ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကမ္ဘာ့ဘဏ်နှင့်ကျင်းပသော အွန်လိုင်းအစည်းအဝေး တက်ရောက်ဆွေးနွေး


Date : 9 July, 2020

1

July 9

နေပြည်တော် ဇူလိုင် ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ကမ္ဘာ့ဘဏ်နှင့်ကျင်းပသော အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။ အဆိုပါအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် ကမ္ဘာ့ဘဏ် ပညာရေးအထူးအရာရှိ Mr. Saurav Dev Bhatta နှင့် Ms. Mar Mar Thwin နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအား ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ဘောလ်ပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဒေသ အသီးသီးရှိ ကျောင်းသားများအား အထူးသဖြင့် တိုင်းရင်းသားဒေသများ၊ ဝေးလံခေါင်းပါးဒေသများ၊ စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသော တိုင်းဒေသကြီး ပြည်နယ်များမှ ကျောင်းသားများအား ကျောင်း လွယ်အိတ်များ၊ ကျောင်းဝတ်စုံများ၊ ထီးများ ထောက်ပံ့ပေးရန်ဆန္ဒရှိပါကြောင်း။

ကျောင်းသားများ ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အာဟာရဓာတ်ပြည့်စုံရန် အရေးကြီးသည်ဖြစ်ရာ ကျောင်းတွင်း နေ့လယ်စာကို ဒေသထွက်အစားအစာများဖြင့် ဖြည့်စွက်ကျွေးမွေးလိုပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီးနှင့် IDP စခန်းများတွင် ခန့်ထားသော တိုင်းရင်းသားဘာသာစကားသင်ဆရာ (Language Teachers) များ၊ သင်ကြားရေး အထောက်အကူပြုဆရာ (Teaching Assistants) များ၊ လုပ်အားပေးဆရာ (Volunteers Teachers) များ၏ အရည်အသွေးမြှင့်တင်ရေးသင်တန်းများ ပို့ချပေးရန် ကမ္ဘာ့ဘဏ်မှ အကူအညီရယူလိုပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ မသန်စွမ်းကလေးများအား သင်ကြားပြသပေးနေသော ဆရာများအားလည်း သင်ကြားနည်းစနစ်များ ပံ့ပိုးပေးလိုပါကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားမိသားစုများအတွက် ကျောင်းပြင်ပမူလတန်းပညာရေးကို အားပေးနိုင်ရန်အတွက်လည်း ကမ္ဘာ့ဘဏ်မှ ကူညီစေလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဘဏ် ပညာရေးအထူးအရာရှိ Mr. Saurav Dev Bhatta နှင့် Ms. Mar Mar Thwin နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပညာရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရှိသည်။



Bookmark the permalink.

Comments are closed.