ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အခြေခံပညာကျောင်းများတွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သင်ရိုးသစ် ဒသမတန်း(Grade-10) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများသို့ လှည့်လည်ကြည့်ရှုအားပေး


Date : 6 July, 2020

1

June 6

နေပြည်တော် ဇူလိုင် ၆

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းများပြန်ဖွင့်ချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်နှင့်အညီ ဆရာဆရာမ၊ကျောင်းသား ကျောင်းသူများ COVID-19 ရောဂါကာကွယ်မှုစနစ်ဖြင့် ကျောင်းတက်ရန် သရုပ်ပြစီစဉ် ဆောင်ရွက်ထားမှုများကို ကြည့်ရှုအားပေး၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားသည်။

ဆက်လက်၍ ကျောင်းဆောင်အတွင်း COVID-19 ရောဂါကာကွယ် တားဆီးရေး၊ ကျောင်းအပ်နှံရေး လုပ်ငန်းစီမံချက် များနှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ် ဆောင်ရွက်မည့်အစီ အစဉ်များ၊ စာသင်ခန်းအတွင်း စာသင်ခုံ စီစဉ်ဆောင်ရွက်ထားမှုများ၊ စာသင်ခန်း၊စာသင်ခုံတို့အရ အနည်းဆုံးရှိသင့်သောဆရာဦးရေ၊ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များရောက်ရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်မီ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်စီစဉ်ဆောင်ရွက်ထားမှုများကို တာဝန်ခွဲဝေသတ်မှတ် ချက်၊ စိစစ်ချက်မှတ်တမ်းများဖြင့်စိစစ်၍ စနစ်တကျစီမံဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ကျောင်းကားများ လိုက်နာရမည့် လမ်းညွှန်ချက်များကို အသိပေးဖြန့်ဝေပြီးဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘပြည်သူများ၊ သက် ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စနစ်တကျတာဝန်ခွဲဝေပြီးအဆင့်ဆင့်ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်မှာကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး အခြေခံပညာကျောင်းများပြန်လည်မဖွင့်မီ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်အညီ ရေနှင့်ဆပ်ပြာ၊ လက်ဆေးဂျယ်(Hand Sanitizer Gel)၊ သန့်စင်ခန်း၊ ကျောင်းသားဦးရေအရ ဖြန့်ဝေမည့် ကိုယ်ပူချိန်တိုင်း ကိရိယာ (Infrared Thermometer) များ ရောက်ရှိမှု၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည်အသုံးပြုနိုင်သော အဝတ် Mask၊ Face Shield၊ PPE ၊ အရန်ခန်း၊ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများ၊ မှတ်တမ်းစသည့် ကြိုတင်စီစဉ် ဆောင်ရွက်ထားမှုများကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ လယ်ဝေးမြို့ အထက(၁)တွင် ဆောင်ရွက်နေသည့် သင်ရိုးသစ် ဒသမတန်း (Grade-10) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများသို့ သွားရောက်ကြည့်ရှု၍ အရည်အသွေးရှိသော ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ဆရာဆရာမများ၏ အားထုတ်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်မှုများဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်ကာလတွင် စာသင်ချိန်၊ သင်ယူတတ်မြောက်မှု ကောင်းမွန်စေမည့် သင်ရိုးညွှန်းတမ်းနှင့် အကဲဖြတ်စစ်ဆေးခြင်း စသည့်လိုအပ်ချက်များ၊ အခက်အခဲများတို့ကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးနေပါကြောင်း၊ ဆရာဆရာမများ၏ သင်ကြားသင်ယူမှုအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်နေမှုများကို ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းစသည်ဖြင့် အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ဆရာဆရာမ၊ကျောင်းသား ကျောင်းသူများ COVID-19 ရောဂါ ကာကွယ်မှုဆိုင်ရာ လမ်းညွန်ချက်များအရ ကျောင်းတက် ကျောင်းဆင်းရန် သရုပ်ပြစီစဉ် ဆောင်ရွက်ထားမှုများ၊ လက်ဆေးဘေစင်၊ စာသင်ခန်း စာသင်ခုံ စီစဉ်ဆောင်ရွက်ရှိမှုများ၊ သင်ရိုးသစ် ဆင့်ပွားသင်တန်းများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။



Bookmark the permalink.

Comments are closed.