ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဂျာမနီနိုင်ငံ DAAD နှင့် ပူးပေါင်းကျင်းပသော တက္ကသိုလ်ပဋိဉာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်


Date : 21 September, 2020

2

Sept 21

နေပြည်တော် စက်တင်ဘာ ၂၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဂျာမနီနိုင်ငံ DAAD နှင့် ပူးပေါင်းကျင်းပသော တက္ကသိုလ်ပဋိဉာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E. Thomas Neisinger ၊ ဂျာမနီနိုင်ငံ ပညာရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(DAAD)၊ Central European University (CEU) ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ ကော်မတီဝင် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များတွင် တက္ကသိုလ်ပဋိဉာဉ်စာတမ်း ရေးဆွဲအတည်ပြုရေး၊ ယင်းပဋိဉာဉ်စာတမ်းနှင့်အညီ တက္ကသိုလ်ကောင်စီ ဖွဲ့စည်းရေး၊ မဟာဌာနကြီးများ ဖွဲ့စည်းရေး၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ရေး၊ ဆရာဆရာမများ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အသုံးချသုတေသနဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းရေးတို့အတွက် နိုင်ငံတကာ အတွေ့အကြုံ၊ DAAD အတွေ့အကြုံနှင့် ဂျာမနီနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတက္ကသိုလ်များ၏ အတွေ့အကြုံများကို ဤအလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေဆွေးနွေးပေးရန် မေတ္တာရပ်ခံလိုပါကြောင်း နှင့် ဂျာမနီနိုင်ငံ DAAD ကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားပါသည်။

ဆက်လက်၍ ဟနွိုင်းဒေသဆိုင်ရာ DAAD ဌာနအကြီးအကဲ Dr Stefan Hase-Bergen ၊ DAAD အတွင်းရေးမှူးချုပ် Dr Dorothea Rüland ၊ ဂျာမနီနိုင်ငံ University of Hannover ၏ Vice-President Dr Christoph Strutz နှင့် ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ Vietnamese-German University President Prof. Tomas Benz တို့က တက္ကသိုလ်ပဋိဉာဉ်စာတမ်း၊ တက္ကသိုလ် ကောင်စီနှင့် တက္ကသိုလ်များ လွတ်လပ်စွာစီံမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော နိုင်ငံတကာအတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူ များက စိတ်ပါဝင်စားစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.