၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ


Date : 8 September, 2020

2

August 8

နေပြည်တော်၊ စက်တင်ဘာ ၈

 ၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်( ၂၁)၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။

ရှေးဦးစွာ “အနာဂတ်မျှော်တွေးစဉ်ဆက်ပညာရေး” တေးသရုပ်ဖော်ဗီဒီယိုဖြင့် အခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် ကမ္ဘာ့ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက ၁၉၆၇ ခုနှစ် မှစ၍ ကျင်းပလာခဲ့သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်အစဉ်အလာမပျက် ကျင်းပသည့် အခမ်းအနားဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယူနက်စကို၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကျောင်းသင်ပညာရေး (Formal Education)၊ ကျောင်းပြင်ပ ပညာရေး (Non-Formal Education) ကဏ္ဍများကို ပူးပေါင်းဆောင်ရွက်ရာတွင် သင်ယူခွင့် မဆုံးရှုံးရေး၊ မည်သည့်ခွဲခြားမှု မျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူ မရှိရေးတို့ကို ဦးစားပေး၍ မူလတန်း ကျောင်းသားအားလုံး မူလတန်းပညာသင်ယူပြီး မြောက်ကာ အလယ်တန်း၊ အထက်တန်းသင်ယူပြီး မြောက်ရေးတို့အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနကို အသစ်ဖွဲ့စည်း တာဝန်ပေးခဲ့ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်ခဲ့သူများ၊ ကျောင်းပြင်ပရောက် ကျောင်းနေအရွယ်လွန် ကလေးသူငယ်များတို့အတွက်လည်း ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များ၊ သက်ကြီးအခြေခံ စာတတ်မြောက်ရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိနေပါကြောင်း၊

ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အတူပြည်သူအခြေပြု ပညာပေးဦးစားပေး လုပ်ငန်းစဉ်(၇)ရပ်ဖြစ်သော မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင် ပပျောက်ရေး၊ ဆေးလိပ်၊ စီးကရက်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာစားသုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာ ဘီယာသောက်သုံးခြင်း၏ အန္တရာယ်များလျှော့ချရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများသိရှိ လိုက်နာကျင့်သုံးရေး၊ ဂိမ်းစွဲလမ်းမှုပပျောက်ရေးတို့နှင့် သက်ဆိုင်သည့် ပြည်သူလူထုပညာပေးအစီအစဉ်များကို ပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

စာတတ်မြောက်ရေးအတွက် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ အသက် ၁၅ နှစ် အထက် စာတတ်မြောက်သူ ဦးရေ ၃၀.၃၇သန်း အထိတိုးတက်လာပါကြောင်း၊ ၂၀၁၉ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း ရှေ့ပြေးရလဒ်များ စာရင်းအရ စာတတ်မြောက်သူဦးရေ ၃၃.၁၈သန်း တိုးတက်လာပြီး အခြေခံသင်္ချာတွက်ချက်တတ်သူ ၃၃.၃၄သန်းအထိ တိုးတက်လာပါကြောင်း၊

သို့သော် မြန်မာနိုင်ငံတွင်လည်း ယခင်ဆယ်စုနှစ်ကာလများတွင် ပညာရေးနှစ်ပေါင်းများစွာ အားနည်းခဲ့သည့်အတွက် ကျောင်းလုံးဝမနေဘူးသူများပြားခဲ့ခြင်း၊ ကျောင်းထွက်နှုန်း များပြားခဲ့ခြင်း၊ ကျောင်းနေသော်လည်း စာမတတ်မြောက်သူဦးရေ များစွာရှိခဲ့ခြင်းတို့၏ ဆိုးကျိုးများကြောင့် အသက်(၁၅)နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီး စာမဖတ်တတ်သူ ၄.၀၇သန်း ၊ အခြေခံသင်္ချာ မတွက်တတ်သူ ၃.၉၁ သန်း ရှိနေပါကြောင်း၊

တစ်ကမ္ဘာလုံးတွင်လည်းသက်ကြီးနှင့်လူငယ် စုစုပေါင်း ၇၇၃ သန်းတို့သည် စာမတတ်သူများဖြစ်ပြီး ကလေးငယ်နှင့်ဆယ်ကျော်သက် ၆၁၇ သန်းတို့သည် စာမဖတ်တတ်၊ အခြေခံသင်္ချာ မတွက်တတ်သူများဖြစ်ပါကြောင်း၊ ယနေ့ကျင်းပနေသည့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာစာတတ်မြောက် ရေးနေ့အချိန်ကာလတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက် ရှိနေဆဲဖြစ်ပါကြောင်း၊ ယခုကိုဗစ်ကမ္ဘာ့ကပ် ရောဂါကူးစက်မြန်သည့် အခြေအနေကြောင့် လက်ရှိ စာတတ်မြောက်မှုအခြေအနေ၊ ကျောင်းပညာရေး၊ တစ်သက်တာသင်ယူရေး အခွင့်အလမ်းများတို့ကိုစိန်ခေါ်မှုများပိုမိုများပြားလာစေပါကြောင်း၊

ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့စာသင်ကျောင်းများ၊ အခြားပညာသင်ယူခွင့်ရသည့် နေရာများပိတ်ထားခဲ့ရပြီး၊ နိုင်ငံပေါင်း ၁၉၀ ကျော်ကပညာသင်ယူနေသူပေါင်း ၁.၆ ဘီလီယံနီးပါးနှင့် အခြေခံပညာဆရာဆရာမ ၆၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပါကြောင်း၊ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော သင်ယူမှုအခွင့်အလမ်း ဆုံးရှုံးမှုကြီးကို ဖြစ်ပေါ်စေခဲ့ကြောင်းကို ကုလသမဂ္ဂကမ္ဘာ့ ပညာရေးအဖွဲ့များ၏ ဆန်းစစ်ချက်များမှာ ဖော်ပြထားပါကြောင်း၊

ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံပေါင်း ၁၆၅ နိုင်ငံရှိမူလတန်းကျောင်းသား ၆၃ သန်းတို့သည် လည်းနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့လာရပါကြောင်း၊ အဝေးသင်ပညာရေးအစီအစဉ် များသည်လည်း ကလေးငယ်များ၊ လူငယ်များအတွက် ကျောင်းသင်ပညာရေးလို အရေးပါလာသလို အွန်လိုင်းသင်ယူမှုနှင့် အွန်လိုင်းသင်ခန်းစာများ၊ ပုံနှိပ်ဖြန့်ဝေခြင်းများ၊ တီဗွီ၊ ရေဒီယိုစသည့် အသံလွှင့်အစီအစဉ် များနှင့်ဖြစ်နိုင်သည့် သင်ယူမှုအခွင့်အလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်လာခဲ့ကြပါ ကြောင်း၊

သင်ကြားသင်ယူမှု စဉ်ဆက်မပြတ်စေရေးအတွက် အခြေခံအဆောက်အဦများ၊ ပညာရေးစနစ်နှင့် ကမ္ဘာ့ပြည်သူအများစုတို့ ယခုလိုအခြေအနေမျိုးတွင် အဆင်သင့်မဖြစ်သေးကြောင်းကိုလည်း ကိုဗစ်ကမ္ဘာ့ကပ်ရောဂါက သတိပေး ခေါင်းလောင်းထိုးလိုက်သလိုဖြစ်ပါကြောင်း၊ အဆိုပါ သက်ရောက်မှုသည် အထူးသဖြင့် မူလကတည်းက အခွင့်အလမ်းနည်းပါးပြီး ထိခိုက်လွယ်အုပ်စုများဖြစ်သည့် စာမတတ်မြောက်သည့်လူငယ်နှင့် သက်ကြီးများ အားလုံးအပေါ်တွင် ပိုမိုသက်ရောက်စေခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ခေတ်မီနည်းပညာများအသုံးပြု ပြီးကျန်းမာရေးဆိုင်ရာ အသိပညာပေးသည့် မှန်ကန်သည့် သတင်းအချက်အလက်နှင့်အွန်လိုင်းသင်ယူမှု၊ Off-line သင်ယူမှု၊ ပေါင်းစပ် သင်ယူမှုစသည့် အခွင့်အလမ်းများနှင့် ဝေးကွာနေနိုင်သဖြင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ပိုမိုများပြားနေပါကြောင်း၊

အထူးသတိပြုသင့်သည်မှာ ယခုလိုသင်ယူမှုဆုံးရှုံးရခြင်း၏ သက်ရောက်မှုကိုအလျှင်အမြန် တုံ့ပြန်ကုစားမှုမပြုနိုင်ကြလျှင် အနာဂတ်မျိုးဆက်များအပေါ်ပါ ခြိမ်းခြောက်လာနိုင်ပြီး၊ ဆယ်စုနှစ်ချီတဲ့ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိခိုက်နစ်နာဆုံးရှုံးမှုများပြား စေနိုင်သည့်အချက်ဖြစ်ပါကြောင်း၊

ယခုလိုစိန်ခေါ်မှုများနှင့်အတူ တဖက်တွင်လည်း သင်ယူရေးနှင့် လေ့ကျင့်ရေးအခွင့်အလမ်းများ ဆက်လက်ဖြစ်ပေါ်နိုင်ရေးအတွက် COVID-19 ကာလလူနေမှုပုံစံသစ် (New Normal) နှင့်အတူ သင်ယူမှုပုံစံသစ် (New Learning Model)များကိုလည်း ICT နည်းပညာများ၊ မီဒီယာနည်းပညာများအပေါ် အခြေခံပြီး ကမ္ဘာ့နိုင်ငံများနှင့် ပညာရေးအသိုင်းအဝန်း တစ်ခုလုံးက တီထွင်ကြံဆဖော်ထုတ်ဖြေရှင်းလာကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊

သင်ယူမှုပုံစံသစ်များဖြင့် အရည်အသွေးရှိသော ပညာရေးအတွက် စနစ်တကျ ပြန်လည် ကုစားပြီးအရှိန်အဟုန်ဖြင့် စီမံဆောင်ရွက် နေခြင်းနှင့်အတူ “မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး” ရည်မှန်းချက်ကို အောင်မြင် ပေါက်မြောက်စေရေးတို့အတွက် သင်ယူမှုအခွင့်အလမ်းရရှိရန်၊ အခက်အခဲရှိ၍ ထိခိုက်နစ်နာ ဆုံးရှုံးနိုင်သောကလေး၊လူငယ်များတို့ကိုဦးစားပေးဖြည့်ဆည်းပံ့ပိုးပေးရန်၊ ပြောင်းလဲလာသည့် သင်ယူမှုပုံစံသစ်များအတွက် ဆရာဆရာမများမွမ်းမံသင်တန်းဆောင်ရွက်ပေးရန်၊ သင်ယူမှုစဉ်ဆက် မပြတ်ရှိစေရန်နှင့် ပိုမိုကောင်းမွန်လာရန်အတွက် နည်းပညာနှင့် အခြေခံအဆောက်အဦများ စနစ်တကျ ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို အဓိကပိုမိုအလေးထားသင့်ပါကြောင်း၊

ယခုကြုံတွေ့နေရသည့် သင်ယူမှုအခွင့်အလမ်းရရှိရေး အခက်အခဲများတို့ကိုလာမည့် မျိုးဆက်သစ်များ အထိမထိခိုက်စေရေး၊ အားလုံးအတူတူပူးပေါင်း၍ စုပေါင်းအင်အားဖြင့် အလျှင်အမြန်ဝိုင်းဝန်းဆောင်ရွက် သင့်ကြောင်းကို ကုလသမဂ္ဂ မူဝါဒအစီရင်ခံစာတွင် တိုက်တွန်းထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် Coronavirous Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ ပညာရေးကဏ္ဍ တုံ့ပြန်မှုနှင့် ပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို COVID-19 ရောဂါကြိုတင် ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်း၊ ထုတ်ပြန်ချက်များနှင့်အညီ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကာလနှင့် အလွန်ကာလများတွင် ပညာရေးကဏ္ဍဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပြန်လည်တည်ထောင်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊

သင်ယူမှုမဆုံးရှုံးရေး၊ စဉ်ဆက်မပြတ် ရေး၊ ပိုမိုကောင်းမွန်လာစေရေးတို့အတွက် ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးနှင့်ဘေးကင်း လုံခြုံမှုအစီအမံများ စနစ်တကျဦးစားပေးစီမံပြီး၊ ဆန်းသစ်ထိရောက်သော နည်းလမ်းများ၊ ICT နည်းပညာ များကို အကောင်းဆုံးအသုံးပြု၍ New normal ဟုခေါ်ကြသည့် လူမှုဘဝပုံစံသစ်နှင့် လျော်ညီစွာ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊

အခြေခံပညာတက္ကသိုလ်ဝင်စာမေးပွဲများကို ရောဂါကြိုတင်ကာကွယ် တားဆီးရေး အစီအမံများ ချမှတ်ပြီးပြီးစီးအောင် စီမံဆောင်ရွက်ခဲ့သလို၊ အခြေခံပညာအတန်းအလိုက် ပြီးမြောက်မှု အောင်စာရင်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းပြုစုရေးလုပ်ငန်းများ၊ အွန်လိုင်းအောင်စာရင်း ထုတ်ပြန်ခြင်း လုပ်ငန်းများကိုဆရာဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များ၊ အဆင့်ဆင့်သော ပညာရေးဝန်ထမ်းများ၏ စနစ်တကျ ပူးပေါင်းအားထုတ် ဆောင်ရွက်မှုများကြောင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊

COVID-19 ကာလအတွင်းအဝေးသင် သင်ယူရေး (Distance Learning) အခွင့်အလမ်းကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံပိုင် ပညာရေးရုပ်သံလိုင်း Myanmar Education Channel မြန်မာ့ပညာရေးရုပ်သံလိုင်းကို ၁-၄-၂၀၂၀ ရက်နေ့မှ စတင်၍ စမ်းသပ်ထုတ်လွှင့်ခြင်း၊ online learning platform တစ်ခုအဖြစ် (Myanmar Digital Education Platform-MDEP)ကိုတည်ဆောက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ၁၂-၆-၂၀၂၀ မှ ၁၂-၁၂-၂၀၂၀ အထိ အခမဲ့အသုံးပြုခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

၂၀၂၀-၂၁ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade 4, 7, 10 တို့ အတွက် အခြေခံဆရာဆရာမများ မွမ်းမံသင်တန်းများကိုလည်း COVID-19 ရောဂါကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီး Online learning and training, Offline learning, Virtual classroom, Face-to-face learning/training စသည့် သင်ကြားသင်ယူမှုပုံစံအမျိုးမျိုးနှင့် ပေါင်းစပ်သင်ယူမှု (Blended Learning)ဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ Myanmar Education Channel နှင့် Myanmar Digital Education Platform များမှလည်း သင်တန်းနှင့်ဆိုင်ရာ လေ့လာစရာများကို အချိန်၊ ဒေသမရွေးအသုံးချ၍ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မှု အခွင့်အလမ်းများကိုလည်း ဖန်တီးပေးထားနိုင်ခဲ့ပါကြောင်း၊

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးမှာလည်း ကျောင်းပြင်ပမူလတန်းနှင့် ကျောင်းပြင်ပ အလယ်တန်းများ အတွက် အောင်စာရင်းထုတ်ပြန်ခြင်းများ၊ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် ကြိုတင်ညှိနှိုင်းခြင်းလုပ်ငန်းများ၊ ဆရာဆရာမများအတွက် နည်းပြ ToT သင်တန်းများကိုလည်း အလားတူ Online / Offline ပေါင်းစပ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်း၍ လိုအပ်ချက်များဖြည့်ဆည်းပေးခဲ့ပါ ကြောင်း၊

အခြေခံပညာအထက်တန်းအဆင့် ကျောင်းစုစုပေါင်း (၇၁၇၃)ကျောင်းရှိသည့် အနက် COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနိုင်မှု၊ ကြိုတင်ပြင်ဆင်မှု အခြေအနေ ဆန်းစစ်ချက် ပြည့်မီမှုတို့အပေါ်မူတည်ပြီး အခြေခံပညာအထက်တန်းအဆင့်ကျောင်း စုစုပေါင်း(၆၅၂၆) ကျောင်းတို့ကို ၂၁-၇-၂၀၂၀ ရက်နေ့မှ ၂၁-၈-၂၀၂၀ ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း၊

COVID-19 ကပ်ရောဂါကာလတွင် COVID-19 ကပ်ရောဂါကာကွယ်တားဆီးရေး ချမှတ်ထားတဲ့ လူအုပ်စုမဖြစ်ပေါ်ရေး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မတ်စ်ခ် လုံခြုံစွာတပ်ဆင်ရေး၊ တစ်ဦးနှင့် တစ်ဦး learning distancing အနည်းဆုံး ၆ ပေခြားရေး၊ ကိုယ်ပူချိန်တိုင်းတာရေး၊ စနစ်တကျ စက္ကန့် ၂၀ ကြာလက်ဆေးရေးစသည်တို့ အပါအဝင်သတ်မှတ် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များတို့ကို တိကျစွာလိုက်နာပြီး သင်ယူမှု မဆုံးရှုံးရေး စီမံဆောင်ရွက်ခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပံ့ပိုး၍ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် စာသင်ခန်းတွင်း၌ ကျောင်းသားဦးရေ နည်းနည်းဖြင့် သင်ယူခြင်း (Small group learning)၊ အိမ်တွင် မိဘမိသားစု အကူအညီဖြင့် သင်ယူခြင်း၊ အွန်လိုင်း၊ အော့ဖ်လိုင်း၊ ပေါင်းစပ်သင်ယူခြင်း၊ TV နှင့် Radio ထုတ်လွှင့်မှု အစီအစဉ်များဖြင့် သင်ယူခြင်း၊ ကျောင်းတက်ချိန်ကိုလည်း တစ်ပတ်ခြား၊ တစ်ပတ်ခြား နှစ်သုတ်တက်၊ တစ်ပတ်ခြားနှစ်သုတ် (၃)ရက်တက် စီစဉ်ခြင်းစတဲ့ သင်ကြားသင်ယူမှု ပုံစံသစ်များဖြင့် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများစွာရရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

ယခုလိုပြောင်းလဲလာသည့် သင်ကြားသင်ယူမှုပုံစံသစ်များနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန်အတွက် ဆရာဆရာမများကို သင်ကြားသင်ယူမှု ပုံစံသစ်များနှင့် လိုက်လျောညီထွေရှိမည့် သင်ပြနည်းသစ်များကို အသုံးချနိုင်ရေးအတွက် လေ့ကျင့်ပေးရန်၊ လိုအပ်ချက်များသော အခက်အခဲရှိသည့် ဒေသများ ပိုမိုဖြည့်ဆည်းရန်၊ နည်းပညာနှင့်အခြေခံအဆောက်အဦများ ဖြည့်ဆည်းရန်တို့ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ယူနက်စကိုက ထုတ်ပြန်ထားသည့် Literacy teaching and learning in the COVID-19 crisis and beyond – The role of educators and changing pedagogies “COVID-19 ကာလနှင့် အလွန်မှာ၊ ဆန်းသစ်ထိရောက်သော သင်ကြားသင်ယူမှုနည်းလမ်းများအသုံးချလို့၊ စာတတ်မြောက်ရေးဆောင်ရွက်စို့” ဟူသော ဦးတည်ချက် နှင့်အညီ COVID-19 ကာလနှင့်အလွန်ကာလများတွင် ဆရာဆရာမများအားသင်ကြား သင်ယူမှု နည်းလမ်းသစ်များအတွက် လေ့ကျင့်ပေးခြင်း၊ ပညာရေးအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို စုပေါင်းအင်အားနှင့် အတူတူအားဖြည့်၍ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်းစသည်ဖြင့် Video Conferencing စနစ်ဖြင့်အမှာစကားပြော ကြားသည်။

ယင်းနောက် မြန်မာနိုင်ငံယူနက်စကိုအမျိုးသားကော်မရှင် အထွေထွေအတွင်းရေးမှူး၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ၂၀၂၀ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဆိုင်ရာ Concept Note ကို ဖတ်ကြားသည်။

 ဆက်လက်၍ ၂၀၂၀ပြည့်နှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် “စေတနာပန်းတို့လန်းရာမြေ“ ဂုဏ်ပြုတေးသရုပ်ဖော်ဗီဒီယိုပြသ၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

 



Bookmark the permalink.

Comments are closed.