ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ


Date : 16 October, 2020

6

Oct 16
နေပြည်တော် အောက်တိုဘာ ၁၆
ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ပါဝင်ဆောင်ရွက်ပေးမည်
အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကို ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များရှိပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရုပ်သံအစီအစဉ်များနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းစာများတွင် ဆောင်ရွက်နေသည့် အစီအစဉ်များလည်းရှိပါကြောင်း၊ ထို့အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် နေသည့် အစီအစဉ်များလည်း ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက် စေလိုသည့် အစီအစဉ်များရှိပါကလည်း ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
တက္ကသိုလ်အားလုံး၏ မိခင်တက္ကသိုလ်
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် သက်တမ်းနှစ် (၁၀၀)ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် တက္ကသိုလ်အားလုံး၏ မိခင် တက္ကသိုလ်ကြီးဖြစ်ပြီး နိုင်ငံတကာတက္ကသိုလ်များ၏ စနစ်အတိုင်း ယခင်က ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကို ကိုဗစ်-၁၉ အခြေအနေအရ မည်သို့ကျင်းပနိုင်မည်ဆိုသည်ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားတွင် ထည့်သွင်းသင့်သည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြီးစီးမှုနှင့် ဆက်လက်ထုတ်လွှင့်ရန် လျာထား ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်တွင် ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များအတွက် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာန ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့အတူ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ရန်ကုန် တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ထည့်သွင်းကျင်းပသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အစီအစဉ်အဖြစ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ကျင်းပ နေမှု အခြေအနေနှင့် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်းပြိုင်ပွဲများ ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.