ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား Virtual Event ဖြင့်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ


Date : 24 November, 2020

5

Webp.net-gifmaker(1)

‌နေပြည်တော် နိုဝင်ဘာ ၂၃

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့် သဘင်အခမ်းအနား Virtual Event ဖြင့် အောင်မြင်စွာကျင်းပနိုင်‌ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဌာန မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့် သဘင်အခမ်းအနားကို Virtual စနစ်ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များတွင် ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် တတ်နိုင်သရွေ့ ဝိုင်းဝန်းပါဝင် ဆောင်ရွက် လျက်ရှိပါကြောင်း။

ပါဝင်ဆောင်ရွက်

ထိုသို့ဆောင်ရွက်ရာတွင် ရာပြည့် သဘင်အခမ်းအနားအပြင် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင် ရွက်နေသည့် အခြားအစီအစဉ်များ ရှိပါကြောင်း၊ ရန်ကုန် တက္ကသိုလ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်လျက်ရှိသည့် ရုပ်သံအစီ အစဉ်များလည်းရှိပါကြောင်း၊ သတင်း နှင့်စာနယ်ဇင်းလုပ်ငန်းက ထုတ်ဝေ လျက်ရှိသည့် သတင်းစာများတွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဆောင်းပါးများ၊ အင်တာဗျူးများကိုလည်း ဖော်ပြ‌ပေး လျက် ရှိပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ပြပွဲ၊ ပြိုင်ပွဲအစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့် ရာပြည့်နှင့်ပတ်သက်၍ ဗဟိုကော်မတီနှင့် ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်များကိုလည်း အများပြည်သူ သိရှိနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၊ သတင်းစာများနှင့် လူမှု မီဒီယာများမှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် တေးသီချင်းများ၊ ဂုဏ်ပြုအစီအစဉ်များ၊ TV Spot များ၊ Theme Song များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးလျက် ရှိပါ ကြောင်း။

တက္ကသိုလ်ဖွဲ့ တေးသီချင်းအပုဒ် ၁၀၀ ကိုလည်း အပတ်စဉ်ထုတ်လွှင့် ပေးလျက်ရှိသည်ကို အားလုံးသိရှိကြ ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်အငြိမ့် များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် လုပ်ငန်း ကော်မတီများ၏ အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိပါကြောင်း။

အသိပေးဖော်ပြ သွားမည်

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အခမ်းအနားကို လူစုလူဝေးဖြင့် ပွဲကြီးလမ်းကြီး အဖြစ် မကျင်းပနိုင်တော့သော်လည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် Virtual Celebration အဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနား ကျင်းပမည့်အကြောင်းကို အများပြည်သူသိရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် အသိပေးဖော်ပြ သွားမည်ဖြစ်သည့်အပြင် ရန်ကုန်မြို့တွင် Bill Board များဖြင့် ကြော်ငြာနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များနှင့် အညီ New Normal ပုံစံဖြင့် ဆောင်ရွက်ကြရပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဗဟိုကော်မတီမှ တာဝန်ပေးသည့် ရာပြည့်တက္ကသိုလ် မြကျွန်းညိုခေါင်းစဉ်ဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ကျင်းပခဲ့သည့်အပြင် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိ သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုချီးမြှင့် သွားမည်ဖြစ်ပြီး ကျန်သည့်ပြိုင်ပွဲတွင် ဆုရရှိသူများကို ပညာရေးဝန်ကြီးဌာနက ဆုချီးမြှင့်ပေးသွားမည် ဖြစ်ပါ ကြောင်း။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်အချိန်နှင့် ကြုံကြိုက်သည်မှာ ကံကောင်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် တချို့အစီအစဉ် များကို လျှော့ခဲ့ရသော်လည်း ရာပြည့် အခမ်းအနားကို ရာပြည့် ပြည့်မြောက် သည့်အချိန်ကာလတွင် ရာပြည့်ပွဲ ပီပီသသဖြစ်မြောက်စေရန် တတ်နိုင် သမျှ ဝိုင်းဝန်းကြိုးပမ်းနေကြခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ယခုဆောင်ရွက်နေသည့် အစီအစဉ်များအပြင် ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များ ရှိနေပြီး ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး၏ နှလုံးသည်းပွတ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေရသည့် အတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် Virtual Celebration ကျင်းပရန် ညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း။

အစီအစဉ် ၁၀၀ ဝန်းကျင်ရှိ

ရန်ကုန်တက္ကသိုလ် ရာပြည့် အခမ်းအနားနှင့် ပတ်သက်၍ ဆောင်ရွက်ရန် အစီအစဉ် ၁၀၀ ဝန်းကျင်ရှိပါကြောင်း၊ အဆိုပါအစီ အစဉ်များမှ အများစုကို ပြန်ကြားရေး ဝန်ကြီးဌာန၏ ကူညီပံ့ပိုးပေးမှုဖြင့် စီစဉ် ဆောင်ရွက်နိုင်ခြင်းဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင် အခမ်းအနား စနစ်တကျ အောင်အောင်မြင်မြင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ ၁၇ ခု ဖွဲ့စည်းပြီး အစီအစဉ် ၇၀ နီးပါးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် မတ်လနောက်ပိုင်းမှ စတင်၍ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများမှလွဲ၍ ကျန်သည့် အစီအစဉ်များကို ဆောင်ရွက်နိုင်ပါကြောင်း၊ အားကစား ပြိုင်ပွဲများကိုလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ ယခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၊ မတ်လများက အားကစားပြိုင်ပွဲများနှင့် အချို့ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ဂုဏ်ပြုချီးမြှင့်

ပြိုင်ပွဲဝင်ဆုနှင့် ဂုဏ်ပြုလက်မှတ် များ ချီးမြှင့်သည့် အဆိုပြုအခမ်းအနား အစီအစဉ် ၇ ခု တွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် သုတေသနစာတမ်း ဖတ်ပွဲကျင်းပရေးကော်မတီ ပါမောက္ခ ချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုး ဦးစီးပြီးဆောင်ရွက်ခဲ့သည့် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပမှု ဗီဒီယိုနှင့် ဂုဏ်ပြုချီးမြှင့်သည့် အစီ အစဉ်ကို ထည့်သွင်းသွားမည် ဖြစ်ပါ ကြောင်း။

ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်အခမ်းအနားကို MRTV Face-book Page မှ တိုက်ရိုက်ထုတ်လွှင့်ရန် MRTV ဘက်မှ စီစဉ်ထားရှိသကဲ့သို့ ရန်ကုန်တက္ကသိုလ် ကျောင်းသား ဟောင်းများ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ တိုင်းရင်းသားပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုနိုင် ရန်အတွက် ရန်ကုန်တက္ကသိုလ် Face-book Page မှလည်း ထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်စေလိုပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား Virtual Celebration ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးသည့် တာဝန်ရှိသူ အားလုံးကို ပညာရေးဝန်ကြီးဌာနမှ ကျေးဇူးတင်ပါကြောင်း၊ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသ ကြီး ရန်ကုန်မြို့တွင် ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို ပြည်ထောင်စု အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်ဦးစီးပြီး ပြင်ဆင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေးကြီး ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေပြီး ရန်ကုန်တိုင်းဒေသကြီး သည်လည်း ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အခမ်းအနားကို Virtual ဖြင့် အွန်လိုင်း မှ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးကြသူ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ် များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကျင်းပနိုင်ရေး ဆောင် ရွက်ထားမှုများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေး ကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဋ္ဌ ဆေးတက္ကသိုလ် (၁)ပါမောက္ခ ချုပ် ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းနှင့် တက်ရောက်ကြသူများက အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။



Bookmark the permalink.

Comments are closed.