COVID-19 ကပ်ရောဂါကာလအတွင်းအခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 11 August, 2020

8

August 11

နေပြည်တော် သြဂုတ် ၁၁

COVID-19 ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အပြန်အလှန်ချိတ်ဆက် ဆွေးနွေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် COVID-19 ကပ်ရောဂါကာလအတွင်း အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်(၈၀) ပါဝင်သော ဆန်းစစ်ချက်များဖြင့် အထက်တန်းဆင့်ကျောင်းများအား စစ်ဆေးအကဲဖြတ်လျှက် ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်းဆင့် ကျောင်းပေါင်း (၇၁၇၃) ကျောင်းအနက် (၇၁၁၁)ကျောင်းအား စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ယနေ့အထိ လိုအပ်ချက်များ ပြည့်စုံမှုရှိသော A အဆင့်(၄၁၅၆) ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေးလျှက်ရှိပါကြောင်း၊ လိုအပ်ချက်များပြည့်စုံ၍ A အဆင့်ရရှိပြီးသောကျောင်းများအား အမြန်ဆုံး ဆက်လက်ဖွင့်လှစ်ခွင့် ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း၊ ဖြည့်ဆည်းရန်လိုအပ်သော ကျောင်းများ၏ လိုအပ်ချက်များကို အခြေခံပညာဦးစီးဌာနအနေဖြင့် ချက်ခြင်းဖြည့်ဆည်းပြီး အမြန်ဆုံး ဖွင့်လှစ်ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဖွင့်လှစ်ခွင့်ရရှိပြီးသော ကျောင်းများအားလုံးသည်လည်း ကျောင်းအဆင့် ကြီးကြပ်စစ်ဆေးရေး အဖွဲ့များက အဆင့်Aအဖြစ် အမြဲတည်တံ့နေစေရန် နေ့စဉ်ဆန်းစစ် ဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်စစ်ဆေးရေး အဖွဲ့များသာမက Monitoring Squad များကလည်း ရှောင်တခင်ဆန်းစစ်မှုများ ဆောင်ရွက်မည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းအလိုက် ထူးခြားမှု အခြေအနေများကိုလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ နေ့စဉ်ပေးပို့ရန်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့လည်း မိတ္တူပေးပို့ရန် ဖြစ်ပါကြောင်း၊ မည်သည့်အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းမဆို ဘော်ဒါထားရှိခြင်း လုံးဝခွင့်ပြုထားခြင်း မရှိပါကြောင်း၊ အထက်တန်းဆင့် ကျောင်းများအားလုံး ဖွင့်လှစ်ပြီးနောက်ထပ် ရက်သတ္တပတ်(၃)ပတ် အကြာမှသာ အလယ်တန်းဆင့် ကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အထက်တန်းဆင့်ကျောင်းများကဲ့သို့ အချက်(၈၀)ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့် စစ်ဆေးမည်ဖြစ်ပါသဖြင့် လိုအပ်ချက်များအားလုံး ပြည့်စုံအောင် ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အချက်(၈၀)ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့် စစ်ဆေးရန်အလွန်ခက်ခဲသော ဒေသများရှိ ကျောင်းစာရင်းရှိပါကလည်း ခက်ခဲမှုအခြေအနေနှင့်အတူ အမြန်ဆုံးတင်ပြရန် လိုအပ်ပါကြောင်း စသည်ဖြင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူတို့က ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများက COVID-19 ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.