Date : 22 November, 2020

2

Webp.net-gifmaker

နေပြည်တော် နိုဝင်ဘာ ၂၀

ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံကအွန်လိုင်းမှ တာဝန်ယူကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး (11th ASEAN Education Ministers Meeting) သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အာဆီယံအထွေထွေအတွင်းရေးမှုးချုပ်တို့ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးများက အလှည့်ကျ မိန့်ခွန်းပြောကြားခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ပညာရေးစနစ်များ ပြောင်းလဲခဲ့ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် အနာဂတ်၌ ထပ်မံကြုံတွေ့လာနိုင်သည့် ကိစ္စရပ်များကို အကောင်းဆုံးရင်ဆိုင်နိုင်ရန်အတွက် လက်ရှိပညာရေးစနစ်ကို ပြန်လည်ပုံဖော်ရာတွင် အစိုးရများနှင့် ပညာရေးဌာနများအနေဖြင့် စိန်ခေါ်မှုများရင်ဆိုင်နေရပါကြောင်း၊

မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့် ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဇူလိုင်လ (၁၇) ရက်က မြန်မာနိုင်ငံတစ်ဝန်းရှိ အထက်တန်းကျောင်းပေါင်း (၇၁၇၃) ကျောင်း ရှိသည့်အနက် (၆၅၂၆) ကျောင်းကိုဖွင့်လှစ်ခဲ့ပါကြောင်း၊ သို့သော် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် အဆိုပါကျောင်းများကို ဩဂုတ်လ (၂၇) ရက်နေ့၌ ပြန်လည်ပိတ်ခဲ့ရပါကြောင်း၊

ဗွီဒီယိုသင်ခန်းစာများကိုလည်း ပညာရေးဝန်ကြီးဌာန၏ Education Channel မှတစ်ဆင့် ထုတ်လွှင့် ပေးနေသကဲ့သို့ ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြန်မာဒီဂျစ်တယ်ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform) မှတစ်ဆင့် အွန်လိုင်းသင်တန်းများပို့ချပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိကျောင်းသားများသင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေးဟူသောပညာရေးဝန်ကြီးဌာန၏ မူဝါဒအပေါ် အခြေခံလျက် အစိုးရနှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားလိုင်းများနှင့် FM ရေဒီယိုတို့နှင့် ပူးပေါင်းကာ လေ့လာသင်ယူမှု အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ် သင်ကြား-သင်ယူမှု ဆိုင်ရာ Toolkits များကိုအင်တာနက်လိုင်းများ မရရှိနိုင်သည့် ဝေးလံခေါင်ဖျား ဒေသများတွင် အသုံးပြုနိုင်ပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ်သင်ခန်းစာများကို ပြုစုလျက်ရှိသကဲ့သို့ Myanmar National Open University ဖော်ဆောင်နိုင်ရေးအတွက်လည်း လေ့လာဆွေးနွေးလျက် ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကိုရေးဆွဲရာတွင် ကျောင်းသားကျောင်းသူများ လူသားကောင်းစိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက် တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ဆန်းသစ်တီထွင်မှုကိုဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု(IQ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေးနိုင်မှု (EQ) နှင့် ၂၁ ရာစုအရည်အသွေးများ ပြည့်ဝစေရေးအတွက် ဦးတည်ဆောင်ရွက် သွားမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ၊ မဟာဗျူဟာများ၊ မူဝါဒများနှင့်အတူ အာဆီယံပညာရေး စီမံချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) ၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် လာမည့် (၁၀) နှစ်အတွင်း အကောင်အထည်ဖော်မည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်းပုံဖော်သွားမည်ဖြစ်ပါကြောင်း၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၂၀ ခုနှစ်)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) (၂၀၃၀) ၏ ရည်မှန်းချက်များ၊ အမျိုးသားပညာရေးဥပဒေ(၂၀၁၄)၊ သိပ္ပံနှင့်နည်းပညာဥပဒေ(၂၀၁၈)၊ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု (CESR) (၂၀၁၆)၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း နှစ်လယ်သုံးသပ်ချက် အစီရင်ခံစာ(၂၀၁၉)မှ ထောက်ခံအကြံပြုချက်များ အပါအဝင် အစီရင်ခံစာများ၊ တင်ပြချက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ Stakeholders များ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို ပေါင်းစပ်ကာ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) မူကြမ်းကို ရေးဆွဲပြုစုသွားမည် ဖြစ်ပါကြောင်း၊

၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ကျင်းပခဲ့သော ဆီမီယိုအစည်းအဝေးရလဒ်များနှင့် ဦးစားပေး (၇) ရပ်တို့ကိုမိမိတို့ အနီးကပ်ပူးပေါင်း အကောင်အထည်ဖော်သွားကြမည် ဖြစ်ပါကြောင်း၊ သဘာဝအရင်းအမြစ်များမှာ အကန့်အသတ်ရှိပြီး လူသားအရင်းအမြစ်များမှာ ပိုမိုတန်ဖိုးရှိပါကြောင်း၊ သင်ယူလေ့လာမှုမှာမူ အနန္တအရင်းအမြစ်များဖြစ်ပြီး အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံဒေသတွင် တစ်သက်တာ ဒီဂျစ်တယ်ပညာရေး အခွင့်အလမ်းမြှင့်တင်ခြင်းဖြင့် ၂၁ ရာစုအရည်အသွေးများပိုင်ဆိုင်ရန် တစ်သက်တာ သင်ယူမှုများကို လေ့ကျင့်ပျိုးထောင် သွားကြမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး ကျန်းမာပျော်ရွှင်စေရန်နှင့် (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် အောင်မြင်စွာ ကြေညာနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၁၁) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေးပူးတွဲကြေညာချက် ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.