ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူးခရိုင် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ


Date : 9 August, 2020

1

output_KCesCk

နေပြည်တော် ဩဂုတ် ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူးခရိုင် ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထွက်သည့်နေ့ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူများအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မအောင်မြင်သူများအတွက် အထူးစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် အကောင်းဆုံး ပြန်လည်ကြိုးစား လျှောက်လှမ်းနိုင်ရေး အားပေးပါကြောင်း၊ ယခုနှစ်တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူများအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ထိုလက်မှတ်ဖြင့် သတ်မှတ်ထားသော နည်းပညာနှင့်သက်မွေးသင်တန်းများ ဆည်းပူးသင်ယူနိုင်ရန် အခွင့်အလမ်းရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေး အခြေခံပညာ အထက်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူပြည်သူများအားလုံး လိုက်နာဆောင်ရွက်၍ သင်ကြားသင်ယူကြရန် အရေးကြီးပါကြောင်း၊ ယခု အချိန်ကာလတွင် ကျောင်းသား ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေးတို့အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းအကောင်းဆုံးဖြင့် အပင်ပန်းခံဆောင်ရွက်ပေးနေကြသည့် ဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကူးစက်မြန်ရောဂါဖြစ်၍ အလေးအနက်ထား၍ နေ့စဉ် ကျောင်းအဆင့် Check List ဖြင့်စစ်ဆေးရန်၊ zero reporting ကိုလည်း ပုံမှန်နေ့စဉ်တင်ပြရန်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လေ့လာ ဆန်းစစ်သည့်အဖွဲ့များဖြင့် စစ်ဆေးရန်၊ Monitoring Squad များ ဖွဲ့စည်း ဆောင်ရွက်ရန်အရေးကြီးပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကဏ္ဍအသီးသီးတွင် အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှုများဖြင့် ကြုံတွေ့ကြရပါကြောင်း၊ အခက်အခဲ စိန်ခေါ်မှုကြားမှ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူမှုမဆုံးရှုံးရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အရည်အသွေး အကောင်းဆုံး ရရှိစေရေးအတွက် အားလုံးလက်တွဲကာ စေတနာ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ဆက်လက်၍ ဝိုင်းဝန်းပူးပေါင်းကူညီ အားဖြည့်ဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ ပညာရေးမှူးရုံးနှင့်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းများအလိုက် ဝက်ဘ်ဆိုက် များ တည်ဆောက်အသုံးပြုကြရန်နှင့် ဝက်ဘ်ဆိုက်များတွင် ပညာရေးလှုပ်ရှား ဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် အသိပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အခြေခံ ပညာအထက်တန်းကျောင်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား အဆင်ပြေချောမွေ့စွာဖြင့် သင်ကြားသင်ယူခွင့် ရရှိရေးအတွက် ဆရာ၊ စာသင်ခန်း၊ သန့်စင်ခန်း၊ စာကြည့်တိုက်၊ သောက်သုံးရေ၊ အိုင်စီတီ၊ ဝန်ထမ်းအိမ်ရာများ စသည့်လိုအပ်ချက်များကို ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။

တာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်စုပေါင်းအားဖြင့် ကျောင်းသား ကျောင်းသူများအားလုံးတို့ကို လူသားကောင်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သူများ၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ ပါကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေမှုများ ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်က ပညာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် ဆရာ ဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေး နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာတာဝန် ရှိသူများနှင့်တွေ့ဆုံကာ သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေးရာဆိုင်ရာ ကိစ္စရပ် များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ကိုဗစ်ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)နှင့် မကွေးပညာရေး ကောလိပ် များသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.