ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊ ဆီမီယိုတွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိအခြေခံပညာ အဆင့်မြင့်အရာရှိကြီးများ၏ (၉) ကြိမ်မြောက် ဆွေးနွေးပွဲတက်ရောက်


Date : 17 September, 2020

2

August 17

 

နေပြည်တော်၊ စက်တင်ဘာလ ၁၇

ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၊ ဆီမီယိုတွဲဖက်အဖွဲ့ဝင်နိုင်ငံများရှိ အခြေခံပညာ အဆင့်မြင့်အရာရှိကြီးများ၏ (၉) ကြိမ်မြောက် ဆွေးနွေးပွဲကို Video Conferencing ဖြင့် ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲခေါင်းစဉ်မှာ “အရှေ့တောင်အာရှ ကိုဗစ်-၁၉ ဆိုင်ရာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် နည်းဗျူဟာရေးဆွဲ ပြန်လည်ထူထောင်ရေး” ဖြစ်သည့်အတွက် အခြေခံပညာကဏ္ဍရှိ အမျိုးမျိုးသော စိန်ခေါ်မှုများ၊ အခက်အခဲများအပေါ် နိုင်ငံအသီးသီး၏ အတွေ့အကြုံများကို ဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကြီးကြပ်ရေးပူးတွဲအဖွဲ့များကို ဖွဲ့စည်းကာ အကဲဖြတ်အချက် ၈၀ ပါ စာရင်းဖြင့် အကဲဖြတ်ပြီး သတ်မှတ်ထားသော A အဆင့်ရရှိသည့် အထက်တန်းကျောင်းများကို ဖွင့်လှစ်ခွင့် ပြုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် အထက်တန်းကျောင်းပေါင်း ၇၁၇၃ ကျောင်း ရှိသည့်အနက် A အဆင့်ရရှိ၍ အဆင်သင့်ဖြစ်သည့် ၃၇၇၂ ကျောင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ A အဆင့်ရရှိသည့် အထက်တန်းကျောင်းပေါင်း ၆၅၂၆ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် ကိုဗစ်-၁၉ ဒေသတွင်းကူးစက်ပြန့်နှံ့မှုကြောင့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းများကို ပြန်လည်ပိတ်ခဲ့ရပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏မူဝါဒမှာ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် သင်ယူမှုမဆုံးရှုံးစေရေးဖြစ်သည်နှင့်အညီ ကျောင်းသားများ၏ စဉ်ဆက်မပြတ် သင်ယူမှု အခွင့်အလမ်းများကို ပံ့ပိုးရန် နေအိမ်အခြေပြုသင်ယူမှုအတွက် လိုအပ်သော ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအကြိုသန်းခေါင်စာရင်း (၂၀၁၉) အရအလယ်တန်းနှင့် အထက်တန်း ကျောင်းအပ်နှံမှု သိသာစွာ မြင့်တက်လာခဲ့ပြီး မူလတန်းကျောင်းထွက်နှုန်းမှာ ၁% ၏ အောက်အထိရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက နယ်စပ်ဒေသများနှင့် ကျေးလက်ဒေသများမှ ကလေးငယ်များ ကျောင်းနေနိုင်ရေးပံ့ပိုးပေးမှု၊ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းအားလုံးသို့ ကျောင်းဖွံ့ဖြိုးမှု ရန်ပုံငွေများ တိုးမြှင့်ထောက်ပံ့ပေးမှုများ၏ ရလဒ်ပင်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ KG+12 သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များ အသုံးပြုခဲ့ပြီးအခြေခံပညာဆရာ၊ ဆရာမများအတွက် သင်ကြားသင်ယူနည်းသင်တန်းများကို ပို့ချခဲ့ပါကြောင်း၊ ကျောင်းအဆောက်အအုံ၊ သင်ထောက်ကူပစ္စည်း၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ရေနှင့် အိမ်သာစသည်တို့ကို ကျောင်းများအား ပံ့ပိုးပေးခဲ့သည့်အပြင် အထက်တန်းကျောင်းအားလုံးသို့ ကွန်ပျူတာများ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ Grade 1, 2, 3 တိုင်းရင်းသား ဘာသာစကားများကို ဒေသသင်ရိုးများအဖြစ် သတ်မှတ်၍ သင်ကြားပေးခဲ့ကာ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဒေသခံဆရာ၊ ဆရာမများ ပိုမိုခန့်ထားပေးခဲ့ပါကြောင်း၊ ဆက်လက်၍ မူလတန်းစာဖတ်စွမ်းရည်နှင့် သင်္ချာစွမ်းရည်အကဲဖြတ်မှုများကို တိုးမြှင့် ဆောင်ရွက်ရန် ရှိပါကြောင်း၊ ၂ နှစ်သင်ပညာရေးကောလိပ်များကို ၄ နှစ်သင်ပညာရေးဒီဂရီကောလိပ် များအဖြစ် အဆင့်တိုးမြှင့် ပေးလိုက်သဖြင့် ဆရာများ၏ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အလမ်းများပိုမိုရရှိလာသကဲ့သို့ မူလတန်းပညာရေးတွင် အရည်အသွေးနှင့် အတွေ့အကြုံရှိသော ဝါရင့်ဆရာများအတွက် အခွင့်အလမ်းများ ပိုမိုအားပေးလာနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် မြန်မာဒီဂျစ်တယ်ပညာရေး အစီအစဉ် (Myanmar Digital Education Platform – MDEP) ကို တည်ဆောက်ကာ အခြေခံပညာ ဆရာများအား Grade 4,7,10 သင်ရိုးသစ်သင်တန်းများ အွန်လိုင်းမှပို့ချခဲ့ပါကြောင်း၊ Industry 4.0 ခေတ်တွင် အာဆီယံဒေသတွင်း နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပိုမိုဖြည့်ဆည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ၂၁ ရာစုစွမ်းရည် Soft Skills များကိုအွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုများမှတစ်ဆင့် မြှင့်တင်ပေးသွားကြရမည်ဖြစ်ပြီး အလုပ်အကိုင်ကောင်းများ ရရှိရေးအတွက် ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်များမွေးထုတ်ပေးနိုင်ရေးအတွက် ဘဝတစ်သက်တာသင်ယူမှုတွင် High-tech Learning နှင့် High-touch Learning ကိုလည်း အားပေးဆောင်ရွက်သွားသင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ ပါသည်။

ထို့နောက် ထိုင်းနိုင်ငံဆီမီယိုရုံးချူပ် SEAMEO Secretariat မှ ညွှန်ကြားရေးမှုးDr Ethel Agnes P. Valenzuela က အဖွင့်အမှာစကား ပြောကြားပါသည်။ Keynote Presentations များကို UNESCO Bangkok မှ DrLibing Wang ၊ UNICEF EAPRO မှ Mr Francisco Benavides နှင့် မြန်မာနိုင်ငံအခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က တင်ပြဆွေးနွေးပါသည်။ ဆက်လက်၍ Panel Discussion ကျင်းပရာModerators များအဖြစ် အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ပါမောက္ခ ဦးထွန်းအောင်ချိန်နှင့် ဒေါက်တာဦးဝင်းအောင်တို့ကဆောင်ရွက်ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများက Country Paper များတင်သွင်းကြ၍ ဩစတြေးလျနှင့် စပိန်နိုင်ငံတို့က Presentation ဆောင်ရွက်ခဲ့ကြပါကြောင်းသတင်းရရှိပါသည်။

 



Bookmark the permalink.

Comments are closed.