အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 23 September, 2020

6

sept 23

နေပြည်တော် စက်တင်ဘာ ၂၃

အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ် ကာကွယ်တားဆီးနေရသည့် ကာလတွင် JICA နှင့် ADB တို့၏အကူအညီဖြင့် သင်ရိုးရေးဆွဲရေး(CDT)အဖွဲ့ဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုး ညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်သစ်များဖြစ်သည့် Grade-5, Grade-8, Grade-11,တို့ကို အချိန်မီပြုစု အတည်ပြုနိုင်ရေး ကြိုးစားဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ဂုဏ်ယူဝမ်းမြောက်စွာမှတ်တမ်းတင်ရှိပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်နေကြသည့်အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း၊ Video Conferencing စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် အတွက်ဖြစ်စေ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ အချိန်မီပြုစု အတည်ပြုရေးအတွက်ဖြစ်စေ အခက်အခဲများရှိပါက ပူးပေါင်းဖြေရှင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းက သင်ရိုးသစ် Grade-5, Grade-8, Grade-11, သိပ္ပံဘာသာရပ်စာအုပ်များ(သင်္ချာ၊ သိပ္ပံ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ပန်းချီ)၊ အနုပညာ(ဂီတ)၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ) ပြုစုထားရှိမှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊

ပညာရေးသုတေသန၊ စီမံကိန်း နှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာလွင်က သင်ရိုးသစ် Grade-5, Grade-8, Grade-11, ဝိဇ္ဇာဘာသာရပ်စာအုပ်များ(မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘောဂဗေဒ) ပြုစုထားရှိမှုအခြေအနေနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် JICA (CREATE) Project , ADB EYE Project တို့မှ တာဝန်ရှိသူများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိ သူများက Video Conferencing စနစ်ဖြင့်ချိတ်ဆက်၍ အခြေခံပညာ သင်ရိုးညွှန်းတမ်း ဆောင်ရွက်နေမှုအခြေအနေ များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြ ကြောင်းသတင်းရရှိသည်။



Bookmark the permalink.

Comments are closed.