ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲကျင်းပ


Date : 29 July, 2020

2

July 29

နေပြည်တော် ဇူလိုင် ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံပွဲကို ယနေ့ နေ့လယ် ၂ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က “နိုင်ငံတိုးတက်ရေးအတွက် မိမိတို့လူငယ်တွေ ပညာလမ်း ဆက်လျှောက်နိုင်ဖို့ ခြေလှမ်းတွေမပျက်အောင် ကျောင်းသူ၊ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရအားလုံး ဝိုင်းပြီး ရုန်းရမဲ့အချိန်ပါ၊ အင်အားတွေဖြည့်ကြပါ၊ ကမ္ဘာ့ပညာရေး အဆင့်မြင့်ဆုံးနိုင်ငံအချို့မှာလို မိမိတို့နိုင်ငံမှာလည်း အစိုးရကျောင်းတွေက အကောင်းဆုံးပညာသင်ပေးနိုင်တဲ့ အခြေအနေကို ရောက်ရှိစေချင်ကြောင်း” ဟုလမ်းညွှန် မှာကြားထားပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်၍ လုံခြုံဘေးကင်းပြီး သင်ယူမှုမဆုံးရှုံးစေရေး အတွက် အလေးထား စီမံဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းများအားလုံးတွင် လုံခြုံဘေးကင်း ရေး၊ ကျောင်းထွက်မှု အနည်းဆုံးဖြစ်ရေး၊ သင်ယူ တတ်မြောက်မှု ပြည်လည်ကောင်းမွန်လာရေးတို့ကို စဉ်ဆက်မပြတ် အဆင့်ဆင့်စီမံ ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာအထက်တန်းအဆင့်သင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး (၁၇-၇-၂၀၂၀) ရက်နေ့မှစ၍ ဆက်စပ်ဦးစီးဌာနများနှင့်ပူးပေါင်း၍ကော်မတီများ ဖွဲ့စည်းပြီး COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်း ဆန်းစစ်ပုံစံ(Check List) များဖြင့် ဆန်းစစ် စိစစ်အကဲဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၁-၇-၂၀၂၀ ရက်နေ့မှစ၍ အခြေခံပညာ အထက်တန်းအဆင့်ကျောင်း စုစုပေါင်း(၃၉၉၉) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းအတွက် Check List ဖြင့် ဆန်းစစ်စိစစ်အကဲဖြတ်ပေးကြသော တာဝန်ရှိသူများအားလုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ မိဘဆရာအသင်းများ၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ ကျောင်းအုပ်များ၊ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ အလှူရှင်များ၊ ပူးပေါင်းဖြည့်ဆည်းဖြေရှင်းပေးကြ သူများအားလုံးတို့ကို အထူးကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊

ကျောင်းအုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူ များ၊ မိဘအုပ်ထိန်းသူများ၊ ပြည်သူများအားလုံး ပုံမှန်ထက် ပင်ပင်ပန်းပန်း ဆောင်ရွက်နေကြတာကို အသိအမှတ်ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကလေးများ၏ အနာဂတ်သည် နိုင်ငံတော်၏အနာဂတ်ဖြစ်သည်ဟု ခံယူ၍ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ထို့ကြောင့် သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်စေရေးအတွက် အရည်အသွေးရှိသောပညာရေးကို ဦးတည်ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ သို့သော် နှစ်ပေါင်းများစွာ ပညာရေးအားနည်းခဲ့သောကြောင့် ဖြေရှင်း ဖြည့်ဆည်းရန် များပြားပါကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင် အားလုံးအတွက် အဆင်မပြေမှုများ၊ အခက်အခဲများတို့ကို အပြုသဘောဖြင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနတွင် စာရင်းရှိ အခြေခံပညာအထက်တန်းအဆင့် ကျောင်း စုစုပေါင်း (၇၁၇၃)ကျောင်း ရှိသည့် အနက် ၂၀-၇-၂၀၂၀ ရက်နေ့တွင် ကျောင်းပြန်လည် ဖွင့်လှစ်ရန် အဆင်သင့်(A အဆင့်)ဖြစ်ခဲ့သဖြင့် ၂၁-၇-၂၀၂၀ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်း စုစုပေါင်း(၃၇၇၂)ကျောင်း၊ ၂၁-၇-၂၀၂၀ ရက်နေ့ တွင် ထပ်မံအဆင်သင့် (A အဆင့်)ဖြစ်သည့် ကျောင်း(၂၂၇)ကျောင်းဖြစ်သဖြင့် ၂၂-၇-၂၀၂၀ ရက်နေ့မှ စ၍ ဖွင့်လှစ်လျက်ရှိသည့်ကျောင်း စုစုပေါင်း (၃၉၉၉)ကျောင်းရှိပါကြောင်း၊

(COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါကြောင့် ပိုမိုထောက်ပံ့ပေးရန်လိုအပ်လာပါသဖြင့် ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းကျောင်းသား ကျောင်းသူအားလုံးတို့ကို ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၂)ချောင်း၊ ဘောပင်(၂)ချောင်းစီ အခမဲ့ဖြန့်ဝေရန်လည်း စီစဉ်ဆောင်ရွက် ထားပါကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားဦးရေ စုစုပေါင်း(၁.၁)သန်းဝန်းကျင် ရှိပြီး တစ်ပတ်ခြားကျောင်းတက်ရခြင်းဖြစ်သဖြင့် နေ့စဉ်ကျောင်းတက်သည့် ကျောင်းသားဦးရေမှာ (၆)သိန်းဝန်းကျင်ရှိပါကြောင်း၊

(B အဆင့်) နှင့် (C အဆင့်)တို့အား ထပ်မံဆန်းစစ် စိစစ် အကဲဖြတ် ခဲ့ရာတွင် ၂၃-၇-၂၀၂၀ ရက်နေ့၌ အဆင်သင့်(A အဆင့်) ဖြစ်သည့် ကျောင်း (၁၁၄၀) ကျောင်း ရှိပါကြောင်းနှင့် ၂၇-၇-၂၀၂၀ ရက်နေ့၌ အဆင်သင့် (A အဆင့်) ဖြစ်သည့်ကျောင်း (၂၄၅)ကျောင်း တို့၏ ၂၇-၇-၂၀၂၀ ရက်နေ့၌ ထိုကျောင်းအမည် စာရင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ပူးတွဲပေးပို့၍ ပေါင်းစပ် စိစစ်အကဲဖြတ် အတည်ပြုနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

စာရင်းရှိ အခြေခံပညာအထက်တန်းအဆင့်ကျောင်း စုစုပေါင်း (၇၁၇၃)ကျောင်း ရှိသည့် အနက် ၂၈-၇-၂၀၂၀ ရက်နေ့အထိ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် တားဆီးရေး လုပ်ငန်း ဆန်းစစ်ပုံစံ(Check List) များဖြင့် ဆန်းစစ် စိစစ် အကဲဖြတ် ဆောင်ရွက် ပြီးစီးသည့်ကျောင်း စုစုပေါင်း ( ၇၀၀၄ ) ကျောင်းရှိပြီး အဆင်သင့် (A အဆင့်)ဖြစ်၍ ဖွင့်လှစ်လျက် ရှိသည့်ကျောင်း စုစုပေါင်း (၃၉၉၉) ကျောင်းရှိပါကြောင်း၊ (B အဆင့်) နှင့် (C အဆင့်) တို့အား ထပ်မံ ဆန်းစစ် စိစစ်အကဲဖြတ်ခဲ့ရာတွင် အဆင်သင့်(A အဆင့်) ဖြစ်သည့် ကျောင်း (၁၃၈၅) ကျောင်း ရှိပါကြောင်း၊

ကျန်ရှိနေသော(B အဆင့်) နှင့် (C အဆင့်)ကျောင်းများကိုလည်း အမြန်ဆုံးပေါင်းစပ် ဖြည့်ဆည်းပေးရန်နှင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုချက်ရရှိရေးအတွက် စစ်ဆေးအကဲဖြတ်၍ ပြန်လည် တင်ပြရန်အလေးထားဆောင်ရွက်စေလိုပါကြောင်း၊ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်း ပြုစုထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့်အချက် များကို တိကျစွာလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

ကျောင်းသို့မလာမီနှင့်လာရောက်စဉ် မိဘနှင့်ကျောင်းသားကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ဆရာမနှင့်ကျောင်းသား ကျောင်းသူ များ လိုက်နာရမည့်အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစားနားချိန်တွင် ဆရာ၊ဆရာမနှင့် ကျောင်းသားကျောင်းသူများ လိုက်နာ ရမည့်အချက်များ၊ စာသင်ကြားပြီးကျောင်းမှအပြန်တွင် မိဘနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များတို့ကို လိုက်နာဆောင်ရွက်ရန်အတွက် အချိန်မီပြုစုတင်ပြရမည်ဖြစ် ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ ကွာခြားရန်အရေးကြီးသောကြောင့် စာသင်ခန်း တစ်ခန်းတွင် အများဆုံး (၂၀)ဦးအတွက်သာ ခုံစီရမည်ဖြစ်ပါကြောင်း၊

ကျောင်းချိန်များကိုလည်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူဦးရေ စုစုပေါင်းနှင့် စာသင်ခန်း စုစုပေါင်း တို့မှ တွက်ချက်၍ စာသင်ခန်း၊ ကျောင်းသားအချိုးအရ ပုံမှန်၊ တစ်ပတ်ခြား၊ တစ်ပတ်ခြား နှစ်သုတ်၊ တစ်ပတ်ခြား နှစ်သုတ် (၃)ရက်တက်သည့် ကျောင်းများအဖြစ် ဆရာဦးရေ၊ စာသင်ခုံတို့အခြေအနေအရ ပြန်လည်ပြင်ဆင်သတ်မှတ်သင့်ပါကြောင်း၊ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တို့ကိုလည်း စာသင်ချိန်တစ်ချိန်သာခြား၍ လူအုပ်စုမဖြစ်ပေါ်ရေး အလေးထား စီစဉ်ကြရမည်ဖြစ်ပါကြောင်း၊

ကျောင်းလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖွဲ့စည်း တာဝန် ပေးပြီး ဂိတ်တံခါးများအားလုံးဖွင့်၍ ကျောင်းသား၊ ဆရာ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆)ပေ ကွာခြား၍ ကိုယ်ပူချိန်တိုင်းခြင်း၊ စနစ်တကျ စက္ကန့်(၂၀)ကြာ လက်ဆေးခြင်း၊ စာသင်ခန်းတွင်း ဝင်ရောက်နေရာယူခြင်းဖြင့် သင်ကြား သင်ယူမှုများ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ဂိတ်တံခါးများတွင် နေ့စဉ် အဓိကလိုက်နာရမည့်အချက်အချို့ကိုသာ လက်ကိုင်စပီကာဖြင့် အသိပေး ရန် အရေးကြီးပါကြောင်း၊ နေ့စဉ် စာသင်ချိန်မစတင်မီ ကျောင်းသားကျောင်းသူ(၂၀)ဦးတို့က အလှည့်ကျ အဓိက လိုက်နာရမည့်အချက်အချို့ကိုသာဖတ်ကြား၍ ကျန်သောကျောင်းသား ကျောင်း သူများ အသိပညာပိုမိုရရှိစေရန် အရေးကြီးပါကြောင်း၊

စာသင်ချိန်တစ်ချိန်ပြီးတိုင်းလည်း Face Shield တပ်လျက် Mask ခနဖြုတ်၍ အသက်ရှူ လေ့ကျင့်ပေးရန်လည်းအရေးကြီးပါကြောင်း၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ကျောင်းပြောင်းလာသည့် ကျောင်းသား ကျောင်းသူများကိုလည်း ယခုပညာသင်နှစ်အတွင်း ကျောင်းပြောင်းလက်ခံဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊

အဆင်သင့်ဖြစ်၍ ပြန်လည်ဖွင့်လှစ်သော ကျောင်းများအားလုံး တို့တွင်လည်း နေ့စဉ် SOP, ညွှန်ကြားချက်များ တိကျစွာ ဆက်လက်လိုက်နာရန်၊ ကျောင်းအဆင့် ကြီးကြပ်ဆန်းစစ်ရေး အဖွဲ့များ ဖွဲ့စည်း၍ (COVID-19) ရောဂါ ကာကွယ် တားဆီးရေးလုပ်ငန်း ဆန်းစစ်ပုံစံ(Check List)များဖြင့် နေ့စဉ် ကြီးကြပ်ဆန်းစစ်ရန်၊ ဆန်းစစ်တွေ့ရှိချက်များ ပေါ်မူတည်၍ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးရန်၊ ကျောင်းချိန်အတွင်း ကိုယ်ပူချိန် မြင့်မားခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း စသည့် သံသယ လက္ခဏာများ တွေ့ရှိသူ ပေါ်ပေါက်လာပါက လမ်းညွှန်ချက်များနှင့် အညီ တာဝန်ယူဆောင်ရွက်ပေးရန်၊ ကျောင်း အလိုက် ဖျားနာသူ (ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်း) မရှိပါက မရှိကြောင်း (Zero Reporting) အား ကျောင်းဆင်းချိန်တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြီးကြပ်ဆန်းစစ်အဖွဲ့သို့ နေ့စဉ် ပေးပို့ရန်၊ (COVID-19) ရောဂါနှင့် ပတ်သက်၍ ထူးခြားဖြစ်စဉ်များ ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာန သို့ လည်းကောင်း၊ အထက်အဆင့်ဆင့်သို့လည်းကောင်း အချိန်နှင့် တစ်ပြေးညီ တင်ပြရန်၊ ဆန်းစစ် တွေ့ရှိချက်များကို အဖွဲ့မှ နေ့စဉ်၊ အပတ်စဉ် ပြန်လည်သုံးသပ်၍ မြို့နယ်အဆင့် ကြီးကြပ် ဆန်းစစ်ရေး အဖွဲ့သို့ အပတ်စဉ် ပုံမှန် တင်ပြရန်၊ မြို့နယ်အဆင့် ကြီးကြပ် ဆန်းစစ်ရေးအဖွဲ့၊ မြို့နယ်အတွင်းရှိ ကျောင်းများသို့ လှည့်လည် ကြီးကြပ် ဆန်းစစ်နိုင်မည့် အဖွဲ့ငယ်များ(Monitoring Squad)၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ပြည်နယ် အဆင့် ကြီးကြပ် ဆန်းစစ်ရေးအဖွဲ့၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိ မြို့နယ် များသို့ လှည့်လည်ကြီးကြပ် ဆန်းစစ်နိုင်မည့် အဖွဲ့ငယ်များ(Monitoring Squad) ဖွဲ့စည်း၍ နေ့စဉ် ညနေတိုင်း အဆင့်ဆင့် ပေးပို့တင်ပြရန်၊ ဝန်ကြီးရုံးမှ ဖွဲ့စည်းနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ အခက်အခဲ၊ ပြဿနာများ ပူးပေါင်းဖြေရှင်းရန်လိုပါကြောင်း၊

(COVID-19) ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ၏ အခြေအနေအရ အထက်တန်းအဆင့် ကျောင်းဖွင့်လှစ်ရာတွင် တွေ့ကြုံရမည့် လိုအပ်ချက်၊ အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်း များအား တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးဖွင့်လှစ်သည့် အထက်တန်းကျောင်းဖွင့်သည့် ရက်မှ (၁)လ အကြာတွင် (COVID-19) ရောဂါ ကူးစက်ခံရမှုမရှိမှသာ အခြေခံပညာ အလယ်တန်း အဆင့်ကျောင်းများဖွင့်လှစ်ရန် လျာထားပါကြောင်း၊

နောက်ဆုံးဖွင့်လှစ်သည့်အထက်တန်းအဆင့် ကျောင်းဖွင့်သည့်ရက်မှ ရက်သတ္တပတ်(၃)ပတ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် ဖွင့်လှစ်ရန် သတ်မှတ်သော ကျောင်းများအား ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ က Check list (၈၀)ချက်နှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေးသွားရန်နှင့် စစ်ဆေးတွေ့ရှိ ချက်အား တင်ပြရမည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်ပါကြောင်း၊

ကျောင်းသားကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် စုပေါင်းအားဖြင့် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က (COVID-19) ရောဂါကာကွယ် တားဆီးရေးဆောင်ရွက်ခြင်း၊သင်ကြားသင်ယူမှု ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် အဆင့်ဆင့် စီမံ ကြီးကြပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေး ပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.