အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan – NESP) (2021-2030) ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 5 January, 2021

1

Jan 5

နေပြည်တော် ဇန်နဝါရီ ၅

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan – NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များမှ တာဝန်ရှိသူများ အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားသည်မှာ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး‌ရေးဆွဲတဲ့ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) National Education Strategic Plan- NESP (2021-2030) ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာ ကော်မတီဝင်များ နှင့် ညှိနှိုင်းဆွေးနွေးခွင့်ရရှိတဲ့အတွက် အင်မတန်မှ ဝမ်းမြောက်မိပါကြောင်း၊ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအုတ်မြစ်တစ်ခု ဖြစ်တာနဲ့အညီ နိုင်ငံရဲ့အရေးကြီးဆုံးဖြစ်တဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို ယခုကဲ့သို့ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးတဲ့အတွက် ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နှင့်တကွ တာဝန်ရှိသူများအားလုံးကိုအထူးပင် ကျေးဇူးတင်ရှိကြောင်း၊

အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့များအလိုက် သီးသန့်ဆွေးနွေးပွဲတွေ ပြုလုပ်ပေးတဲ့အတွက် အကျိုးရှိပြီး ထိရောက်တဲ့ မဟာဗျူဟာ တစ်ရပ် ပေါ်ပေါက်လာမယ်လို့ အပြည့်အဝ ယုံကြည်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းဟာ နိုင်ငံတော်ရဲ့ လူ့စွမ်းအား အရင်းအမြစ်အုပ်စုဖြစ်တဲ့ ကလေးသူငယ်၊ လူငယ်တွေ ဘက်စုံဖွံ့ဖြိုးဖို့အတွက် အဓိကရည်ရွယ်ပြီးရေးဆွဲတာကြောင့် မိမိတို့လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူရတဲ့ ဌာနတွေဖြစ်တဲ့ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့နဲ့ အဓိကဆက်စပ်နေတာဖြစ်ပါကြောင်း၊ နိုင်ငံတော်မှာ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ရေးဆွဲတဲ့နေရာမှာ နောက်ခံအကြောင်း အရာ၊ ဖြစ်ပေါ်နေတဲ့အခြေအနေ၊ သတင်းအချက်အလက် စတာတွေကို စုစည်းရယူပြီး ဆောင်ရွက်ရတာ ဖြစ်ပါကြောင်း၊ ဒီနေရာမှာ ရေရှည်မျှော်မှန်းပြီး ဦးစားပေးပန်းတိုင်များ ချမှတ်ခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် ပြန်လည်သုံးသပ် ခြင်း အစီအစဉ်များကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရတာ ဖြစ်ပါ ကြောင်း၊ (၂၈.၁၂.၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် “နိုင်ငံတိုင်း မှာ သဘာဝသယံဇာတအရင်းအမြစ်တွေ အနည်းနဲ့အများဆိုသလို ရှိသော်လည်း ထုတ်ယူ သုံးစွဲဖို့အတွက် အင်မတန်လွယ်ကူ မြန်ဆန်ပါကြောင်း၊ လူသားအရင်းအမြစ်တွေက သာ သုံးလို့မကုန်နိုင်တဲ့ အရင်းအမြစ်တွေဖြစ်တာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် တည်တံ့ဖို့ အတွက် နိုင်ငံသားတွေရဲ့ စွမ်းရည်အရင်းအမြစ်တွေကို စဉ်ဆက်မပြတ် မြှင့်တင် ပေးရမှာ ဖြစ်ကြောင်း၊ အခြေခံကျကျ အားထားရမှာကတော့ မိမိတို့ရဲ့ လူငယ်တွေပင် ဖြစ်ကြောင်း” မှာကြားထားရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စွမ်းရည်အရင်း အမြစ်တွေ တိုးပွားလာဖို့ စဉ်ဆက်မပြတ်မြှင့်တင်ပေးမဲ့ ဒီအမျိုးသားပညာရေး မဟာဗျူဟာစီမံချက်ကြီးကို ရေးဆွဲနေတဲ့ အတွက်ကြောင့် ဂုဏ်ယူမိပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူငယ်ဦးရေ တစ်ဘီလီယံခန့်ရှိရာ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းခန့်မှာ လူငယ်များဖြစ်ကြပါကြောင်း၊ လူငယ်ဦးရေ၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်လျက်ရှိပြီး အာရှဒေသတစ်ခုအတွင်းမှာပင် ၆၀ ရာခိုင်နှုန်းခန့် ရှိနေပါကြောင်း၊ ကမ္ဘာ့လူငယ်ထုရဲ့အခြေအနေမှာ များသောအားဖြင့် ဒေသများ အကြား၊ နိုင်ငံများအကြား၊ လူ့အဖွဲ့အစည်းများအကြား၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ နှင့်ယဉ်ကျေးမှု အရ ကွာဟမှုများ၊ မတူညီမှုများကို ဆိုးရွားစွာကြုံတွေ့နေရပါကြောင်း၊ ဒီလိုဆိုးရွားတဲ့အခြေအနေ တွေကို မကြုံတွေ့စေဖို့အတွက် ပညာရေးကဏ္ဍက ပြောင်းလဲဖွံ့ဖြိုး တိုးတက်ရေးဟာ အဓိကအရေးပါတဲ့ကဏ္ဍမှာ ပါဝင်ပါကြောင်း၊ ဒါကြောင့် အခုရေးဆွဲတဲ့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)မှာ လူငယ်တွေရဲ့ လက်ရှိအခြေအနေတွေကို ထင်ဟပ်တဲ့ လူငယ်များရဲ့အသံပါဝင်စေဖို့ အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ် အလားအလာကောင်းများကို ဖြည့်ဆည်းနိုင်ရေးအတွက် လူငယ်များ၏ စွမ်းရည် မြှင့်တင်ရန်နှင့် ပါဝင်မှုအခန်းကဏ္ဍကို တိုးမြှင့်ရန် ရည်ရွယ်၍ လူငယ်များပါဝင် ရေးဆွဲခဲ့သော ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်တဲ့ လူငယ်ရေးရာ မူဝါဒမှာပါတဲ့ အဓိကကဏ္ဍ (၁၆) ရပ်မှာ ပညာရေးကဏ္ဍကို ထိပ်ဆုံးက ဖော်ပြထားရှိပါကြောင်း၊ ဆက်လက်၍ မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်မှန်းချက်၊ လမ်းစဉ်နှင့် အညွှန်းကိန်းများ ပါဝင်သည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) ကို (၂၈.၁၂.၂၀၂၀) ရက်နေ့က မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒမှာ အထူးအလေးပေးရမယ့် လူငယ်များကို ဖော်ပြထားရှိပြီး အဓိကကဏ္ဍ (၁၆) ရပ်အဖြစ် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်း ဖြစ်မှု၊ သယံဇာတသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး/ ဘဝလုံခြုံ ရေး၊ ကျား၊ မ ညီမျှမှု၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍတို့ကို အကောင် အထည်ဖော်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားရှိပါကြောင်း၊ အဆိုပါ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)နဲ့ ပတ်သက်လို့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးတွေကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အလျင်အမြန် ဆောင်ရွက်သွားနိုင်ရန် မဟာဗျူဟာတစ်ခုချင်းစီအလိုက် လုပ်ငန်းစီမံချက်Action Plan များ ချမှတ်ရေးဆွဲသွားမှာ ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လူငယ်များကိုယ်တိုင်ပါဝင်လျက် လက်တွေ့ အပြောင်းအလဲများ ဖြစ်အောင်ဖော်ဆောင်ခွင့်ရရှိရေးနှင့် လူငယ်တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ အားလုံးပူးပေါင်းပါဝင်ခွင့်ရရှိရေးအတွက် ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အနာဂတ်စွမ်းအားစုတွေဖြစ်တဲ့ ကလေး သူငယ်၊ လူငယ်တွေအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ချမှတ်ရေးဆွဲတဲ့နေရာမှာ ထိခိုက်လွယ်အုပ်စုတွေထဲမှာ ပါဝင်တဲ့ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သောကလေး သူငယ်များ၊ လူငယ်များ၊ မသန်စွမ်းကလေးသူငယ်များ၊ လူငယ်များ၊ ရွှေ့ပြောင်းလုပ်သားလူငယ်များ၊ သဘာဝဘေးအန္တရာယ်နှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများ၊ မတူကွဲပြားစွာ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှု ရှိသည့် လူငယ်များ၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဝေးလံဒေသများမှလူငယ်များ၊ လူကုန်ကူးခြင်းခံရသူများ၊ မူးယစ်ဆေးဝါးစွဲ နေသူလူငယ်များနှင့် ဆေးဖြတ်ပြီးသူ လူငယ်များ၊ ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရသူလူငယ်များ၊ လိင်လုပ်သားလူငယ်များ၊ သက်ငယ် မုဒိမ်းမှုကျူးလွန်ခံရသူများအတွက် ထည့်သွင်းစဉ်းစားပြီး အရည်အသွေးပြည့်ဝပြီး လိုအပ် သော ကျွမ်းကျင်မှုများ ရရှိနိုင်စေရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များအပြင် အလုပ်သမားဈေးကွက်၏ လိုအပ်ချက်များအပေါ်မူတည်၍ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းအစီအစဉ်များကို ကျေးလက်ဒေသအထိ ရောက်ရှိ နိုင်စေရေး၊ ပညာသင်ယူရန်အခွင့်အလမ်းနည်းပါးသော ကလေးသူငယ်များအတွက် ကျောင်း ပြင်ပနှင့်တစ်သက်တာ ပညာရေးအစီအမံများကို သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူငယ်ရေးရာ ကော်မတီများပူးပေါင်း၍ ဆောင်ရွက်စေလိုပါကြောင်း၊ ဆက်လက်ပြီး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ အင်မတန်မှ အရေးကြီးတဲ့ အတွက် ကြောင့် စွန့်ဦးတီထွင်နိုင်ပြီး အလားအလာရှိသည့် လူငယ်များကို စနစ်တကျ ပြုစုပျိုးထောင် ပေးနိုင်ရေးဟာ ဦးစားပေးအခန်းကဏ္ဍအနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ဒါကြောင့် လူငယ်များအတွက် စီးပွားရေးနှင့်ပတ်သက်သည့် အတွေးအခေါ်အယူအဆများ၊ မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ်မြော်မြင်မှုများရရှိနိုင်စေရန် သင်တန်းများပေးခြင်းနှင့် ကုန်ထုတ်လုပ် မှုနှင့် ပတ်သက်၍လည်း Value Chain, Value Added တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်သည့် အရည်အသွေးများ ရရှိနိုင်စေရေးအတွက် ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ တတ်မြောက်ပြီးသူ လူငယ်လူရွယ်တို့အတွက် သင့်တော်သည့် အလုပ်သမားဈေးကွက်သို့ မိတ်ဆက်နိုင်ရေးနှင့် Small and Medium Enterprises-SME အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေများရယူနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ချိတ်ဆက် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာမှာ လမ်းကြောင်းတစ်ခုအနေနဲ့ ချမှတ်ခဲ့ဖို့ လိုအပ် ပါကြောင်းနှင့် နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံပြည်သူလူထုတစ်ရပ်လုံးအတွက် အဖိုးမဖြတ်နိုင်သည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ကို ချမှတ်ရေးဆွဲတဲ့နေရာမှာ အားသွန်ခွန်စိုက် ဆောင်ရွက်ကြပါသော ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဒီကနေ့ပါဝင် ဆွေးနွေးပေးပါသော မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ အဖွဲ့ဝင်များနှင့် လူငယ်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (NESP-2) ညှိနှိုင်းဆွေးနွေးပွဲများကို ၂၆ ကြိမ် ကျင်းပရန်လျာထားပြီး ယနေ့ဆွေးနွေးပွဲသည် ၂၅ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP) (2018-2030) နှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals – SDGs 2030) တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် NESP-2 အကောင်အထည်ဖော်ဆောင်ရွက်သည့်ကာလမှာ ၁၀ နှစ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း ပညာရေးကဏ္ဍတိုးတက် မှုသည် ရှေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရှေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) (၂၀၁၈-၂၀၃၀)၊ ရေရှည်တည်တံ့ ခိုင်မြဲသောဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals – SGD) (၂၀၃၀)၊ ယူနက်စကို၏ Future Education (2030)၊ OECD ၏ Future of Education and Skills (2030) တို့နှင့် လိုက်လျောညီထွေဖြစ်မှသာ လူငယ်များသည် ဂုဏ်သိက္ခာရှိသော လူ့ဘဝကိုပိုင်ဆိုင်နိုင်ရေးအတွက် အလုပ်အကိုင် ကောင်းကောင်းရရှိရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့်ပတ်သက်သော နိုင်ငံတကာအစီရင်ခံစာ ၂ စောင်ကို မိတ်ဆက်ရှင်းလင်းလိုပါကြောင်း၊

The Learning Generation: Investing in Education for a Changing World တွင် ဖော်ပြထားသည်မှာ ကမ္ဘာတွင် Automation နည်းပညာဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ကြောင်း၊ Artificial Intelligence, Robotics, Cloud Computing, Big Data, Internet of Things များ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်နေပါကြောင်း၊ လုပ်သားဈေးကွက် ပြောင်းလဲလာပါကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ အဆင့်မြင့်ကျွမ်းကျင်မှု (High Level Skills) များ အရေးပါလာကြောင်း၊ မကြာမီကာလများတွင် လူဦးရေတိုးလာသော်လည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် လက်ရှိအလုပ်အကိုင်များကို ဆုံးရှုံနိုင်ခြေများလာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းမှာလည်း လျော့နည်းလာမည်ဟု အဆိုပါစာအုပ်တွင် ခန့်မှန်းထားပါကြောင်း၊ အလုပ်အကိုင်အများစုမှာလည်း လစာနည်း၍ ဘဝလုံခြုံမှုအာမခံ နိုင်ရန်ခက်ခဲသဖြင့် အဆင့်မြင့်ကျွမ်းကျင်မှုစွမ်းရည်ရှိမှသာ အလုပ်အကိုင်ကောင်းကောင်းရရှိ နိုင်ကာ လစာကောင်းကောင်းရရှိ ခံစားနိုင်မည်ဖြစ်ပြီး မိသားစုဝင်ကလေးငယ်များ၏ အနာဂတ်လှပရန် ပံ့ပိုးပေးနိုင်မည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ကလေးငယ်များ အားလုံးအတွက် လိုအပ်သော အဆင့်မြင့်ကျွမ်းကျင်မှုရရှိစေရန်၊ ဆိုးရွားသောမညီမျှမှု (Worsening Inequality) များကို လျော့ချရန်၊ အနာဂတ်သုခချမ်းသာပြည့်ဝစေရေးအတွက် ပံ့ပိုး ဖြည့်ဆည်းရန်မှာ အရည်အသွေးရှိသောပညာရေး (Quality Education) ဖြင့်သာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဖော်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနက အရည်အသွေးရှိသောပညာရေး (Quality Education) ကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

OECD ၏ Future of Education and Skills 2030 Report ကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံ၏ လက်ရှိပညာရေးအဆင့် အနေအထားကို သိမြင်နိုင်မှာဖြစ်ပါကြောင်း၊ ရှေးထုံး စဉ်လာပညာရေး(Traditional Education System) တွင် လူနည်းစုကသာဆုံးဖြတ်ခြင်း၊ ဆရာများက ကျောင်းသားများကို သင်ကြားခြင်း၊ ကျောင်းသားများက သင်ကြားပို့ချသည်ကို အလွတ်ကျက်မှတ်ခြင်း၊ ဆရာများကသင်ကြား၍ ကျောင်းအုပ်များက စီမံခန့်ခွဲခြင်း၊ သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်းစံသတ်မှတ်ထားခြင်း၊ ကျောင်းသားများကို စံသတ်မှတ်ထားသည့် စာမေးပွဲများဖြင့် စစ်ဆေးအကဲဖြတ်ခြင်း၊ စာမေးပွဲရလဒ်ကိုသာ ဦးစားပေးခြင်းတို့ကို တွေ့ရှိရပါကြောင်း၊ New Normal Education တွင် တန်ဖိုးထားမှုများ၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးမှုပန်းတိုင်များ၊ သဘာဝ၊ ရွှေ့ပြောင်း နေထိုင်မှု၊ လူသက်တမ်းရှည်ကြာမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲ လာမှုများကို တွေ့ကြုံလာရပြီး အသင်းအဖွဲ့စိတ်ဓာတ်များ၊ လိုက်လျောညီထွေဖြစ်မှု (Flexibility)၊ ပွင့်လင်းမြင်သာမှု၊ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံမှုတို့ဖြင့် ကျောင်းနှင့်အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ယင်းအချက်များကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းရန်၊ ညှိနှိုင်းဆွေးနွေးရန်၊ အကြံပြုချက်များကို တန်ဖိုးထားပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ဒီဂျစ်တယ် သင်ယူမှု၊ စာသင်ခန်းတွင်း သင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှု၊ တစ်သက်တာသင်ယူမှုတို့ အရေးကြီးလာပါကြောင်း၊

ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြုပြင်ပြောင်းလဲမှုအခြေအနေကို ဆက်လက်တင်ပြလိုပါ ကြောင်း၊ NESP (2016-2021) ကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်ပံ့ပိုးပေးမှုဖြင့် ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၁၅) ပါ ဦးစားပေးလုပ်ငန်းများ၊ မူဝါဒများဖြစ်သည့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးရေးတို့ကို အခြေခံ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အမြဲပြောဆိုသော ဆန္ဒ၊ တည်ငြိမ်မှု၊ ဝီရိယ၊ ပညာ အရေးကြီးသဖြင့် မျှော်မှန်းရလဒ်များဖြစ်သော ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများတို့ကို ကူညီပူးပေါင်းဆောင်ရွက်တတ်သော၊ စာနာတတ်သည့် နှလုံးသားရှိသော ကမ္ဘာ့လူသားကောင်း ဖြစ်လာစေရေး၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် တတ်ရေး၊ တာဝန်ယူ တာဝန်ခံပြီး အကောင်းဆုံးဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးမှုတို့ရှိစေရေးတို့အတွက် အာမခံမှုပေးနိုင်မည့် အရည်အသွေးရှိသော ပညာရေးကို ဦးတည်လျက် စုပေါင်းအင်အားဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ ပညာရေးသည် နှစ်ပေါင်းများစွာ အားနည်းခဲ့သဖြင့် အရည်အသွေးရှိသော ပညာရေးကို အချိန်ယူဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ၂၀၁၆ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အထောက်အကူပြုရန်အတွက် တိုင်းရင်းသားဒေသများတို့ကို ဦးစားပေး၍ (၂၄၃၀၅) ကျောင်းကို အဆင့်တိုးမြှင့်ခဲ့သဖြင့် အခြေခံပညာကျောင်း စုစုပေါင်း (၄၇၇၆၀) ကျောင်းအထိ ကျေးရွာပေါင်း ၆ သောင်းအနက် ကျေးရွာအများစုတွင်ရှိလာခြင်း၊ စာသင်ခုံ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ သောက်ရေ/သုံးရေ၊ ကွန်ပျူတာ၊ ဆရာ ဆရာမအိမ်ရာများ စသည်တို့ကို ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ သင်ရိုးသစ်ဗလာစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ခြင်း၊ ပညာသင် ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ မသန်စွမ်းများအားလုံးကို ပညာသင်ထောက်ပံ့ခြင်း၊ ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ခြင်း၊ ၂၁ ရာစုကျွမ်းကျင်မှုဆိုင်ရာများကို သင်ကြား သင်ယူနိုင်ရန်အတွက်လည်း သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ်များကို JICA, ADB, EU တို့၏ အကူအညီဖြင့် ပြုစုပုံနှိပ်၍ အခမဲ့ဖြန့်ဝေခြင်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်းအညွှန်းဘောင် အရ ဒေသသင်ရိုးအဖြစ် သတ်မှတ်ထားသည့် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးငယ်များအတွက် တိုင်းရင်းသားစာပေ (၆၃) မျိုးသင်ကြားခြင်းနှင့် ဒေသခံ တိုင်းရင်းသားများကို Language Teacher များနှင့် Teaching Assistant များအဖြစ် ခန့်ထားခြင်း၊ ဒေသခံတိုင်းရင်းသားများကို သတ်မှတ်အရည်အချင်းနှင့်အညီ ပညာရေး ဒီဂရီကောလိပ်၊ ပညာရေး တက္ကသိုလ်များ၊ မူလတန်းဆရာဖြစ်သင်တန်းများတက်ရောက်ရန် အားပေးခြင်းနှင့် ဆရာ၊ ဝန်ထမ်းများအဖြစ် ရာထူး ခန့်/ပြောင်း/တိုး အားပေးဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများအားလုံးအား သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ်သစ်များ သင်ကြားသင်ယူ နည်းများကို (၂) ပတ်ကြာ သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာ အသုံးပြုနည်းသင်တန်းများ ပေးခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း Grade-5 သင်ယူပြီးမြောက်သူ ဦးရေ (၉၈၁၀၇၅) ဦးရှိလာသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကထက် ကျောင်းသားဦးရေ (၁၅၄၆၆၃) ဦး ပိုမိုလာခြင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်း Grade-9 သင်ယူပြီးမြောက်သူ ဦးရေ (၆၈၈၄၀၉) ဦးရှိလာသဖြင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကထက် ကျောင်းသားဦးရေ (၁၅၇၄၂၆) ဦး ပိုမိုလာခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဖြေဆိုသူဦးရေ (၉၁၀၂၂၉) ၊ အောင်မြင်သူဦးရေ (၂၉၁၇၉၈) ရှိလာသဖြင့် ၂၀၁၆ ခုနှစ်၊ မတ်လကထက် ဖြေဆိုသူဦးရေ (၂၇၃၉၉၂) ဦးနှင့် အောင်မြင်သူ ဦးရေ (၁၀၁၄၀၈) ဦးတို့ ပိုမိုလာခြင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူဦးရေ (၅၆၆၂၇၄) (သတ်မှတ်ချက် ၇ ချက်ကို ပြည့်မီသူ) ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာကျောင်းများတွင် Level 4 နှင့် Level 5 များကို တက်ရောက်နိုင် ကြောင်းနှင့် အရည်အချင်းပြည့်မီပါက တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့်ရနိုင်မည့် အခွင့်အလမ်းများရရှိစေရန် စတင်ဆောင်ရွက်လျက်ရှိရာ Myanmar Digital Education Platform – MDEP တွင် သင်တန်း (၄၁) ခု ဆောင်ရွက်ထားပါကြောင်း၊ အခြေခံပညာအထက်တန်း အောင်လက်မှတ်ရရှိသူများသည် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် Open University တွင် တက်ရောက်လိုက သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် တက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အခြေခံပညာကဏ္ဍရှိ ဆရာ ဆရာမများက သင်ရိုးသစ် ကျောင်းသုံး ဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှုနည်းလမ်းသစ်များ၊ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ မူလတန်းအဆင့်တွင် ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်အောင် သင်ကြားသင်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှ မူလတန်းသင်ယူ တတ်မြောက်မှုဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) အရ ပါဝင်သော အရှေ့တောင်အာရှနိုင်ငံ ၆ နိုင်ငံတွင် အဆင့် ၃ တွင်ရှိသည်ကို အသိပေး တင်ပြလိုပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှုတွင် မြန်မာနိုင်ငံသည် ကျား-မအရ၊ ကျေးလက်-မြို့ပြအရ၊ ဝင်ငွေ နည်း-များအရ၊ စာသင်ခန်း-ကျောင်းသားအချိုး နည်း-များခြင်းအရ ကွာဟမှုအနည်းဆုံးဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးသာမက မိဘ၊ ဆရာများ၊ ကျောင်းအုပ်များကို စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများတွင် ကိုယ်ချင်းစာစိတ်ဖြင့် ကူညီဆောင်ရွက်ခြင်းနှင့် အပြုသဘောဆောင်သည့် သဘောထားများ အားကောင်းရန် လိုအပ်နေပြီး မိဘများကလည်း မိမိရင်သွေးငယ်များ၏ သင်ယူတတ်မြောက်မှု ကောင်းမွန် စေရန်အတွက် ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အားနည်းသည်ဟု ဖော်ပြထားပါကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ International Mathematical Olympiad တွင် အထက်တန်းကျောင်းသား ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် Honorary Mention (၆) ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ဆရာဆရာမများသည် သင်ကြားသင်ယူမှုနည်းလမ်း သင်တန်းများပေး၍ စနစ်တကျအားပေး ဖြည့်ဆည်းပေးပက ဆန်းသစ်တီထွင်နိုင်မှုရှိပြီး သင်ကြားသင်ယူမှုကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူနိုင်မှုအရည်အသွေး မြင့်မားကြောင်း စသည့် အားသာချက်များကို တွေ့ရှိရပါကြောင်း၊

နည်းပညာနှင့်သက်မွေးကျောင်း/သိပ္ပံ (၁၂) ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သဖြင့် စုစုပေါင်း (၇၀) ကျောင်းရှိလာခြင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၈) ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များအားလုံးတို့ကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များ အဖြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ တိုင်းရင်းသားဒေသများနှင့် ကျောင်းသားဦးရေများပြားသည့် ဒေသများတွင် မိုးညှင်းတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ရေနံချောင်းတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ မန္တလာတက္ကသိုလ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ် ၁၆ ခုကို မဟာဌာနကြီးများနှင့်် ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့်ရပ်တည်သော တက္ကသိုလ်များအဖြစ်သို့ ဦးတည်ဆောင်ရွက်လျက်ရှိပြီး ယင်းအတွေ့အကြုံများမှ အခြားတက္ကသိုလ်များကိုလည်း ဆက်လက်အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသအလိုက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုနှင့်ရွေးချယ်မှုတို့ အားပေးပံ့ပိုးခြင်း၊ စွမ်းဆောင်ရည်အခြေပြု ဆရာ၊ ဝန်ထမ်း ရာထူးခန့်/ပြောင်း/တိုးများ အားပေးခြင်း၊ အချိန်ပိုင်း နည်းပြ/သရုပ်ပြများ ခန့်ထားရေး အားပေးခြင်း၊ စာသင်ခန်း၊ စာသင်ခုံ၊ သင်ထောက်ထောက်ကူနဲ့ သုတေသန ဓာတ်ခွဲခန်း ပစ္စည်းများ၊ စာကြည့်တိုက်၊ e-Library များ၊ သန့်စင်ခန်း၊ သောက်ရေ/သုံးရေ၊ ကွန်ပျူတာ၊ စားသောက်ဆိုင်၊ အားကစားဆိုင်ရာများ၊ ဆရာ ဆရာမအိမ်ရာများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ အီးမေးလ်၊ Website များ စသည်တို့ကိုပံ့ပိုး ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ် (၁၃၄) ကျောင်းတွင် ကိုယ်ပိုင် Website များရှိလာပြီဖြစ်ပါကြောင်း၊Webometrics ၏ Ranking Web of Universities တွင် အစိုးရတက္ကသိုလ် (၇၃) ကျောင်းနှင့် ပုဂ္ဂလိက (၁၀) ကျောင်း စုစုပေါင်း (၈၃) ကျောင်းကို ထည့်သွင်းဖော်ပြထားပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ မသန်စွမ်းများအားလုံးတို့ကို ပညာသင်ထောက်ပံ့ခြင်း၊ လွတ်လပ်သောတက္ကသိုလ် ကိုယ်ပိုင်စီမံခန့်ခွဲမှု (Autonomous University) ဖြင့် ရပ်တည်နိုင်ရေး ဦးတည်၍ တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ရေးဆွဲရန်အားပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စာနှင့် အိုင်စီတီ သင်ယူတတ်မြောက်မှု အားပေးခြင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သော ဒေသအကျိုးပြု၊ ပြည်ထောင်စုအကျိုးပြုသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှု၊ သုတေသနဆွေးနွေးပွဲများ၊ သုတေသနညီလာခံများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနဂျာနယ်များတွင် အရည်အသွေးရှိသော သုတေသနစာတမ်းများရေးသားမှု အားပေး ပံ့ပိုးခြင်း၊ နိုင်ငံခြားပညာသင်/ညီလာခံ/ အလုပ်ရုံဆွေးနွေးပွဲများ အားပေး စေလွှတ်ခြင်း၊ Science Fair, Science and Technology Fair, Job Fair များ၊ University-Industry Partnership, IQA အားပေး ပံ့ပိုးခြင်း၊ ဒေသအကျိုးပြု ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ဒေသအကျိုးပြု ပုံမှန်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်တို့တွင် ဥပဒေပညာ ဘွဲ့သင်တန်းဖွင့်ပေးခြင်း၊ စစ်တွေတက္ကသိုလ်တွင် အဏ္ဏဝါသိပ္ပံဘွဲ့သင်တန်း၊ ဟားခါးတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့နှင့် ကွန်ပျူတာဘွဲ့ သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ငါးလုပ်ငန်း ပညာဘွဲ့သင်တန်း၊ ရေနှင့်သဘာဝပတ်ဝန်းကျင်ပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်းအိုင် ပေါများခြင်းနှင့် ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ ရေနှင့်ပတ်သက်ပြီး ကမ္ဘာ့ထိပ်တန်းဖြစ်စေရေး ဦးတည်ကာ ရေနှင့်သဘာဝ ပတ်ဝန်းကျင်ပညာသင်တန်းများကို အားပေးဖွင့်လှစ်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်အထိ ကာလတိုသက်မွေးသင်တန်းပြီးသူ စုစုပေါင်း ၄၁၇၀၇ ဦးရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၃၆၃၈၁ ဦး ပိုမိုလာခြင်း၊ နည်းပညာအထက်တန်း ပြီးသူ စုစုပေါင်း ၁၀၁၈၉ ဦးရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၆၀၄၀ ဦး ပိုမိုလာခြင်း၊ စက်မှုလက်မှုသိပ္ပံ/ကောလိပ်များမှ ဒီပလိုမာရသူ စုစုပေါင်း ၇၅၁၅ ဦး ရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၆၇၀၇ ဦး ပိုမိုလာခြင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၂၀ ပြည့်နှစ်အထိ တက္ကသိုလ်ကျောင်းသားဦးရေ စုစုပေါင်း ၃၆၆၇၄၆၀ ဦး ရှိလာ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၁၃၀၄၁၇၄ ဦး ပိုမိုလာခြင်း၊ ဘွဲ့ရဦးရေ စုစုပေါင်း ၆၀၃၄၄၉ ဦး ရှိလာ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၂၄၄၂၆ ဦး ပိုမိုလာခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းရေးသားမှု စုစုပေါင်း ၂၂၁၅၂ စောင်ရှိ၍ ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၉၃၈၅ စောင် ပိုမိုလာခြင်း၊ ရန်ကုန်တက္ကသိုလ်က ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် ၁၃၀၇၂ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် ၇၁၁၆ သို့ တိုးတက်လာခဲ့သလို မန္တလေးတက္ကသိုလ်မှာလည်း ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် ၂၀၇၀၁ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် ၉၇၂၂ သို့ တိုးတက်လာခဲ့ပါကြောင်း၊

ထို့အပြင် ကျောင်းသားကျောင်းသူများနှင့် တိုင်းရင်းသားပြည်သူများကို စိန်ခေါ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ အရက်၊ ဘီယာအန္တရာယ် ကာကွယ်တားဆီး ရေး၊ ဆေးလိပ်အန္တရာယ်ကာကွယ်တားဆီးရေး၊ ယာဉ်နှင့် လမ်းလုံခြုံမှုရှိရေး၊ ကျန်းမာရေး နှင့်ညီညွတ်သော လူနေမှုဘဝပုံစံမြှင့်တင်ရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေး၊ ဂိမ်းစွဲလမ်းမှုလျော့နည်းရေးတို့ကိုလည်း အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတို့တွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာ၌ အရည်အသွေးရှိသောပညာရေးတွင် သင်ယူခြင်း (Learning) သည် တန်ဖိုးမဖြတ်နိုင်သော အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာအရည်အချင်းမူဘောင်(National Qualification Framework – NQF) သည် တစ်သက်တာသင်ယူမှုအတွက် အရေးကြီးပါကြောင်း၊ မူလတန်းသင်ယူ ပြီးမြောက်လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်းသင်ယူပြီးမြောက်လျင် Level – 2 ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီး မြောက်လျှင် Level – 3 ဖြစ်ပါကြောင်း၊ Level – 4 သည် Short Cycle တစ်နှစ်အထိ ကာလတိုသင်တန်းလေးများဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက် တက်၍မရသော်လည်း Level – 5 ကို ကူးပြောင်းသင်ယူလို့ရပါကြောင်း၊ Level – 5 သည် Short Cycle တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာ သင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက Level – 6 သို့ ဆက်လက် ကူးပြောင်း သင်ယူလို့ ရပါကြောင်း၊ Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ USA တွင် SAT၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင်၊ ဂျပန်တွင် National Examination ကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Matriculation Examination) သည် Level – 3 မှ Level – 6 တက္ကသိုလ်သို့ တိုက်ရိုက် ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံး အတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါကြောင်း၊ Level – 7 သည် မဟာဘွဲ့ ဖြစ်ပြီး Level – 8 သည် ပါရဂူဘွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေး အဆင့်ပေါ်မူတည်ပြီး Level အဆင့် သတ်မှတ်ချက်မတူညီသဖြင့် ဂုဏ်သိက္ခာရှိသော ကောင်းမွန်သည့် အလုပ်အကိုင်များရရှိရန် အတွက် Level သတ်မှတ်ချက်များ၊ Credit Transfer System သတ်မှတ်ချက်များနှင့်အညီ တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးရန်သည် အရေးကြီးပါကြောင်း၊ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ဖြည့်ဆည်းပေးရာတွင် Internal Quality Assurance နှင့် External Quality Assurance, Accreditation များဖြင့် လူငယ်များအတွက် High Level Skills များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်က ပညာရေးတွင် အားပေး ရင်းနှီးမြုပ်နှံ နေသည့်အတွက် မည်သည့် ပေးခြင်းယူခြင်းမျှ လုံးဝခွင့်မပြုပါကြောင်း၊ နိုင်ငံတော်က ပညာရေးတွင် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ ပံ့ပိုးဖြည့်ဆည်းပေးနေသဖြင့် ပြည်သူ့ဘဏ္ဍာများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေများကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ အသုံးပြုရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်(Teacher Competency Standard Framework) နှင့်အညီ အရည်အချင်း ပြည့်ဝသည့်ဆရာများ ခန့်ထားရန်အတွက် Pre-service Training များ အရေးကြီးပါကြောင်း၊ ဆရာ၊ ဝန်ထမ်းများအားလုံးတို့ကိုလည်း Reskilling ၊ Upskilling ၊ Continuous Professional Development အခွင့်အလမ်းများဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားဒေသများကို ဦးစားပေး၍ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အထောက်အကူပြုရန်အတွက် နည်းပညာနှင့် အခြေခံ အဆောက်အအုံများဖြည့်ဆည်းရန် အရေးကြီးပါကြောင်း၊ ခေတ်နှင့်လိုက်လျောညီထွေရှိ သည့် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေးအကဲဖြတ်မှုများကို အားပေး ပံ့ပိုးပေးရန် လိုအပ်သကဲ့သို့ ဒေသအကျိုးပြု၊ ပြည်ထောင်စု အကျိုးပြုသည့် နည်းပညာနှင့်သက်မွေးသင်တန်းများ၊ ဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန် တို့အတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပညာရေးကဏ္ဍကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေးပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများ၊ တိုင်းရင်းသားပြည်သူများ၏ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကိုလည်း တန်ဖိုးထားပူးပေါင်းဆောင်ရွက်မှသာ New Normal Education System နှင့် လိုက်လျောညီထွေရှိမည်ဖြစ်ပါကြောင်းနှင့် ပေါင်းစပ်သင်ကြားသင်ယူမှု နည်းလမ်း (Blended Learning) ဖြင့် High-Tech Learning နှင့် High-Touch Learning များကို အသုံးပြုပြီး ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများကို တစ်သက်တာသင်ယူမှုအခွင့်အလမ်းများရရှိစေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်နိုင်ရန် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ စိတ်အပြည့်ဖြင့် လက်တွဲညီညီ ပူးပေါင်းပြီး စုပေါင်းအင်အားနဲ့ တာဝန်ယူ တာဝန်ခံ၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.