ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြုလက်မှတ်ရသင်တန်း (Certificate in Education Management – CEM Training) ဖွင့်ပွဲ အခမ်းအနားကျင်းပ


Date : 1 September, 2020

2

sept 1

နေပြည်တော် စက်တင်ဘာ ၁

ပညာရေးစီမံခန့်ခွဲမှုအသိအမှတ်ပြု လက်မှတ်ရသင်တန်း (Certificate in Education Management – CEM Training) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် (၂:၃၀) နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အင်္ဂလိပ်စာ၊ အိုင်စီတီ၊ သုတေသနစွမ်းဆောင် ရည်နှင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်များအရ ယခုလို CEM သင်တန်း သင်ယူခွင့်ရရှိကြသူများ အားလုံးအား အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် (Capacity Development Fund – CDF), University College London-Institute of Education (UCL-IOE), Dr.ခင်မာနီနှင့် သင်တန်းဆရာများ၊ ပံပိုးပေးကြသည့် သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိ သူများ၊ သင်တန်းသားသင်တန်းသူများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း၊ မှတ်တမ်းလည်း တင်ပါကြောင်း၊

ပညာရေး ဝန်ကြီးဌာနအနေဖြင့် တစ်ဦးချင်းစီ စွမ်းဆောင်ရည်ရှိစွာဖြင့် တာဝန်ယူ၊ တာဝန်ခံပြီး ဆန်းသစ် ထိရောက်ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက် နိုင်ရန် ဖြည့်ဆည်းပံ့ပိုး ပေးလိုပါကြောင်း၊ ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုနှင့် ထိရောက်သည့် ခေါင်းဆောင်မှုများရရှိစေရန် ပညာရေးဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့ပူးပေါင်းပြီး စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (Capacity Development Fund – CDF) ဖြင့် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပညာရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့လွန်သင်တန်း( Diploma in Education Management -DEM) ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန(နေပြည်တော်)တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊

DEM သင်တန်းသည် ရန်ကုန်ပညာရေးတက္ကသိုလ်က ဘွဲ့ ပေးအပ်မည့် နိုင်ငံတကာအဆင့်မီ ဘွဲ့လွန်ဒီပလိုမာဘွဲ့ဖြစ်ပြီး သင်တန်းကာလ တစ်နှစ်တွင် Total credit က 21 credit ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပညာရေးတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်မှ ပညာရှင်များက ၎င်းတို့၏အတွေ့အကြုံများကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်ပြီး ဆွေးနွေး ပို့ချခဲ့ကြခြင်းဖြစ်ပါကြောင်း၊

ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ DEM သင်တန်းဆင်းများမှတဆင့် ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် အောင်မြင်သည့်ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်စေပြီး စွမ်းရည်မြင့်မားသည့် ခေါင်းဆောင်မှုများ ရရှိသွားစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ယခုဖွင့်လှစ်မည့် CEM သင်တန်းသည် DEM သင်တန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး CEM တွင် ပို့ချမည့်အကြောင်းအရာများသည် ပညာရေး၏အခြေခံများကို ဦးဆောင်မှုပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ မူဝါဒ၊ သုတေသနနှင့်စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဆက်သွယ်ပြောဆိုမှုစွမ်းရည် တို့ဖြစ်ပါကြောင်း၊ မိမိလုပ်ငန်းအတွက် အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်သည့်အတွက် ပူးပေါင်းသင်ယူကြရန် တိုက်တွန်းပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရားဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်မာနီက CEM Programme နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။

ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင် ဆရာကြီးဆရာမကြီးများ၊ သင်တန်းဌာနများနှင့် တက္ကသိုလ်အသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံပညာဉီးစီးဌာနမှ ကျောင်းအုပ်ကြီးများ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

CEM သင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးသဘောတရားဌာနက ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် Zoom ဖြင့် စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။ CEM သင်တန်းအတွက် အဓိကရည်ရွယ်သည့် အုပ်စု(Target Group) အနေဖြင့် ပညာရေးဝန်ကြီးဌာနမှ သင်တန်းဌာနမှူးများ၊ တက္ကသိုလ်အသီးသီးကို ဉီးဆောင်မည့် ဒုတိယပါမောက္ခချုပ်များ၊ အခြေခံပညာဉီးစီးဌာနရှိ ကျောင်းအုပ်ကြီးများအတွက် ရည်ရွယ်ထားခြင်းဖြစ်သည်။ သင်တန်းကာလမှာ ရက် ၄၀ ဖြစ်ပြီး Total credit မှာ 11 credit ဖြစ်သည်။ သင်တန်းပြီးမြောက်ပါက ရန်ကုန်ပညာရေးတက္ကသိုလ်မှ အသိအမှတ်ပြုလက်မှတ် ပေးအပ်မည်ဖြစ်သည်။ CEM သင်တန်းပြီးမြောက်ပါ က DEM သင်တန်းကို တက်ရောက်နိုင်မည်ဖြစ်သည်။ CEM သင်တန်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပညာရှင်များနှင့် ပြင်ပမှပညာရှင်များပူးပေါင်းကာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.