ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး Industry 4.0 in Myanmar အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်


Date : 31 August, 2020

1

Aug 31

နေပြည်တော် ဩဂုတ် ၃၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ (AHK Myanmar)က Industry 4.0 in Myanmar ခေါင်းစဉ်ဖြင့် ကျင်းပသည့် အွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် စက်မှုနည်းပညာသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက် ရှိရာတွင် Internet of Things (IOT), Big Data, Artificial Intelligence (AI) နှင့် Robotics ကဲ့သို့သော နည်းပညာများသည် စက်ရုံအလုပ်ရုံများကို သက်ရောက်မှုရှိစေရုံမက လူသားများ၏ အလုပ်အကိုင်များကို အစားထိုးနေရာယူလာနေသည်ကို တွေ့ရှိရပါကြောင်း၊

Roland Berger နှင့် မြန်မာနိုင်ငံဆိုင်ရာဂျာမန်စက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ (AHK Myanmar) တို့ ပူးပေါင်း ပြုစုသည့် “ Industry 4.0 in Myanmar: Leapfrogging across sectors and how to overcome the barriers” သုတေသနစာတမ်းအတွက်လည်း ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊

မြန်မာနိုင်ငံ အနေဖြင့်လည်း မိုဘိုင်းဆက်သွယ်ရေး၊ ငွေကြေးဆက်သွယ်ရေး၊ အီလက်ထရောနစ်စီးပွားရေးနှင့် စမတ်စီးတီးနယ်ပယ်များတွင် ဒီဂျစ်တယ်နည်းပညာကို အသုံးပြုလုပ်ကိုင်လျက် တိုးတက်မှုများကို မြင်တွေ့နေရပါကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါဘေးကာလတွင် သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးရေးအတွက် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့သည် အရေးပါသည်မှန်သော်လည်း ၂၁ ရာစု အရည်အသွေးများအတွက် အရည်အသွေးပြည့်ဝသောဆရာများနှင့် စာသင်ခန်းတွင်း သင်ယူရေး၊ ကျောင်းသားများ၏ Soft Skills များကို မြှင့်တင်ပေးရေးတို့မှာလည်း အရေးပါသော ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေဆဲဖြစ်ပါကြောင်း၊

Industry 4.0 ခေတ်ကာလတွင် အလုပ်အကိုင် ကောင်းကောင်းရရှိရေးအတွက် ယှဉ်ပြိုင်ရာတွင် လိုအပ်သော တတ်ကျွမ်းမှုများရရှိစေရန် အကျိုးရှိသည့် ဘာသာရပ်များကို ဘဝတစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ရရှိစေရန်အတွက် High-tech Learning သာမက High-touch Learning သည်လည်း အရေးပါမည်ဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဆရာများအတွက် Grade 4, 7, 10 သင်ရိုးသစ်ဆိုင်ရာ အွန်လိုင်းသင်တန်းကို မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (MDEP) ကို အသုံးပြုပို့ချခဲ့ပါ ကြောင်း၊ ဆက်လက်၍ အွန်လိုင်းသင်ယူမှုများကို အဆင့်လိုက်ဆောင်ရွက်သွားရန် စီစဉ်ပံ့ပိုးလျက် ရှိပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍကိုလည်း ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် ပထမတန်းစား ပညာရေးဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ယခုဆွေးနွေးပွဲသို့ တင်သွင်းလာသော သုတေသနစာတမ်းမှ တွေ့ရှိချက်၊ အကြံပြုချက်များကို အလေးထားပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) နှင့် လိုက်လျောညီထွေရှိသည့် National Industry 4.0 နည်းဗျူဟာများကို အကောင်အထည် ဖော်ရန် ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာအေဂျင်စီများနှင့် သက်ဆိုင်သူများအားလုံးကို ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ဂျာမန်သံအမတ်ကြီး H.E. Thomas Neisingerက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ Panel Discussion ကျင်းပဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 



Bookmark the permalink.

Comments are closed.