၂၀၂၀ပြည့်နှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ


Date : 5 October, 2020

1.1

Oct 5

နေပြည်တော် အောက်တိုဘာ ၅

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံး တွင် ဆရာများကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုသည့်ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါကြောင်း၊ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး တို့အား ရိုသေစွာ ဂါရဝပြုအပ်ပါကြောင်း၊

ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး ဖွံ့ဖြိုးမှုအပေါ်မှာ တည်မှီလျက် ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကဏ္ဍ အရည်အသွေး မြင့်မားလာအောင်၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်လာအောင် အဓိကစွမ်းဆောင်ပေးနိုင်သည့် ပုဂ္ဂိုလ်များကတော့ ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ, IQ, EQ တွေအတွက် ဘယ်လို တစ်သက်တာသင်ယူရမယ်ဆိုတာ ဖြန့်ဝေပေးနေကြသည့် မြတ်ဆရာများပဲဖြစ်ပါကြောင်း၊

ဆရာများသည် နိုင်ငံတစ်နိုင်ငံအတွက် အရည်အသွေးပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးရုံသာမက ကမ္ဘာတစ်ဝန်းမှာပဲဖြစ်ဖြစ်၊ နိုင်ငံ တစ်နိုင်ငံမှာပဲဖြစ်ဖြစ် အခက်အခဲ အကြပ်အတည်းတွေ၊ ကပ်ဘေး ဒုက္ခတွေနဲ့ကြုံတွေ့ရတဲ့အခါမှာလည်း အသိပညာဖြန့်ဝေ ပူးပေါင်းဆောင်ရွက်ပြီး ဒီအခက်အခဲတွေ၊ ဘေးဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဦးဆောင်မှုပေးကြသူများလည်း ဖြစ်ပါ ကြောင်း၊ တစ်နည်းအားဖြင့် ဆရာများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေး နေကြသူများပဲ ဖြစ်ပါကြောင်း။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဆရာများကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများ နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊

ယနေ့ကမ္ဘာကြီးတွင် စီးပွားရေးအားပြိုင်မှုများ၊ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ လာသည့် နည်းပညာများ၊ ရာသီဥတုပြောင်းလဲမှုများ၊ မသေချာမရေရာမှုများနှင့် သဘာဝဘေးအန္တရာယ်များစသည့် စိန်ခေါ်မှုကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ပို၍ဆိုးရွားသော စိန်ခေါ်မှုကြီးသည် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းများ အပေါ် ကြီးမားသည့်ဖိစီးမှုများ ကျရောက်စေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး အကျပ်အတည်းကြီး ဖြစ်ပါကြောင်း၊

၂ဝ၁၉ နှစ်ကုန်ပိုင်း လောက်က စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခု ၂ဝ၂ဝ ပြည့်နှစ် တစ်နှစ်လုံးတွင် အလုပ်အကိုင်နှင့် သက်မွေး ဝမ်းကျောင်းလုပ်ငန်း ဆုံးရှုံးမှုများ၊ ဆင်းရဲနွမ်းပါးမှုများကို ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကြီးမားသည့် အဟန့်အတား ဖြစ်စေခဲ့ပါကြောင်း၊ ကပ်ရောဂါဆိုးကြီး စတင်ခဲ့ပြီး ကိုးလကြာ ကာလအတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃၅ သန်းကျော်ရှိလာ၍ ရောဂါပိုးရှိပြီး ပိုးတွေ့လူနာသေဆုံးသူဦးရေ တစ်သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဓာတ်ခွဲအတည်ပြု လူနာ (၁၇၇၉၄)ဦးရှိလာ၍ သေဆုံးသူဦးရေ (၄၁၂)ဦး ရှိပါကြောင်း၊

ယခုလိုကမ္ဘာကြီးကို စိန်ခေါ်နေသည့် ကပ်ရောဂါဘေးဆိုးကြီးအား ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့က စုစည်းညီညွတ်သည့် မိသားစု စိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ အထူး အေဂျင်စီကြီးများဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့-ယူနက်စကို (UNESCO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ုပုံငွေအဖွဲ့(UNICEF)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)စတဲ့ အဖွဲ့အစည်းအသီးသီးကလည်း မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍ ကနေပြီး ကပ်ဘေးဆိုးကြီးကို ကျော်လွှားနိုင်ရန် အစွမ်းကုန်ကြိုးပမ်းလျက် ရှိကြပါကြောင်း၊

မိမိတို့နိုင်ငံတွင်လည်း ကျန်းမာရေး၊ နည်းပညာ၊ ဝိဇ္ဇာသိပ္ပံ၊ နည်းပညာနှင့်သက်မွေး၊ အခြေခံပညာစသည့် နယ်ပယ်အသီးသီးက ဆရာများ၏ဦးဆောင်မှုဖြင့် ကပ်ဘေးများကိုကျော်လွှားပြီး အနာဂတ်ကို ပုံဖော်တည်ဆောက်ကြရမှာ ဖြစ်ပါကြောင်း၊ ယခုလိုအခြေ အနေအချိန်အခါတွင် ကပ်ဘေးရန်ကို ကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကိုပုံဖော်ကြရမည့် ဆရာများ၏ အခန်းကဏ္ဍကိုမြှင့်တင်သည့် အနေဖြင့် “ဦးဆောင်ကျော်လွှား ကပ်ဘေးများ၊ အနာဂတ်ပုံဖော်ဆရာများ” (Teachers: Leading in crisis, reimagining the future) ဆိုသည့်ဆောင်ပုဒ်သည် ယခုနှစ်ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်အဖြစ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါကြောင်း၊

လူ့ဘောင်လောကအတွင်းမှာ အချိန်အခါ နေရာဒေသမရွေး ဆရာအတတ် ဆရာအလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုရခြင်းသည်သမ္မာအာဇီဝဖြစ်ပြီး အင်မတန်မွန်မြတ်သည့်ဂုဏ်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့လူဘောင်တွင်လည်း မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးစံအရ “သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ” ဟူ၍ရှိပြီး ဆရာဟူသမျှကို အစဉ်လေးစား ကြည်ညို၊ ရိုသေ ကိုင်းရှိုင်းကြတာ ဖြစ်ပါကြောင်း၊ ဆရာများကိုအနန္တောအနန္တ ဂိုဏ်းဝင်ကျေးဇူးရှင်အဖြစ် တန်းတူ တန်ဖိုးထား လေးစား သတ်မှတ် ထားကြတာဖြစ်ပါကြောင်း၊ ဆရာများသည် အများ၏စံပြုထိုက်သူ၊ အများကို ဦးစီးဦးဆောင်ပြုနိုင်သူများအဖြစ် အသိအမှတ်ပြု ထားကြတာဖြစ်ပါကြောင်း၊

ကပ်ဘေးများကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကို အဘက်ဘက်က ပြန်လည်တည်ဆောက်ကြရာတွင် ပညာရေးသည် အရေးပါသည့်အခန်းကဏ္ဍက ရှိနေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ကြမည့် ဆရာများသည် ကျန်းမာရေးကောင်းမွန်ပြီး ပညာရည်၊ နှလုံးရည် ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ ပညာရေးတွင်ဆရာများ၏ အရေးကြီးပုံနှင့်ပတ်သတ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က-

“ပညာရေးလုပ်ငန်းရဲ့ သော့ချက်အကျဆုံးနေရာမှာ ရှိသူများကတော့ ‘ဆရာ’ များဖြစ်ပါတယ်။ ဆရာတွေဆိုတာ ပညာပြည့်ဝ နှလုံးလှဖို့လိုပါတယ်။ ပညာဆိုတာ လက်ခံကမ်းတဲ့ အရာ ဖြစ်ပါတယ်။ လက်ဆင့်ကမ်းရာမှာ ဦးနှောက်နဲ့ရော၊ နှလုံးသားနဲ့ပါ လက်ဆင့်ကမ်းဖို့ လိုပါတယ်။ ကိုယ့်ရဲ့အရည်အသွေးကို ပြည့်ဝအောင် တစ်သက်တာသင်ယူကြိုးစားပြီး ကိုယ်ရဲ့ တပည့်တွေကို ကိုယ့်ထက်သာတဲ့သူတွေဖြစ်အောင် လုပ်နိုင်စွမ်း ရှိစေချင်ပါတယ်။ ဆရာစားမချန်ပါနဲ့။ တကယ့် သိက္ခာရှိတဲ့ ဂုဏ်ရှိတဲ့ဆရာတွေဆိုတာ မိမိတို့ထက်ပိုတော်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်တဲ့ ဆရာဆရာမတွေပဲဖြစ်ပါတယ်။ ပညာရေးစီမံခန့်ခွဲသူတွေနဲ့ ဆရာဆရာမတွေဟာ ဦးဆောင်လမ်းပြ နိုင်မှုအရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေး ပြည့်ဝနေဖို့လည်း အစဉ်ကြိုးစားစေချင်ပါတယ်။”ဟု ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှာကျင်းပခဲ့သည့် ပညာရေးဝန်ကြီးဌာန ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) တွင်မိန့်ကြားခဲ့ပါကြောင်း၊

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် ပညာသင်ယူ နေကြသည့်ကျောင်းသူ ကျောင်းသားစုစုပေါင်း ၁.၆ ဘီလီယံနှင့် အခြေခံပညာ ဆရာမ ဆရာ စုစုပေါင်း ၆၃ သန်းတို့ကို ထိခိုက်နစ်နာစေပါကြောင်း၊ကိုဗစ်-၁၉ ကပ်ဘေးအလွန်ကာလ နိုင်ငံတော်၏အနာဂတ်သည် ပညာရေးအရည်အသွေး ထိန်းသိမ်းမြှင့်တင်ပြီး အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များကို မွေးထုတ်ပေးမည့် ဆရာများ အပေါ်တွင်များစွာ မူတည်နေပါကြောင်း၊

ဆရာများသည် အတန်းတွင်းမှာသာမက စာသင်ခန်းပြင်ပ ကျောင်းပြင်ပမှာပါ လူငယ်လူရွယ်များကို အသိပညာပေးမည့်သူ၊ ဦးဆောင် လမ်းပြမည့်သူ ဖြစ်နေဖို့လိုပါကြောင်း၊ ဆရာများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စံနမူနာပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အမျှ လူ့အဖွဲ့အစည်းသည် ဆရာ၏ဦးဆောင် လမ်းညွှန်မှုကို တန်ဖိုးထားလေးစားအသိအမှတ်ပြုခံယူမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံ၏အနာဂတ် ကိုပုံဖော်ရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေး အထူးအစီအစဉ်များကို ချမှတ်ပြီး အလေးပေးလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးမှာ မည်သည့်ခွဲခြားမှုမျှ မရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူပပျောက်ရေးနှင့် သင်ယူမှုမဆုံးရှုံး စေရေး တို့ကို မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့်ကျောင်းသားများ၏ စဉ်ဆက်မပြတ် သင်ယူမှု အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ကာလ ဒေသအခြေအနေ လိုက်လျောညီထွေရှိသည့် သင်ယူမှု နည်းလမ်းများ(Face-to-face learning, online learning, offline learning, blended learning)ကို အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

ဆောင်ရွက်ရာတွင် ရုပ်မြင်သံကြား သင်ခန်းစာများကို ပညာရေးဝန်ကြီးဌာန၏ ပညာရေးအစီအစဉ်(Education Channel)မှလည်းကောင်း၊ အွန်လိုင်း သင်ခန်းစာ များကို မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform) မှလည်းကောင်း၊ အင်တာနက် မရနိုင်သည့်ကျောင်းသားများအတွက် DBE Boxes များနှင့်လည်းကောင်း စဉ်ဆက်မပြတ်သင်ယူနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းအပြင် နိုင်ငံပိုင်ရုပ်သံဌာန ဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြားအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် သင်ကြားပို့ချ ပေးကြမည့် ဆရာများသည် အဓိကအခန်းကဏ္ဍက ပါဝင်နေမည် ဖြစ်ပါကြောင်း၊

အနာဂတ်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကျောင်းသားလူငယ်များ ၂၁ ရာစုကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ ရရှိအောင် စုပေါင်းတာဝန်ယူ တာဝန်ခံပြီး အခက်အခဲများ ဖြေရှင်း၍ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် စုပေါင်းအားနှင့်ရုန်းကြရမှာ ဖြစ်ပါကြောင်း၊ လူငယ်များ အလုပ်အကိုင်ကောင်းများရရှိရေး၊ ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်လူငယ်များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်များ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ စိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်မည့် စွမ်းရည်များရှိစေရေး၊ အခြေခံပညာ၊ နည်းပညာနှင့်သက်မွေး ပညာနှင့်လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ စသည့် ပညာရေး ကဏ္ဍ အသီးသီးကို အားဖြည့်မြှင့်တင်ရေး တို့တွင် ဆရာများသည် အရေးအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း၊

ဆရာများသည် ကျေးဇူးတင်ထိုက်သော ထာဝရဆရာများအဖြစ် တပည့်များ၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူများအားလုံးက တန်ဖိုးထား လေးစားအသိအမှတ်ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း နှစ်စဉ် ကမ္ဘာ့ဆရာများနေ့တွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဆရာကြီးများ၊ ခွင့်ရက်မပျက် ဆရာမ များ ဂုဏ်ပြုချီးမြှင့်လျက်ရှိရာ ယခုနှစ်တွင်လည်း ကိုဗစ်အခြေအနေအရ အွန်လိုင်းကနေ အသိအမှတ်ပြုကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ် ဆောင်ရွက်ထားပါကြောင်း၊

ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဆရာကြီး(၁၄)ဦး၊ ခွင့်ရက်မပျက် ဆရာမ (၆)ဦး၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ နိုင်ငံတော်၏ လိုအပ်ချက်အရ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ် တက္ကသိုလ်တို့တွင် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းပို့ချခြင်း၊ စာမေးပွဲ လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများအတွက် အခက်အခဲများ ကြားက စွမ်းစွမ်းတမံ သွားရောက် တာဝန်ထမ်းခဲ့ကြသည့် ဒေသအသီးသီးမှ တက္ကသိုလ် ဆရာမ ဆရာ စုစုပေါင်း(၅၅)ဦး တို့ကိုလည်း အွန်လိုင်းကနေ အသိအမှတ်ပြု ကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ဆောင်ရွက်ထားသည်ကို အသိပေး အပ်ပါကြောင်း၊

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်းချက် ပန်းတိုင်နှင့် မဟာဗျူဟာမြောက်အပြောင်းအလဲ (၉)ရပ်ဖြစ်သည့် (၁)မူကြိုနှင့် သူငယ်တန်းပညာရေး၊ (၂)အခြေခံပညာရေး အခွင့် အလမ်း၊ အရည် အသွေးနှင့် လူတိုင်းအကျုံးဝင်မှု၊ (၃)အခြေခံပညာသင်ရိုးညွှန်းတမ်း (၄)ပညာရည်စစ်ဆေး အကဲဖြတ်ခြင်းနှင့် စာမေးပွဲများကျင်းပခြင်း (၅)ဆရာအတတ်ပညာရေးနှင့် စီမံခန့်ခွဲမှု (၆) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး (၇)နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး (၈)အဆင့်မြင့် ပညာရေးနှင့် (၉)စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည်မြှင့် တင်မှုနှင့် အရည်အသွေး အာမခံမှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

အခြေခံပညာကဏ္ဍတွင် ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် ကို ပြုစုရေးဆွဲခဲ့ပြီး အညွှန်းဘောင်၏ ပညာရပ်နယ်ပယ် (၄)ခုဖြစ်သည့် (က) ဆရာအတတ် ပညာဆိုင်ရာ အသိပညာနှင့် နားလည် သဘောပေါက်မှု (ခ) ဆရာအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် လက်တွေ့ကျင့်သုံးမှုများ (ဂ)ဆရာအတတ်ပညာဆိုင်ရာ တန်ဖိုးထားမှုနှင့် သဘောထားခံယူချက်များနှင့် (ဃ) ဆရာအတတ်ပညာဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်မှုဟူ၍ နယ်ပယ် (၄)ရပ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ့အတတ်ပညာရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတွင် ပညာရေး ကောလိပ် (၂၅)ကျောင်းအား (၂)နှစ်သင် ပညာရေးကောလိပ်မှ (၄)နှစ်သင် ပညာရေးအထူးပြုဘွဲ့ပေးအပ်သော ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊

ပုံမှန်ရာထူးတိုး အခွင့်အလမ်းများဖြစ်သည့် ပညာအရည်အချင်းနှင့် ဆန္ဒပြုမှုများအရ သတ်မှတ်ချက်ကိုက်ညီသည့် မူလတန်းပြများသည် အလယ်တန်းပြ ရာထူးတိုး လျှောက်ထားနိုင်သလို၊ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် အလယ်တန်းပြများသည် အထက်တန်းပြ ရာထူးတိုး လျှောက်ထားနိုင်သည့်အပြင် မူလတန်းပညာရေးအတွင်း၊ အလယ်တန်း ပညာရေး အတွင်းများတွင်လည်း ရာထူးတိုးအခွင့်အလမ်းတွေ ပညာအရည်အချင်းအရ ပိုမိုရွေးချယ်ပိုင်ခွင့် ရှိလာမှာဖြစ်ပါကြောင်း၊

ဘဝတစ်သက်တာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာသာမက မေတ္တာ၊ ကရုဏာ အပြည့်ဖြင့် တပည့်များကို သင်ကြားပို့ချပေးခဲ့ကြပြီး အငြိမ်းစားယူ သွားကြသည့်ဆရာကြီး ဆရာမကြီးများ၊ မိမိတို့တာဝန်ထမ်းရာ ဒေသများတွင် ပညာရေးတာဝန်များကို အခက်အခဲ အမျိုးမျိုးကြားက စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေကြသည့်ဆရာဆရာမများ အားလုံး ကပ်ဘေးအန္တရာယ် ကင်းဝေး၍ ကျန်းမာ လုံခြုံမှုရှိကြပါစေ၊ အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုများ ဆွတ်ခူး နိုင်ကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်း အသီးသီးမှာ မိမိတို့ကျရာ အခန်းကဏ္ဍက ပါဝင် အကျိုးပြုနိုင်ကြပါစေ၊ နိုင်ငံတော်နှင့် ပြည်သူများက ကျေးဇူးတင် တန်ဖိုးထား လေးစားခံရသူများ ဖြစ်ကြပါစေဟုဆန္ဒပြုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင် က ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်း က မြန်မာနိုင်ငံဆရာများ အဖွဲ့ချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး(၁၄)ဦး၏ ဆောင်ရွက်မှုအကျဉ်းချုပ်နှင့် (၂၅)နှစ်နှင့်အထက် ကျောင်းတက်မပျက်သော ဆရာမ(၆)ဦးနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ သံတွဲမြို့နှင့် သက္ကေပြင် တို့တွင် အဝေးသင် အနီးကပ် သင်တန်းပို့ချခြင်းနှင့် စာမေးပွဲအောင်စာရင်း လုပ်ငန်းများအတွက် အခက်အခဲများကြားက စွမ်းစွမ်းတမံ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ (၅၅)ဦး၏ အမည်များကို တင်ပြသည်။

ယင်းနောက် ဆရာများအတွက် စံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ “ရှေ့ဆက် တက်လှမ်း အနာဂတ်လမ်း ပံ့ပိုးကူညီလက်တွဲမည်” ဗီဒီယို ပြသခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.