ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ


Date : 20 November, 2020

5

Webp.net-gifmaker

နေပြည်တော် နိုဝင်ဘာ ၁၉

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကိုယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် သုတေသနစင်တာ၌ “Sustainable Development Goals to Transform Peaceful and Prosperous Myanmar” ခေါင်းစဉ်ဖြင့် Video Conferencing စနစ်ကိုအသုံးပြုကာ ကျင်းပပါသည်။

ရှေးဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင်  ယနေ့အခမ်းအနားသို့ ကြွရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင့်မှုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင့်မှု ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ ဆရာဆရာမများ၊စာတမ်းဖတ်ကြားဆွေးနွေးကြမည့် ဆရာဆရာမများ ၊ပညာရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အခမ်းအနား တက်ရောက်လာသူများ အားလုံးကျန်းမာပျော်ရွှင်၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေရန် နှုတ်ခွန်းဆက်သပါကြောင်း၊

ရန်ကုန်တက္ကသိုလ်သည် ပြည်ထောင်စုကြီးတွင် နေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမ ပြည်သူအားလုံး၏ နှလုံးသားဖြစ်သလို ပြည်ထောင်စုကြီးတွင်ရှိသည့် တက္ကသိုလ်အားလုံး၏မိခင် ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် တန်ဖိုးထားမြတ်နိုးကြပါကြောင်း၊ တက္ကသိုလ်၏အသက်သွေးကြောသည် သုတေသနဖြစ်သည့် အတွက် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အဖြစ် ယခုသုတေသန စာတမ်းဖတ်ပွဲကို Sustainable Development Goals to Transform Peaceful and Prosperous Myanmar ခေါင်းစဉ်ဖြင့် ဦးစီးကျင်းပသည့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဖိုးကောင်းနှင့် တာဝန်ရှိသူများ၊ စာတမ်းဖတ်ကြားသည့် ဆရာဆရာမ၊ ပညာရှင် (၇၆) ဦး တို့ကိုလည်းအထူးဂုဏ်ပြု အပ်ပါကြောင်း၊  ၂၀၁၆ ခုနှစ် Sustainable Development Report တွင် မြန်မာနိုင်ငံ၏ SD အညွှန်းကိန်းမှာ ၄၄.၅ ဖြစ်၍ ၂၀၂၀ ခုနှစ်တွင် SD အညွှန်းကိန်းမှာ ၆၄.၆ ထိ တိုးတက် လာပါသည်ကို တွေ့ရမှာဖြစ်ပါတယ်။ ယခုသုတေသနညီလာခံကလည်း SD အညွှန်းကိန်းများနှင့် နိုင်ငံတကာ တက္ကသိုလ်အဆင့် မြင့်မားလာစေရေးတို့ကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊

COVID-19 ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနေရသည့် ကာလဖြစ်၍ ယခုသုတေသန ညီလာခံကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စီစဉ်ကျင်းပရခြင်းဖြစ်သောကြောင့် ဆရာဆရာမများ အားလုံးတို့ကိုရှိရင်း အရင်းအမြစ်နှင့် တီထွင်ကြံဆဖြေရှင်းဆောင်ရွက်တတ်အောင် သင်ကြားသင်ယူပေးသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးတို့၏ ကျေးဇူးအင်မတန်ကြီးမားပါကြောင်း၊ ယခုသုတေသနညီလာခံတွင် သုတေသန စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ အမြင်ချင်းဖလှယ်ကာ အကြံဉာဏ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း လူ့အဖွဲ့အစည်းများကို ကူညီပံ့ပိုးရန် ကြိုးစားဆောင်ရွက်ခြင်း၊ ကျောင်းသားကျောင်းသူများအား စာတွေ့ လက်တွေ့ လုပ်ငန်းခွင်နှင့် ချိတ်ဆက်ပေးရန် ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို အထူးဂုဏ်ယူစွာချီးကျူးပါကြောင်း၊

သဘာဝသယံဇာတ အရင်းအမြစ်များသည် limited resources ဖြစ်ပါကြောင်း၊ သင်ယူခြင်း Learning ကမူinfinite resources အနန္တအရင်းအမြစ်များဖြစ်သလို infinite treasure အနန္တ ရတနာသိုက် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး၏ အမှတ်တံဆိပ်တွင် ဖော်ပြထားသည့်  “နတ္ထိဝိဇ္ဇာ၊ သမံမိတ္တံ“ ၏ဆိုလိုရင်းမှာ “ပညာသင်ယူခြင်းနှင့် တူသောမိတ်ဆွေသည် မရှိ” ဟူသည့်အတိုင်း ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး မိမိ၏မိတ်ဆွေစစ် မိတ်ဆွေမှန်ကသင်ယူခြင်းဖြစ်၍ တစ်သက်တာလုံးသင်ယူကြစေလိုပါကြောင်း၊

ယနေ့ခေတ်ကာလ၌ ပညာသင်ယူရာတွင် Knowledge, Skills အသိပညာ၊ ကျွမ်းကျင်မှုများအရေးကြီးသလို Personal Skills, Social Skills တွေကလည်းတန်းတူအရေးကြီးပါကြောင်း၊ လူတိုင်းအားလုံးက သင်ယူရင်းအလုပ်လုပ်မယ်၊ အလုပ်လုပ်ရင်း ကိုယ်ပိုင်အားလပ်ချိန်တွင် သင်ယူကြမယ်ဆိုရင် ကိုယ့်လုပ်ငန်း အရည်အသွေးကောင်းကောင်းနှင့် များများထုတ်လုပ်နိုင်၊ဝန်ဆောင်မှုပေးနိုင်လို့ဝင်ငွေ၊အမြတ် များများရပြီး လူမှုစီးပွားတွေ အဆင်ပြေမည်ဖြစ်ပါကြောင်း၊ ဒါကြောင့် လုံခြုံကျန်းမာအရည်အသွေးရှိသော သင်ယူမှုဝန်းကျင်တွင် အကျိုးရှိသည့် တစ်သက်တာသင်ယူမှုအခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် ဝင်ငွေကောင်းသည့် အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာဖြစ်သလို ငြိမ်းချမ်းသာယာလှပတဲ့ဘဝတွေ အတွက်လည်းများစွာအထောက်အကူပြုမှာဖြစ်ပါကြောင်း၊

ရန်ကုန်တက္ကသိုလ်ကြီးသည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့အတွက် အကျိုးရှိသည့် ဘာသာရပ်များကို တစ်သက်တာသင်ယူနိုင်သည့် ဂုဏ်ဆောင် တက္ကသိုလ်ကြီးဖြစ်ပြီးကမ္ဘာတည်သရွေ့ တည်တံ့ပါစေရန် ဆုမွန်ကောင်း ပို့သပါကြောင်းစသည်ဖြင့်ပြောကြားသည်၊

ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲနှင့် ဟောပြောပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း တို့က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် သုတေသနစာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် စာတမ်းများကို ဖတ်ကြားကြသည်။

အဆိုပါ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် သုတေသနညီလာခံကို နိုဝင်ဘာ (၁၉)ရက်မှ (၂၀) ရက်နေ့ အထိ (၂)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီးတက္ကသိုလ်(၄၂)ခုမှ ဆရာဆရာမ သုတေသနစာတမ်း ပညာရှင် (၇၆) ဦးတို့က သုတေသနစာတမ်း (၇၆) စောင်ကို ဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.