရရှိခဲ့ပါကြောင်း။
ဝန်ကြီးဌာန၏ လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အသစ်ပြဋ္ဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ (၂၀၁၈) တို့ဖြင့် ကလေး သူငယ်များ ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရန်နှင့် ပုံမှန်ဖွံ့ဖြိုးတိုးတက်နိုင်ရန် အတွက် ၎င်း ဥပဒေ ၂ ခုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ကလေးသူငယ်များဖွံ့ဖြိုးကြီးထွားပြီး ဉာဏ်ရည်ထက်မြက်ရန်ရည်ရွယ်၍ “ကလေး ဘဝ ရှေ့ဆောင် ရက် ၁၀၀၀” ဟူသော ဆောင်ပုဒ် နှင့်အညီ အနာဂတ် မျိုးဆက်သစ်များ အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေး နှစ်မှစတင်၍ ကလေးသူငယ်အာဟာရဆိုင်ရာ အညွှန်းကိန်းနိမ့်ပါးသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ တွင် မိခင်တစ်ဦးလျှင် တစ်လ ငွေကျပ် ၁၅၀၀ဝ နှုန်းဖြင့် ထောက်ပံ့ဆောင်ရွက်ခဲ့ပါ ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်တွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တိုးချဲ့ ထောက်ပံ့နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။
ရင်ခွင်မဲ့ကလေးငယ်များအတွက် ဝန်ကြီးဌာအနေဖြင့် ကလေးပြုစုရေးဌာန ၇ ခု ဖွင့် လှစ်ပြီး စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ လှူဒါန်းမှုဖြင့် ကလေး ၁၀၀ ဆံ့ ကလေးပြုစုရေးဌာန တစ်ခုကို ယခုနှစ်တွင် နေပြည်တော်၌ ဖွင့်လှစ်နိုင်မည်ဖြစ်ပါ ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ကလေးများကို ပြုစုပျိုးထောင် ပေးနိုင်ရန် မူလတန်းကြိုကျောင်းများကို နှစ်စဉ်တိုးချဲ့ဖွင့် လှစ်လျက်ရှိရာ ၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် ကျောင်းပေါင်း ၁၀ ကျောင်းကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ ပါကြောင်း၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ စနစ်တကျဖွင့်လှစ်ဆောင်ရွက်နိုင်ရန် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုး ထောင်ရေးဆိုင်ရာ ဆရာဖြစ်သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် မူကြိုကျောင်းများ မဖွင့်လှစ်နိုင်သေးသည့် နေရာများတွင် မိခင်ဝိုင်းများကို ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ မိခင်ဝိုင်းပေါင်း ၁၂၀၂ ဝိုင်း ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေး အခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်း (Early Childhood Intervention-ECI)ကို ရှေ့ပြေး စီမံချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မွန် ပြည်နယ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ၇၅၃၆ ဦးကို ဆန်းစစ် ဖော်ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် မဟာဗျူဟာကို စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ချမှတ်နိုင်ခဲ့ပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်စင်တာများ ဖွင့်လှစ်နိုင်အောင် ကြိုးစားလျက်ရှိပြီး ပထမဦးစွာ ဖွင့်လှစ်နိုင်ခဲ့သည်မှာ စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ဖြစ်ပါကြောင်း။
သင်တန်းကျောင်း အခြေပြုကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အနေ ဖြင့် ပြစ်မှု၊ ပြစ်ဒဏ် ကျခံရသော ကလေးသူငယ်များကို အကျင့်စာရိတ္တပြုပြင်ရန်နှင့် ပြန်လည် ထူထောင်ရန် လူငယ်သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သန်လျင်၊ ငှက်အော်စမ်း၊ မန္တလေးနှင့် မော်လမြိုင်လူငယ်သင်တန်း ကျောင်း ၄ ခုရှိပါကြောင်း၊ ဥပဒေအရ ကလေးသူငယ်၏ အသက်ကို ၁၈ နှစ်အောက်ဟု သတ်မှတ်ခဲ့ရာ စောင့်ရှောက် ရမည့် ကလေးသူငယ်ဦးရေ ၃ ဆကျော် တိုးမြှင့်လာသဖြင့် သင်တန်းကျောင်းဆောင်များနှင့် သင်တန်းကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဝန်ထမ်းများတိုးချဲ့ခန့်ထားခြင်းကို ဆောင်ရွက် လျက်ရှိပါကြောင်း။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါ ကြောင်း၊ အမျိုးသမီး များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နည်းတူ ကာကွယ်ရန်လည်း လိုအပ်ပါသဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပြည့်တန်ဆာဆိုင်ရာဥပဒေ(မူကြမ်း)ကို ရေးဆွဲလျက် ရှိပါကြောင်း၊ အလားတူ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများကို လစဉ်ငွေကြေး ထောက်ပံ့သော လူမှုရေးပင်စင်ကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထိ ဘိုးဘွား ၄၇၀၈၂၁ ဦးအတွက် ငွေကျပ် ၃၄ ဒသမ ၉ ဘီလီယံ ပေးအပ်နိုင်ခဲ့ပါကြောင်း။
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပြည်သူများ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထောက်ပံ့ကူညီမှုများ ပြည်သူ့ လက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေးအတွက် ဘေးဖြစ်ပွားမှုများ၏ ၃၀ ရာခိုင်နှုန်း ခန့်ကို ဘေးဖြစ်ပြီးနောက် ၂၄ နာရီအတွင်း၊ ၆၀ ရာခိုင်နှုန်းခန့်ကို ဘေးဖြစ်ပြီးနောက် ၂ ရက် အတွင်း၊ ၇၀ ရာခိုင်နှုန်းခန့်ကို ဘေးဖြစ်ပြီးနောက် ၃ ရက်အတွင်းနှင့် ဘေးဖြစ်ပွားမှုများ အားလုံးကို ဘေးဖြစ်ပြီးနောက် ၇ ရက်အတွင်း ထောက်ပံ့နိုင်ခဲ့ပါကြောင်း။
ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် စတုတ္ထ (၁) နှစ်တာကာလအတွင်း ထောက်ပံ့မှု လုပ်ငန်းများကို ပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်လာနိုင်ခြင်း၊ သတင်း အချက်အလက် များ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခြင်း၊ သဘာဝဘေးလျော့ပါးရေး အတွက် လုပ်ငန်းများပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်ခြင်းနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင် ရွက်ခြင်း တို့ကို ဖော်ဆောင် နိုင်ခဲ့ပါ ကြောင်း၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် မသန်စွမ်းသူများအား ပုံမှန်ထောက်ပံ့မှု၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ကို ဆောင်ရွက်ပေးနိုင်ရန် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှု အဆင့်ခွဲခြား သတ်မှတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူကုန်ကူးခံရသူ များ ပြန်လည် လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသား အဆင့် စံလုပ်ငန်းအစီအစဉ်ကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့ပြီး၊ ပုံနှိပ်ထုတ်ဝေ နိုင်ခဲ့ပါ ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းနေရပ်စွန့် ခွာသူ များ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ကို ရေးဆွဲခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် IDP စခန်းပေါင်း ၁၂၇ ခုရှိပြီး ရခိုင်ပြည်နယ်တွင် ၁၈ ခု၊ ကချင်ပြည်နယ်တွင် ၈၄ ခု၊ ရှမ်းပြည်နယ်တွင် ၂၃ ခုနှင့် ကရင် ပြည်နယ်တွင် ၂ ခုရှိရာ ယင်းစခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ စနစ်တကျ နေရာချ ထားရေးအတွက် ၎င်းမဟာဗျူဟာကို စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါ ကြောင်း၊ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသော ဘဝများ ပြန်လည် တည် ဆောက်ရေးအတွက် ဝန်ကြီးဌာနမှ ရည်ရွယ်ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြော ကြားသည်။
ထို့နောက် သတင်းမီဒီယာများက ကိုဗစ်ကာလအတွင်း IDP စခန်းများအား ကူညီ ဆောင်ရွက်ပေးနေမှုနှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က IDP စခန်းများနှင့် ပတ်သက်၍ စီမံချက်အား မတ်လအတွင်းကပင် ရေးဆွဲခဲ့ပြီး အတည်ပြု ပြီး စီမံချက်အတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ငွေကျပ် ၂ ဒသမ ၁ ဘီလီယံ အကုန် အကျခံကာ IDP ဆိုသည့်အတွက် ပြည်တွင်း နေရပ်စွန့်ခွာ သူများနှင့်သက်ဆိုင်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ပြည်တွင်းနေရပ်စွန့်ခွာ သူများအတွက် စီမံချက်ရေးဆွဲပြီး ဘတ်ဂျက်များနှင့် စနစ်တကျဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နေရာအားလုံးကို ရောက်အောင် ဆောင်ရွက်နေပါ ကြောင်း၊ ပလက်ဝကဲ့သို့ ခက်ခဲသည့် နေရာများကို ရောက်ရှိပြီး ကူညီထောက်ပံ့နေပါကြောင်း ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ သတင်းမီဒီယာများက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရောက်ရှိနေသည့် ပိုးတွေ့ လူနာများအတွက် ဆောင်ရွက်မည့်အစီအမံများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်လည် ဝင်ရောက်သူများနှင့် ပိုးတွေ့လူနာဦးရေ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ရဟတ်ယာဉ် ဝယ်ယူထားမှုနှင့် စီမံခန့်ခွဲမှု၊ ကျောက်တလုံးဒုက္ခသည်စခန်း တည်ဆောက်မှုအခြေအနေ၊ ကိုဗစ်ကာလအတွင်း IDP စခန်း များကို ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက်ပြီး မုန်တိုင်းဒဏ် ခံနိုင် သည့် အဆောက်အဦ အရေအတွက်၊ ဝန်ကြီးဌာန လက်အောက်ရှိ မူကြိုကျောင်းများ ပြန်လည် ဖွင့်လှစ်မည့် အချိန်ကာလ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က ဝန်ကြီးဌာန၏ “တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်း သိမ်း မြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စု စိတ်ဓာတ် တိုးတက်ခိုင်မာ စေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်” မျှော်မှန်းချက်ဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန သည် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တိုင်းရင်းသားတို့၏ နေ့ထူးနေ့ မြတ် အခမ်းအနားများ၊ ရိုးရာပွဲတော်များကို လက်ခံကျင်းပ၍ တိုင်းရင်းသား လူမျိုး စုများ တိုင်းရင်းသားပြည်သူများ အပန်းဖြေနိုင်ရန် အပတ်စဉ် ဖျော်ဖြေရေးအစီအစဉ်များ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှု များအပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပူးပေါင်း ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များဖြင့် အစိုးရရုံးပိတ်ရက်များတွင် တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးများ ၏ ရိုးရာအကနှင့် ရိုးရာတူရိယာအတီးအမှုတ် သင်တန်းများကို လက်ဆင့်ကမ်းအမွေ အနှစ်များ ရရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း။
တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် (၂၀၁၈ ခုနှစ်) ကျင်းပခဲ့ ပြီး မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက တိုင်းဒေသကြီးပြည်နယ်များတွင် အသင်းရုံးခွဲများ ဖွင့်လှစ်ပေးခြင်းဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား တိုင်းရင်းသားလုပ်ငန်းရှင်များက ဒေသထွက်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်ဝင် လုပ်ငန်းများအဖြစ် ဖွံ့ဖြိုးပြီးဒေသ များ ကို ချိတ်ဆက်လုပ်ကိုင်နိုင်၍ တန်းတူညီမျှသော စီးပွားရေးလုပ်ငန်းများအပြင် အလုပ် အကိုင် အခွင့်အလမ်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၌ တိုင်းရင်းသားလူမျိုးများ စဉ်ဆက် မပြတ်ဖွံ့ ဖြိုးတိုးတက်မှုဖိုရမ် ကျင်းပမှုမတိုင်မီ ပြည်နယ်များတွင် Business Forum များ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကို ဥပဒေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ ပိုမိုရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်၊ ဖြစ်ပွားနေ သော အငြင်းပွားမှုများကို ထိရောက်စွာဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများကို ၂၀၁၉ ခုနှစ် သြဂုတ် ၂၃ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။
တိုင်းရင်းသားပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပညာရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံ ပညာကျောင်းများ တွင် တိုင်းရင်းသားဘာသာသင်ကြားနေသည့် Language Teacher ဆရာ/ဆရာမများ နေရာတွင် ပြင်ပမှပုဂ္ဂိုလ်များကို Teaching Assistant (TA) နှင့် Language Teacher (LT) များ အဖြစ် အစားထိုးခန့်အပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
UNICEF ၏ ပံ့ပိုးကူညီမှုဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန် ပြည်နယ်တို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ၂၅ ဖွဲ့က ဒေသသင်ရိုးများ ပြုစုရေးဆွဲမှု လုပ်ငန်းများ ပြီးမြောက်ခဲ့ပါကြောင်း၊ ကျန်ရှိနေသေးသည့် အခြားသော တိုင်းရင်းသားများ၏ ဒေသသင်ရိုးများပေါ်ထွက်လာနိုင်ရေး UNICEF နှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။
တိုင်းရင်းသားကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် KG တန်းများ အတွက် အခြေခံဖြစ်သော တိုင်းရင်းသားဘာသာ နှင့် မြန်မာဘာသာ ၂ မျိုးဖြင့် ဖော်ပြထားသော ပုံပြပုံပြင်စာအုပ် (ရုပ်ပြ) များကို တိုင်းရင်းသားဘာသာ ၆၆ မျိုးဖြင့် အုပ်ရေ ၃၄ သန်းကျော် ပုံနှိပ်ခဲ့ပြီး အုပ်ရေ ၁၀ သိန်းကျော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဖြန့်ဝေခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ ၂၀၁၉-၂၀၂၈ ကို ဦးတည်အခန်းကဏ္ဍများဖြင့် သတ်မှတ်၍ မူဝါဒရေးဆွဲနိုင်ရေး မျှော်မှန်းဆောင် ရွက်လျက် ရှိပါကြောင်း။
တိုင်းရင်းသားအမည်များကို ကျောင်းစတင်အပ်နှံရာတွင် အသုံးပြုနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းများအား ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားအမည်များ ရေးသွင်းရန် ညွှန်ကြားထားပါကြောင်း၊ တိုင်းရင်းသားအမည်များကို မွေးစာရင်း၌ ဖြည့်သွင်းဆောင်ရွက် ပေးနိုင်ရေးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းထားပါကြောင်း၊ နိုင်ငံ သားစိစစ်ရေးကတ်ပြားများတွင် တိုင်းရင်းသားအမည်ဖော်ပြ နိုင်ရေး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း။
တိုင်းရင်းသားမျိုးဆက်သစ်လူငယ်များကို ကျောက်မျက်ရတနာအချောထည် ထုတ် လုပ်မှုနည်းပညာများ လက်ဆင့်ကမ်းသင်ကြားပေးရန် ရည်ရွယ်၍ ဆုထူးပန် ပညာဒါန ဖောင်ဒေးရှင်းမှ တည်ထောင်သည့် ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ရေးနှင့် အသက်မွေးမှုအတတ်ပညာသိပ္ပံကျောင်းတွင် မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များကို သင်တန်းတက်ရောက်ခွင့်ရရှိခဲ့ပါကြောင်း။
အဆိုပါသင်တန်းသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများ၏ ထောက်ခံမှု၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ စိစစ် ရွေးချယ် မှုဖြင့် တက်ရောက်စေခဲ့ပါကြောင်း၊ ကျောက်မျက်ရတနာအချောထည် ထုတ်လုပ်ရေးနှင့် အသက်မွေးမှုအတတ်ပညာသင်တန်း အမှတ်စဉ်(၁)ကို ၂၀၁၉ ခုနှစ် ဇွန် ၁၈ ရက်မှ (၁) နှစ်ကြာ မန္တလေးမြို့၌ ဖွင့်လှစ်ပြီး စာတွေ့ ၆ လ၊ On Job Training ၆ လ အခမဲ့သင်ကြားနိုင်ခဲ့ ပါကြောင်း။
သင်တန်းတွင် ကျောက်စိမ်းကွန်ပျူတာပန်းပုပညာ၊ ကျောက်စိမ်းလက်ပန်း ပုပညာ၊ ပတ္တမြား နီလာဖြတ်သွေး(အပွင့်)ပညာ၊ စက်ပန်းတိမ်ပညာ၊ လက်ပန်း တိမ်ပညာ၊ ကျောက်စိမ်း အပွင့်ပညာ၊ ကျောက်စိမ်းပုတီးပညာ၊ ကျောက်စိမ်း လက်ကောက်ပညာ၊ တရုတ်စာပညာ၊ ကျောက်စီပန်းချီပညာနှင့် ပန်းချီပညာတို့ သင်ကြားနိုင်ခဲ့ပါကြောင်း၊ သင်တန်း တတ်မြောက်ပြီး ပါက အသေးစားအငယ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ဆုထူးပန်ပညာဒါန ဖောင်ဒေး ရှင်းက ကူညီသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် သတင်းမီဒီယာများက တိုင်းရင်းသားစာပေသင်ကြားမှုနှင့် ဆရာ/ဆရာမ ခန့်ထားမှု တို့နှင့်စပ်လျဉ်း၍ မေးမြန်းရာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က သက်ဆိုင်ရာ ဒေသ၏ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့် ညှိနှိုင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် စာသင်ချိန်အတွင်း၌ သင်ကြား ပေးလျက်ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာသင်ချိန်ပြင်ပ၌ သင်ကြားပေး လျက်ရှိပါကြောင်း၊ ဆရာဆရာမများတွင် Teaching Assistant နှင့် Language Teacher ဟု နှစ်မျိုး ရှိပါကြောင်း၊ အချို့ကျောင်းများတွင် ဆရာဆရာမများ ကိုယ်တိုင်က တိုင်းရင်းသား စာပေကို သင်ကြားပေးနေခြင်းများရှိပါကြောင်း၊ တိုင်းရင်းသားစာပေ သင်ကြားပေးရန် ဆရာ ဆရာမများ ထပ်မံလျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ခေါ်ယူစိစစ်နေပါကြောင်း၊ ယခု စာသင်နှစ်တွင် တိုင်းရင်းသားစာပေ (၆၇)မျိုးကို သင်ကြားခွင့်ရရှိပြီး ကျန်ရှိနေသည့် တိုင်းရင်း သားစာပေများကိုလည်း သင်ကြားခွင့်ရရှိရန်တင်ပြထားပါကြောင်း ဖြေကြားသည်။
ယင်းနောက် သတင်းမီဒီယာများက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ထိခိုက်မှု မခံရစေရေး ဆောင်ရွက်မည့် အစီအစဉ်၊ ဝန်ကြီးဌာန၏ နိုင်ငံရေးအရ အရေးပါ မှုနှင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေ၊ မှတ်ပုံတင်များတွင် တိုင်းရင်းသားလူမျိုးနာမည်များ ဖော်ပြခွင့်ရရှိမည့်ကိစ္စတို့ နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီမှ အတွင်းရေးမှူး ဦးခင်မောင်အေး က နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရ ပထမ (၁)နှစ်တာ ကာလ၊ ဒုတိယ(၁)နှစ်တာကာလ၊ တတိယ(၁) နှစ်တာကာလနှင့် စတုတ္ထ (၁)နှစ်တာ ကာလ တို့တွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်မြောင်း/ ရေတွင်း/ ရေကန်၊ လျှပ်စစ် မီးလင်းရေးနှင့် အခြားဒေသဖွံ့ဖြိုးရေးကဏ္ဍများကို ပြည်ထောင်စုရန်ပုံငွေ၊ ပြည်ထောင်စု လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေနှင့် ဒေသအစီအစဉ် အလှူရှင် များ၏ ဆောင်ရွက်မှုစသည်ဖြင့် လုပ်ငန်းပေါင်း ၆၄၆၀ ကို ငွေကျပ်သန်းပေါင်း ၂၇၅၂၄၉ ဒသမ ၉၄၈ သန်း သုံးစွဲအကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း လုပ်ငန်းကဏ္ဍအသီးသီးတွင် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သန်းပေါင်း ၄၁၉၇၇ ဒသမ ၄၂၂ သန်းဖြင့် လုပ်ငန်းပေါင်း ၇၃၄ ခု၊ လွှတ်တော်ဘတ်ဂျက် ငွေကျပ်သန်းပေါင်း ၅၇၄ ဒသမ ၇၆၅ သန်းဖြင့် လုပ်ငန်းပေါင်း ၁၉၆ ခုနှင့် နေပြည်တော်ကောင်စီဘတ်ဂျက် ငွေကျပ်သန်းပေါင်း ၈၁၈ သန်းဖြင့် လုပ်ငန်းပေါင်း ၈၁၈ ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။
နေပြည်တော်အတွင်း ကဏ္ဍအလိုက် နှစ်စဉ်စီမံကိန်း လျာထားချက်များကို ပြည့်မီ အောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၈ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် လူတစ်ဦးချင်း ပျှမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ယာယီ စာရင်းအရ ငွေကျပ် ၁၀၂၈၈၉၄ ဒသမ ၆ သန်းဖြစ်ပြီး ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၂၀၂၉၉၅၂ သန်းရရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း။
နေပြည်တော်ကောင်စီ၏ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက် လုပ်ကိုင်ရ မည့် လုပ်ငန်းများအနေဖြင့် လုပ်ငန်းခေါင်းစဉ်ကြီး ၆ ခုတွင် လုပ်ငန်းပေါင်း ၈၅၀ အတွက် ငွေကျပ်သန်းပေါင်း ၁၁၂၂၆၆ ဒသမ ၅၅၄ သန်း ခွင့်ပြုချထားပေး ပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်များနှင့်အညီ စံချိန်စံညွှန်းကိုက်ညီအောင် ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက သံရုံးများပြောင်းရွှေ့ရန် အဆိုပြုတင်ပြထားခြင်း နှင့်စပ်လျဉ်း၍မေးမြန်းရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းဇော် တို့က နေပြည်တော်တွင် နိုင်ငံခြား သံရုံးများ ဆောက်ရန်မြေနေရာ ရောင်းချထားပြီး နိုင်ငံအလိုက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြေနေရာလဲလှယ်ရန် ဆောင်ရွက်နေသည့် နိုင်ငံများလည်း ရှိပါကြောင်း၊ အဆိုပြုထားပြီး လာရောက်မယူနိုင်သေးသည့် သံရုံးများလည်း ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြား ရေး ဝန်ကြီးဌာနနှင့် အပြန်အလှန် မြေနေရာလဲလှယ်ရန် စီစဉ်နေပြီး ကျန်ရှိသည့်နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်နေပါကြောင်း။
မြေငှားခပေးသွင်းပြီး စာချုပ်ချုပ်ထားသည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား နိုင်ငံတို့နှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံသဘောတူညီပြီး မြေကွက်လဲ လှယ်ရန် စာချုပ်ချုပ်ဆိုထားသည့်နိုင်ငံများမှာ ဘရူးနိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ ဖြစ် ကြောင်း၊ မြေငှားစာချုပ်ချုပ်ဆိုရန် ပြင်ဆင်ဆောင်ရွက်နေသည့် နိုင်ငံများမှာ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့ဖြစ်ပါကြောင်း၊ မြေငှားစာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေ သည့်နိုင်ငံ ၁၁ နိုင်ငံနှင့် ကမ္ဘာ့ဘဏ်စသည့် အဖွဲ့အစည်းများနှင့် သံတမန်ဇုန်တွင် မြေငှားရမ်း နိုင်ရန် အတွက် အဆိုပြုထားပါကြောင်း၊ မြန်မာနိုင်ငံသို့ အမေရိကန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါ၊ ရုရှား၊ တူရကီ၊ စင်ကာပူ၊ ကူဝိတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်းနှင့် ကမ္ဘာ့ဘဏ် တို့က အဆိုပြုထားပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ဖြစ်ပွားနေကာလဖြစ်သည့်အတွက် နေပြည်တော်ရှိ စားသောက်ဆိုင်များ ပိတ်ထားရသည့် ၃ လတာအတွက် အခွန်ဖြေလျော့ပေးမှု၊ ဈေးကောက် လေလံ ဖြေလျော့ပေးမှု၊ Max Myanmar ဟိုတယ်နောက်ရှိ မြေနေရာအား ချထားပေးမည့် အစီအစဉ်နှင့် ဘတ်ဂျက်အခြေအနေ၊ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်း ကျောင်း နေရာချထားပေးမှု၊ နေပြည်တော်အတွင်း တရားဉပဒေစိုးမိုးရေး ဆောင်ရွက် ထားရှိမှု၊ နေပြည်တော် စိမ်းလန်းစိုပြေရေးအတွက် တစ်လတာ သစ်ပင်ပန်းပင်စိုက်ပျိုး ရေလောင်း စရိတ်၊ နေပြည်တော်ရှိ သရက်ခြံစီမံကိန်းအခြေအနေ၊ လရောင်တောစီမံကိန်း ဆောင်ရွက် ပြီးစီးမှုရာခိုင်နှုန်း၊ နေပြည်တော်အတွင်း ဖြစ်ပွားလျက်ရှိသည့် မှုခင်းများကို မြန်ဆန်ထိ ရောက်စွာ ဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ ဝန်ထမ်း အိမ်ရာများတွင် လုံခြုံရေးကြပ်မတ်ဆောင်ရွက်မှုအခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်း ကြရာ တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့၏ သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ (ဟန်မျိုးစိုး၊ ကေတာ)



Bookmark the permalink.

Comments are closed.