ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမူဝါဒနှင့် မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းစဉ်အတွက် ကျင်းပပြုလုပ်သည့် round table ဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြား


Date : 5 August, 2020

1

August 5

နေပြည်တော် သြဂုတ် ၅

အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမူဝါဒနှင့် မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းစဉ် အတွက် ကျင်းပပြုလုပ်သည့် round table ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် virtual (online)ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သုတေသနနှင့်တီထွင် ဆန်းသစ်မှုဉီးစီးဌာနနှင့် United Nations Economic and Social Commission for Asia and The Pacific (UNESCAP)တို့ပူးပေါင်း၍ မြန်မာ့သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒနှင့်မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကောင်းမွန်သောအခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု မူဝါဒနှင့်မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်တွင် နယ်သာလန်နိုင်ငံမှ ကျွမ်းကျင်သူများ၏ လေ့လာဆန်းစစ်မှုများ ပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာအဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ကဏ္ဍအလိုက် stakeholders roundtable ဆွေးနွေး ပွဲများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများပါဝင်ကြောင်း၊ ယခုအခါတွင် စွမ်းရည်မြှင့်သင်တန်းများပြီးမြောက်၍ ကဏ္ဍအလိုက် stakeholders roundtable ဆွေးနွေးပွဲများကို သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ နှင့် မဟာဗျူဟာရေးဆွဲရေးလုပ်ငန်းစဉ်တွင် သတင်းအချက်အလက်ကောင်းများ ရရှိနိုင်ရန်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်နိုင်ရုံသာမက၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် စဉ်ဆက်မပြတ် ရေရှည်တည်တံ့ စေခြင်းတို့ကိုပါ သိသာထင်ရှားစွာ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်မှာ မိမိတို့၏စွမ်းရည်ကို အရှိန်အဟုန်တစ်ခုဖြင့် မြှင့်တင်ခြင်း၊ နည်းပညာနှင့် လက်တွေ့လိုအပ်ချက်ကိုက်ညီသော သုတေသနများကို ကမာ္ဘ့နှင့်ရင်ဘောင်တန်းနိုင်သော စဉ်ဆက်မပြတ်ရေရှည်တည်တံ့ခိုင်မြဲမှုကိုဉီးတည်သည့် လူနေမှုဘဝတိုးတက်မှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်တို့ရရှိရန် တွန်းအားပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာ ရေးတွင် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံခြင်း၊ လက်တွေ့လိုအပ်ချက် ကိုက်ညီသော သုတေသနများပြုလုပ်ခြင်း၊ စွန့်ဉီးတီထွင်သူများနှင့် ဆန်းသစ်တီထွင်မှုကို အားပေးခြင်းကိစ္စများအား အစိုးရနှင့်အစိုးရ မဟုတ်သော အဖွဲ့အစည်းများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အင်မတန်အရေးကြီးပါကြောင်း၊ ယခုကဲ့သို့ round table ဆွေးနွေးပွဲများမှ ကဏ္ဍအလိုက်အားလုံး အဖြေရှာထားသော အားနည်းချက် အားသာချက်များအား ရှာဖွေရရှိနိုင်ပြီး အဓိက ဉီးစားပေးလိုအပ်ချက်များကိုဖေါ်ထုတ်နိုင်ခြင်း၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများသည် ထိုအားနည်းချက်၊ အားသာချက်တို့အား ကျော်လွှားရန် အထောက်အပံ့ကောင်းများ ပေးနိုင်ခြင်း၊ အနာဂတ်လူငယ်များအား ပြည်တွင်းပြည်ပယှဉ်ပြိုင်မှုများအတွက် အားပေးနိုင်ခြင်းတို့ရရှိ မည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသောသူများအနေဖြင့် round table discussions တွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ round table discussion အား အစီအစဉ်အတိုင်း ညနေ ၅ နာရီအထိ ကျင်းပခဲ့ရာ တက်ရောက်လာကြသူအားလုံးအား ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီး ကဏ္ဍအလိုက်စိန်ခေါ်မှုများ၊ လိုအပ် ချက်များ ရှာဖွေကြကာ ၎င်းတို့အား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများဖြင့် အကူအညီပေးနိုင်မည့် နည်းလမ်းများရှာဖွေခဲ့ကြသည်။

Round table discussions များအား အဓိကဉီးစားပေး ကဏ္ဍငါးခုဖြစ်သည့် လှုမှုဖူလုံရေး/ ကျန်းမာရေး၊ လျှပ်စစ်စွမ်းအင်၊ သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ ကုန်ထုတ် လုပ်ငန်းဟူ၍ ခွဲကာ ဩဂုတ်လ (၁၂)ရက်အထိ ဆက်လက်ကျင်းပမည်ကြောင်း သိရှိရသည်။

အဆိုပါ round table ဆွေးနွေးပွဲသို့ အစိုးရဝန်ကြီးဌာန အသီးသီးတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သော ပြင်ပမိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ UNESCAP မှ ပူးပေါင်းဆောင်ရွက်သော အရာရှိကြီးများ၊ နယ်သာလန်နိုင်ငံမှ မူဝါဒရေးဆွဲရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တို့ တက်ရောက်ခဲ့ကြာင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.