အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 20 July, 2020

1

July 20

နေပြည်တော်   ဇူလိုင်   ၂၀

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေများကြောင့် ခေတ္တ ရပ်နားထားရသည့် အခြေခံပညာအထက်တန်းကျောင်းများအား COVID-19  ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ညှိနှိုင်းအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးသိမ်းကြီးနှင့်  ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တို့ ဦးဆောင် တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ   ညှိနှိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာနနှင့်မှ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်းများအား COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ဆန်းစစ်ရန်စာရင်း (checklist) များ အသုံးပြု၍ စစ်ဆေးခဲ့မှုအခြေအနေများ၊ ရရှိလာသည့် ရလဒ်များအပေါ်မူတည်၍ လက်ရှိအခြေ အနေအရ ဖွင့်လှစ်ခွင့်ပြုရန် လိုအပ်ချက်များ ပြည့်မီသည့်ကျောင်း (အဆင့်-A)၊ ထပ်မံဖြည့်ဆည်းရန် လိုအပ်သည့်ကျောင်း (အဆင့်-B)၊ အထူးထပ်မံဖြည့်ဆည်းရန် လိုအပ်သည့်  ကျောင်း (အဆင့်-C) ခွဲခြားသတ်မှတ်၍ ရရှိလာသည့် အခြေအနေများနှင့် ထိုအခြေအနေများကို သုံးသပ်ဆွေးနွေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၏ အမြင်များ၊ အကြံပြုမှုများနှင့် စဉ်ဆက်မပြတ် ဆန်းစစ်ကြီးကြပ်ခြင်း လုပ်ငန်းများကို ကျောင်းတွင်းတွင်   ဆန်းစစ်ကြီးကြပ်မည့်   အဖွဲ့များဖွဲ့စည်းခြင်းနှင့်   မြို့နယ်အဆင့်နှင့်   တိုင်းဒေသကြီး/ ပြည်နယ်အဆင့်  ကွပ်ကဲရေးအဖွဲ့နှင့်  အဆင့်ဆင့်ကြီး ကြပ်ဆောင်ရွက်ရေး လုပ်ငန်းများအပေါ်  အသေးစိတ်ပြန်လည် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

အစည်းအဝေး၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေး ကင်းသည့် အခြေခံပညာအထက်တန်း အဆင့်သင်ကျောင်းများ   ပြန်လည်ဖွင့်လှစ်ရန်အတွက်   အထွေထွေ အုပ်ချုပ် ရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်များ၊ အခြေခံ ပညာဦးစီးဌာန၊ မိဘဆရာ အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော  အဖွဲ့များ ဖွဲ့စည်းကာ ဇူလိုင် ၁၇ ရက်မှစ၍  ဇူလိုင် ၂၀ ရက် နံနက်ပိုင်း အထိ အခြေခံပညာအထက်တန်းအဆင့်ကျောင်း စုစုပေါင်း ၇၁၇၃ ကျောင်းများအနက်  ၅၈၃၀ ကျောင်းတို့အား   ဆန်းစစ်အကဲဖြတ်ဆောင်ရွက်ရာတွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ၃၇၇၂ ကျောင်း၊ ဖြည့်ဆည်းရန် လိုအပ်သော (B အဆင့်) ကျောင်း ၁၂၂၀၊ ဖြည့်ဆည်းရန် အထူးလိုအပ်သော (C အဆင့်)  ကျောင်း  ၈၃၈  ကျောင်းဖြစ်ကြောင်း  စိစစ်တွေ့ ရှိခဲ့ရကြောင်း နှင့်   အစည်းအဝေးဆွေးနွေး ဆုံးဖြတ်ချက်အရ အဆင့်-A ရရှိသည့် အခြေခံပညာ အထက်တန်းကျောင်း ၃၇၇၂  ကျောင်းအား မူလစီစဉ် ထားသည့်အတိုင်း ၂၀၂၀ ပြည့်နှစ်  ဇူလိုင် ၂၁ ရက်မှစတင်၍  ဦးစွာဖွင့်လှစ်ခွင့်ပြုရန်  ဆွေးနွေးခဲ့ပြီး အဆင့်-B ရရှိသည့် ကျောင်း ၁၂၂၀၊ အဆင့်-C ရရှိသည့် ၈၃၈ ကျောင်းတို့ကို ဒုတိယ အဆင့်အနေဖြင့် ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ပါကလည်း  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနှင့်    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ   ကိုယ်စားလှယ်များ၊   မိဘ ဆရာအသင်း များမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့များဖြင့် မြို့နယ်အလိုက် စဉ်ဆက်မပြတ် အဆင့်ဆင့် ဆန်းစစ် ကြီးကြပ် ခြင်းနှင့်   ရှောင်တခင်စစ်ဆေးခြင်းတို့ကို   ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိသူ  ၄၀  ခန့် တက်ရောက်ဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ ၁၇  ဦးက Video Conferencing  ဖြင့် တက်ရောက်ခဲ့ကြသည်။



Bookmark the permalink.

Comments are closed.