အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 6 January, 2021

1

1

နေပြည်တော် ဇန်နဝါရီ ၆

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး‌ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့် ပါဝင်ဆွေးနွေး ကြသည်။

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပညာဆိုတာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင် ခြင်း၊ အကြောင်းအကျိုး အကောင်းအဆိုး ဆင်ခြင်သုံးသပ်နိုင်ခြင်းဖြစ်ပြီး ကလေးသူငယ်ဘဝကအစ လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဒီလိုအခွင့်အရေးတွေကိုလည်း ကလေးများရရှိရမှာဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ် အခွင့်အရေးများကို အဓိကထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး (၄) ရပ် ဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့် အရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ခွင့်စသည်တို့ကို အပြည့်အဝရရှိစေရန် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေအသစ်(၂၀၁၈)နှင့် ကလေးသူငယ်များ လုံခြုံစွာဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ် (၂၀၁၉)တို့ကို ပြဋ္ဌာန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကလေးဘဝရှေ့ ဆောင်ရက် (၁၀၀၀) ကာလတွင်လည်း ခန္ဓာကိုယ်ပုံမှန်ကြီးထွားခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအခြေအနေကို ပိုင်ဆိုင်ရရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်မှုများကို အပြည့်အဝရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အာဟာရပြည့်ဝစွာရရှိရေးပံ့ပိုးမှုနှင့် မှန်ကန်သော ပြုစုစောင့်ရှောက်မှုနည်းလမ်းများ ရရှိရေး အသိပညာပေးလုပ်ငန်းများပါ ပူးတွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် မိခင်ဝိုင်းများ၊ မူကြိုပညာရေးပြုပြင်ပြောင်းလဲမှုများဖြင့် အသက်အပိုင်းအခြား အလိုက် ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်အပါအဝင် ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဆိုင်ရာစီမံချက်များ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ COVID-19 ကာလမှာ မိခင်ဝိုင်းများ၊ မူကြိုကျောင်းများကို ဖွင့်လှစ်ခွင့်မရသေးသော်လည်း နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လူမှုဝန်ထမ်းဆရာမများက အွန်လိုင်းစနစ်ဖြင့် အသိပညာပေးသင်ခန်းစာများကို အတိုင်းအတာတစ်ခုအထိ စတင်ထုတ်လွှင့်ဖို့ချလျက် ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ကာလမှာ အချိန်မနှောင်းမီ ကလေးငယ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးအတွက် အဘက်ဘက်က ပူးပေါင်းပြီးဆက်လက်ကြိုးပမ်းကြရမှာ ဖြစ်ပါကြောင်း၊

မျှော်မှန်းရလဒ်အနေဖြင့် အခြေခံပညာမှစ၍ ပညာရပ်များ ဆက်လက်သင်ယူရာတွင် အကောင်းဆုံးသင်ယူနိုင်မှုအခြေအနေကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သို့မှသာ ပညာရေးဝန်ကြီးဌာနက ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိသော အရည်အသွေး ပြည့်ဝသော ပညာရေးကိုရရှိအောင် သင်ယူနိုင်ရန်ဆိုသောအချက်ဖြင့် ချိတ်ဆက်နိုင်မှာဖြစ်ပါ ကြောင်း၊ ဒါ့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေဟာ အဓိကကျတဲ့အတွက် အဆိုပါကဏ္ဍမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါကြောင်း၊

မိမိတို့ဝန်ကြီးဌာန၏ ကလေးသူငယ်များ၊ အမျိုးသမီးငယ်ရွယ်သူများနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်က ပြုပြင်ပြောင်းလဲဖွဲ့စည်းထားရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတို့၏ အခန်းကဏ္ဍများဟာအလွန်အရေးပါပါကြောင်း၊

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲထားပါကြောင်း၊ စီမံကိန်းပါ လုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) တွင် ပညာရေးနှင့်ပတ်သက်၍ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေးလေ့ကျင့်သင်ကြားရေးဆိုသည့် လုပ်ငန်းနယ်ပယ်နှစ်ခုကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အရည်အသွေးပြည့်မီသော ကျောင်းပညာရေး နှင့် ကျောင်းပြင်ပပညာရေးတို့ကို အမျိုးသမီးများနှင့် အမျိုးသမီးငယ်များရရှိနိုင်စေသည့် စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအားကောင်းလာစေရေးကို အဓိက ဦးတည်၍ ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာအခန်း ကဏ္ဍများတွင် ကျား၊ မ ကွာဟချက်ကို လျော့နည်းစေရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ်တွင် ကဏ္ဍစုံမှာ ကျား၊ မရေးရာ ထည့်သွင်း ဆောင်ရွက်ခြင်း နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အား အကျိုးခံစားခွင့်ညီမျှစွာရရှိစေရေးကို ပံ့ပိုးပေးသည့် နည်းလမ်းတစ်ခုလည်းဖြစ်ပါ ကြောင်း၊

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီမှာ လက်ရှိအထိအဖွဲ့ဝင် (၁၁) ဖွဲ့ပါရှိပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ကျား၊ မရေးရာ တန်းတူညီမျှရေးကွန်ရက်၊ အမျိုးသမီး အဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက် မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ဝိသာခါ ဖောင်ဒေးရှင်းတို့ဖြစ်ကြပါကြောင်း၊

အမျိုးသမီးအဖွဲ့အစည်းအသီးသီးဟာ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများအတွက် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဘဝတစ်သက်တာ ကျန်းမာစွာနေထိုင်မှုပုံစံရရှိခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေး ပညာပေး ခြင်းနှင့် လိုအပ်သောပံ့ပိုးကူညီခြင်း စသည့် ကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြပါကြောင်း၊ အမျိုးသမီးကော်မတီအသီးသီး၏ ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ချက် များကို ပညာရေးဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်မှုများတွင် ချိတ်ဆက်ပူးပေါင်း ပံ့ပိုးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊

အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သော လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀-၂၀၂၄) မှာလည်း ကျား၊ မ ရေးရာနှင့်ပတ်သက်သော မှန်ကန်သည့် အသိပညာများ ကျယ်ပြန့်စွာသိရှိနိုင်ရန် လုပ်ငန်းစဉ်ပါရှိပါကြောင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို အခြေခံပြီး နိုင်ငံ၏ လိုအပ်ချက်၊ ခေတ်စနစ်နှင့်ကိုက်ညီသော Comprehensive Sexuality Education (CSE) သင်ရိုးများ သင်ကြားရာတွင် Gender နှင့်သက်ဆိုင်သော အခန်းကဏ္ဍများကို မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်းအစဉ်အလာများ နှင့်လည်း ကိုက်ညီစေပြီး မဖြစ်မနေထည့်သွင်းသင်ကြားခြင်း၊ ကျား၊ မရေးရာခွဲခြားဆက်ဆံ မှုကင်းသော ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် လေ့ကျင့်သင်ကြားခြင်း၊ မသန်စွမ်းအမျိုးသမီး များအပါအဝင် အထူးအလေးပေးရမည့်အမျိုးသမီးများအတွက် လုံခြုံစိတ်ချသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ခြင်းစသည့် ခံယူချက်များလေ့ကျင့်ပေးခြင်းလုပ်ငန်းစဉ်များ ပါဝင် ကြောင်း၊ ထို့ကြောင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ သက်ဆိုင်ရာအညွှန်းကိန်းများကို ထည့်သွင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် ထိုအချက်များကို ထည့်သွင်းစဉ်းစားနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ သက်ဆိုင်ရာအမျိုးသမီးအဖွဲ့အစည်းများကလည်း ဆွေးနွေးပေးကြစေလိုပါကြောင်း၊

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် အမျိုးသမီးကော်မတီဝင်အဖွဲ့အသီးသီးကို သက်ဆိုင်ရာ လုပ်ငန်းစဉ်အလိုက် တာဝန်ရှိအဖွဲ့အစည်းများ အနေဖြင့် ထည့်သွင်းရေးဆွဲထားရှိသင့်ကြောင်း ကို အကြံပြုလိုပါကြောင်း၊ အမျိုးသမီးကော်မတီဝင်အဖွဲ့အစည်းအသီးသီးကလည်း မိမိတို့ ကဏ္ဍအလိုက် ပါဝင်နိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပေးကြရန် ထပ်မံတိုက်တွန်းလို ပါကြောင်း၊

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) တွင် အသက်အရွယ်အလိုက် ကလေးများအားလုံး ပညာသင်ခွင့်အခွင့်အလမ်းများရရှိစေရေး၊ ထိခိုက်လွယ်သောအုပ်စုတွင် ပါဝင်သည့် မသန်စွမ်းကလေးများရဲ့ပညာရေး၊ အလားတူရွှေ့ပြောင်းကလေးများနှင့် လမ်းပေါ် နေကလေးများအတွက် အသက်မွေးဝမ်းကျောင်းမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံတာဝန် များ ပခုံးပြောင်းလက်လွှဲယူမည့် လူငယ်များအတွက် ပညာရေးနယ်ပယ်သာမက အသက်မွေး ဝမ်းကျောင်းမှုပညာရပ်များပါ ထည့်သွင်းထားရှိရေးနည်းဗျူဟာများကို ထည့်သွင်းရေးဆွဲမှာ ဖြစ်တဲ့အတွက် နိုင်ငံအနာဂတ်အတွက် များစွာအကျိုးပြုမည့် စီမံကိန်းတစ်ခုဖြစ်ပေါ်လာမည် ဟု ယုံကြည်မိပါကြောင်း၊

ထို့ကြောင့် ယနေ့အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခွင့်ရရှိခြင်းသည် သင်ယူနိုင်စွမ်းအမြင့်မားဆုံး အခြေအနေရောက်ရှိစေရန် ရှေးဦးအရွယ်ကလေးသူငယ်ဘဝကပင် စတင်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးငယ်ရွယ်သူများ၊ အမျိုးသမီးများ၏ ဘဝတစ်သက်တာအသက်မွေးမှုဆိုင်ရာ ပညာရပ် များလေ့လာဆည်းပူးခွင့်ရရှိနိုင်ရေး မိမိတို့ဝန်ကြီးဌာန၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီဝင် အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းဝင်များက ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများရရှိခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများ ဖော်ဆောင်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါကြောင်းနှင့် ရလဒ်ကောင်း များရရှိစေရန် ကြိုးပမ်းကြပါရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (NESP-2) ညှိနှိုင်းဆွေးနွေးပွဲများကို ၂၆ ကြိမ် ကျင်းပရန်လျာထားပြီး ယနေ့ဆွေးနွေးပွဲသည် ၂၆ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP) (2018-2030) နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals – SDGs 2030) တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် NESP-2 အကောင်အထည်ဖော် ဆောင်ရွက်သည့်ကာလမှာ ၁၀ နှစ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားခဲ့သည့်အတိုင်း ပညာရေးကဏ္ဍ တိုးတက်မှုသည် ရှေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရှေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) (၂၀၁၈-၂၀၃၀)၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals – SGD) (၂၀၃၀) ၊ Global Education Commission ၏ Learning Generation: Investing in Education for a Changing World Report နှင့် Save Our Future White Paper: Averting an Education Catastrophe for the World’s Children ၊ OECD Future of Education and Skills 2030 ၊ ယူနက်စကို International Commission on the Futures of Education ၏ Education in a Post-COVID World: Nine Ideas for Public Action တို့နှင့် လိုက်လျောညီထွေဖြစ်မှသာ တိုင်းရင်းသားလူငယ်များ အားလုံးသည် အနာဂတ်တွင် ကျန်းမာလုံခြုံစွာ ဂုဏ်သိက္ခာရှိသော လူ့ဘဝကို ပိုင်ဆိုင်နိုင် ရေးအတွက် အလုပ်အကိုင်ကောင်းကောင်းရရှိရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့်ပတ်သက်သော နိုင်ငံတကာအစီရင်ခံစာ ၃ ခု တို့ကို မိတ်ဆက်ရှင်းလင်း လိုပါကြောင်း၊

Learning Generation: Investing in Education for a Changing World Report တွင် ဖော်ပြထားသည်မှာ ကမ္ဘာတွင် Automation နည်းပညာဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ကြောင်း၊ Artificial Intelligence, Robotics, Cloud Computing, Big Data, Internet of Things များ ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်နေပါကြောင်း၊ လုပ်သားဈေးကွက်ပြောင်းလဲလာပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာ၍ အဆင့်မြင့်ကျွမ်းကျင်မှု (High-Level Skills) များ အရေးပါလာကြောင်း၊ မကြာမီကာလများတွင် လူဦးရေတိုးလာသော်လည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် လက်ရှိအလုပ်အကိုင်များကို ဆုံးရှုံနိုင်ခြေများလာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းမှာလည်း လျော့နည်းလာမည်ဟု အဆိုပါစာအုပ်တွင် ခန့်မှန်းထားပါကြောင်း၊ အလုပ်အကိုင်အများစုမှာလည်း လစာနည်း၍ ဘဝလုံခြုံမှုအာမခံ နိုင်ရန်ခက်ခဲသဖြင့် အဆင့်မြင့်ကျွမ်းကျင်မှုစွမ်းရည်ရှိမှသာ အလုပ်အကိုင်ကောင်းကောင်းရရှိ နိုင်ကာ လစာကောင်းကောင်းရရှိခံစားနိုင်မည်ဖြစ်ပြီး မိသားစုဝင်ကလေးငယ်များ၏ အနာဂတ်လှပရန် ပံ့ပိုးပေးနိုင်မည်ဟု ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ကလေးငယ်များ အားလုံးအတွက် လိုအပ်သော အဆင့်မြင့်ကျွမ်းကျင်မှု (High-Level Skills) ရရှိစေရန်၊ ဆိုးရွားသောမညီမျှမှု (Worsening Inequality) များကို လျော့ချရန်၊ အနာဂတ်သုခချမ်းသာ ပြည့်ဝစေရေး (Prosperous Future) အတွက် ပံ့ပိုးဖြည့်ဆည်းရန်မှာ အရည်အသွေးရှိသော ပညာရေး (Quality Education) ဖြင့်သာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ဖော်ပြ ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနက အရည်အသွေးရှိသော ပညာရေး (Quality Education) ကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD-Organisation for Economic Cooperation and Development) ၏ Future of Education and Skills 2030, OECD Learning Compass 2030 အစီရင်ခံစာ၊ စာမျက်နှာ ၁၂ တွင် ၁၉ ရာစု၊ ၂၀ ရာစုနှင့် ယနေ့ ၂၁ ရာစု မျှော်မှန်းချက်တို့အတွက် လူ့အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်း များနှင့် ပညာရေးပြုပြင်ပြောင်းလဲဆောင်ရွက်မှုအခြေအနေများ ဖော်ပြချက်တို့ကို ကြည့်ပါက လည်း ယခုကဲ့သို့ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

၁၉ ရာစုတွင် ကမ္ဘာပေါ်၌ ပြည်တွင်းစစ်၊ လူမျိုးရေးအသားအရောင်ခွဲခြားမှု၊ ကိုလိုနီစနစ်၊ နယ်ချဲ့ဝါဒတို့ အင်အားကောင်းခြင်း၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုတွင် လျှပ်စစ်၊ တယ်လီဖုန်းတို့ တီထွင်ဖန်တီးခြင်း၊ စက်မှုလုပ်ငန်းတွင် ရေနံချက်စက်ရုံ၊ အဝတ်အထည် စက်ရုံ၊ ထုတ်ကုန်များများမှ အမြတ်များများရယူခြင်း၊ လူသားများသည်လည်း ဝင်ငွေများ လာ၍ လူနေမှုဘဝပုံစံမြှင့်တင်လာနိုင်ခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း လူစုလူဝေးဖြင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ခြင်း၊ ပညာရေးတွင်လည်း အစိုးရ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများသာ ဖွင့်လှစ်ခြင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း လုပ်သားဈေးကွက်နှင့် အလုပ်ရရှိရေးကိုသာ ဦးတည်သည့် အပြောင်းအလဲမရှိသော စံသတ်မှတ်ချက်ဖြင့် ဘာသာ စကားနှင့် သင်္ချာတို့ကို အဓိကသင်ကြားခြင်းတို့ကို တွေ့ရှိရပါကြောင်း၊

၂၀ ရာစုတွင် ကမ္ဘာပေါ်၌ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များ ဖြစ်ပွားခြင်း၊ နိုင်ငံအများစု လွတ်လပ်ရေးရရှိခြင်း၊ စစ်အေးကာလကျော်ဖြတ်ရခြင်း၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တွင် အင်တာနက်အသုံးပြုနိုင်ခြင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ကွန်ပျူတာ၊ အီလက်ထရောနစ်အသုံးပြုခြင်း၊ ဘဏ္ဍာရေးတွင် automation technology ကို အသုံးပြု လာခြင်း၊ Corporate social responsibility (CSR) ဆောင်ရွက်လာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်လာခြင်း၊ လူသားများသည်လည်း Globalisation ကမ္ဘာနှင့် အဝှမ်း ပူးပေါင်းဆောင်ရွက်လာခြင်း၊ လူဦးရေတိုးနှုန်း အဆမတန်မြင့်မားလာခြင်း၊ သတင်း ရရှိနိုင်မှု တိုးတက်များပြားလာခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း တာဝန်ယူ တာဝန်ခံ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လာခြင်း၊ ပညာရေးမှာလည်း အစိုးရ၊ ပုဂ္ဂလိက/ ကိုယ်ပိုင် ကျောင်းများ တိုးချဲ့ဖွင့်လှစ်၍ ပြိုင်ဆိုင်မှုပြင်းထန်လာခြင်း၊ သင်ရိုးညွှန်းတမ်းတွင် အပြောင်းအလဲမရှိသော စံသတ်မှတ်ချက်ဖြစ်သော်လည်း ကာယပညာနှင့် အခြားနယ်ပယ်တို့ တိုးချဲ့၍ လွတ်လပ်သည့် သင်ယူမှုအခွင့်အလမ်းရှိလာခြင်းတို့ကို တွေ့ရှိရပါကြောင်း၊

၂၁ ရာစုတွင် နိုင်ငံများအကြား အပြန်အလှန်မှီခိုမှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ အမျိုးသားရေးဝါဒများ၊ post-truth (fake news) တို့၏ စိန်ခေါ်မှုများရှိ လာခြင်း၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုတွင် ဆိုက်ဘာနည်းပညာ, Artificial Intelligence, 3-D Printing, Robotics၊ ဆိုရှယ်မီဒီယာ, Internet of Things, Big Data, Digitalization များ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ဒီဂျစ်တယ် စီးပွားရေးအားပေးလာခြင်း၊ လူမှုရေးဆိုင်ရာစွန့်ဦးတီထွင်မှုများ ပေါ်ထွန်းလာခြင်း၊ စားသုံးသူ များကလည်း ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများဆောင်ရွက်လာခြင်း၊ တန်ဖိုးထားမှုများ စိတ်ခံစားမှုများ အဓိကကျလာခြင်း၊ CSR မှ Creating Shared Value (CSV) ကို အလေးထား ဆောင်ရွက်လာ၍ SDGs က ပို၍ အဓိကကျသောအခန်းကဏ္ဍဖြစ်လာခြင်း၊ လူသားများသည် လည်း သဘာဝနှင့် လူသားအတူယဉ်တွဲ၍ အရေးပါလာခြင်း၊ Sustainable Development, Green Growth တို့လည်း အရေးပါလာခြင်း၊ သဘာဝသည်လည်း Human Capital, Cultural Capital နှင့် Social Capital တို့ကဲ့သို့ အရေးပါလာခြင်း၊ ရွှေ့ပြောင်းနေထိုင်မှု၊ မြို့ပြ၊ လူ့သက်တမ်းရှည်ကြာမှုတို့ အရှိန်အဟုန်မြင့်မားလာခြင်း၊ မွေးဖွားနှုန်းလျော့နည်းလာခြင်း၊ မညီမျှမှုမြင့်မားလာခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ လုပ်ငန်းအဖွဲ့အစည်းများမှာလည်း အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ တစ်သားတည်းရှိမှု၊ လိုက်လျော ညီထွေ ပြုပြင်ပြောင်းလဲလွယ်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ခြင်း၊ ပညာရေးတွင်လည်း ကျောင်းများအချင်းချင်း ပူးပေါင်းဆောင်ရွက် ခြင်း၊ ကျောင်းနှင့် လူမှုအဖွဲ့အစည်းများလည်း အဆင့်လိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ သင်ရိုးညွှန်းတမ်းမှာလည်း အပြန်အလှန်မှီခိုမှုအတွက် ပြင်ဆင်မှုအားကောင်းလာခြင်း၊ လူသား ကောင်းအတွက် ပညာရေးစနစ်အားပေးခြင်း၊ နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် သင်ယူခြင်း၊ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကိုလည်း တန်ဖိုးထား ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တွေ့ရှိရပြီး နောက်ခံအခြေအနေနှင့် မျှော်မှန်းချက်မတူသူများအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ဆုံးဖြတ်ပြီး တစ်သက်တာ ဒီဂျစ်တယ်သင်ယူမှု၊ စာသင်ခန်းတွင်း သင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှု၊ တစ်သက်တာသင်ယူမှုတို့ အရေးကြီးလာပါကြောင်း၊

Global Education Commission ၏ Save Our Future White Paper: Averting an Education Catastrophe for the World’s Children တွင်လည်း အထူးသတိပြု ဆောင်ရွက် ရန် ဖော်ပြထားသည်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် သန်းပေါင်းများစွာသော ကလေးငယ်များ ကျောင်းထွက်နိုင်ခြေမြင့်မားလာပြီး ငတ်မွတ်မှုများ၊ အရွယ်မတိုင်မီ အိမ်ထောင်ပြုမှု၊ ကလေးလုပ်သားများ၊ အကြမ်းဖက်မှုများ စသည့် စိန်ခေါ်မှုတို့ ပိုမိုများ လာကြောင်း၊ Learning Crisis သည် ပိုမိုဆိုးရွားကြီးမားသည့် ကပ်ဘေးကြီးအဖြစ်သို့ ဖြစ်ပေါ် လာနိုင်ကြောင်း၊ မညီမျှမှုများသည် ပိုမိုဆိုးရွားလာစေနိုင်ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး တို့သည် လူ့အဖွဲ့အစည်းများ၏ အများဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ဘေးကြီးကို ရှောင်ရှားဖြေရှင်းပြောင်းလဲရန်အတွက် ဦးစားပေး Action Areas (၇) ခုကို အတူတူ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည်ဟု ဖော်ပြထားပါကြောင်း၊

NESP (2016-2021) ကို အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အနီးကပ်ဦးစီးပံ့ပိုးမှုဖြင့် မူဝါဒများဖြစ်သည့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မှမကျန်ရှိရေး၊ ကျောင်းထွက်သူမရှိရေး၊ သင်ယူမှုမဆုံးရှုံးစေရေး တို့ကို အခြေခံ၍ မျှော်မှန်းရလဒ်များဖြစ်သော ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများကို ကမ္ဘာ့လူသားကောင်းဖြစ်လာစေရေး၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ် ရေး၊ တာဝန်ယူ တာဝန်ခံ အကောင်းဆုံးဆောင်ရွက်တတ်ရေးနှင့် ဆန်းသစ်တီထွင်ဖန်တီး မှုရှိစေရေးတို့အတွက် အာမခံမှုပေးနိုင်မည့် အရည်အသွေးရှိသောပညာရေးကို ဦးတည်လျက် စုပေါင်းအင်အားဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၆ ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ ပညာရေးပြုပြင်ပြောင်းလဲဆောင်ရွက်ရာ တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုရန်အတွက် တိုင်းရင်းသား ဒေသများတို့ကို ဦးစားပေး၍ ကျောင်းအဆင့်တိုးမြှင့်ခဲ့သဖြင့် အခြေခံပညာကျောင်း စုစုပေါင်း (၄၇၇၆၀) ကျောင်းရှိလာခြင်း၊ စာသင်ခန်း၊ စာသင်ခုံ၊ စာကြည့်တိုက်၊ သန့်စင်ခန်း၊ သောက်ရေ/သုံးရေ၊ ကွန်ပျူတာ၊ ဆရာ ဆရာမအိမ်ရာများ စသည်တို့ကို ပံ့ပိုးဖြည့်ဆည်း ပေးခြင်း၊ သင်ရိုးသစ်ဗလာစာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ဖြန့်ဝေခြင်း၊ အားကစား ပစ္စည်းများ ထောက်ပံ့ခြင်း၊ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ခြင်း၊ မသန်စွမ်းများ အားလုံးတို့ကို ပညာသင်ထောက်ပံ့ခြင်း၊ ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများ ထောက်ပံ့ခြင်း၊ ၂၁ ရာစုကျွမ်းကျင်မှုဆိုင်ရာများကို သင်ကြားသင်ယူနိုင်ရန်အတွက်လည်း သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်များတို့ကို JICA, ADB, EU တို့၏ အကူအညီဖြင့် ပြုစုပုံနှိပ်၍ အခမဲ့ ဖြန့်ဝေခြင်း၊ အခြေခံပညာ သင်ရိုးညွှန်းတမ်းအညွှန်းဘောင်အရ ဒေသသင်ရိုးအဖြစ် သတ်မှတ် ထားသည့် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကလေးငယ်များအတွက် တိုင်းရင်းသား စာပေ (၆၃) မျိုး သင်ကြားခြင်းနှင့် ဒေသခံတိုင်းရင်းသား Language Teacher များနှင့် Teaching Assistant များ ခန့်ထားခြင်း၊ ဒေသခံတိုင်းရင်းသားများကို သတ်မှတ်အရည်အချင်း နှင့်အညီ ပညာရေးဒီဂရီကောလိပ်၊ ပညာရေးတက္ကသိုလ်များ၊ မူလတန်းဆရာဖြစ်သင်တန်း များတက်ရောက်ရန် အားပေးခြင်းနှင့် ဆရာ၊ ဝန်ထမ်းများအဖြစ် ရာထူး ခန့်/ပြောင်း/တိုး အားပေးဆောင်ရွက်ခြင်း၊ ဆရာ ဆရာမများအားလုံးကို (၂) ပတ်ကြာ သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာ အသုံးပြုနည်းသင်တန်းများပေးခြင်းတို့ကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ဆရာ ၇၂၉၇၆ ဦး၊ ဆရာမ ၃၄၃၈၂၅ ဦး၊ စုစုပေါင်း ၄၁၆၈၀၁ ဦးရှိပါကြောင်း၊

မူလတန်း ကျောင်းသား ၂၆၅၄၈၆၁ ဦး၊ ကျောင်းသူ ၂၅၁၁၂၀၁ ဦး၊ စုစုပေါင်း ၅၁၆၆၀၆၂ ဦး၊ အလယ်တန်း ကျောင်းသား ၁၆၂၉၃၈၇ ဦး၊ ကျောင်းသူ ၁၆၄၈၃၁၇ ဦး၊ စုစုပေါင်း ၃၂၇၇၇၀၄ ဦး၊ အထက်တန်း ကျောင်းသား ၅၇၉၂၃၈ ဦး၊ ကျောင်းသူ ၆၆၉၂၄၅ ဦး၊ စုစုပေါင်း ၁၂၄၈၄၈၃ ဦး ရှိပါကြောင်း၊

မူလတန်း Grade-5 သင်ယူပြီးမြောက်သူဦးရေ ကျောင်းသား ၅၀၀၇၇၂ ဦး၊ ကျောင်းသူ ၄၈၀၃၀၁ ဦး၊ စုစုပေါင်း ၉၈၁၀၇၃ ဦး၊ အလယ်တန်း Grade-9 သင်ယူပြီးမြောက်သူ ဦးရေ ကျောင်းသား ၃၂၉၅၄၂ ဦး၊ ကျောင်းသူ ၃၅၈၈၅၁ ဦး၊ စုစုပေါင်း ၆၈၈၃၉၃ ဦး၊ တက္ကသိုလ်ဝင် ခွင့်စာမေးပွဲတွင် ဖြေဆိုသူဦးရေ ကျောင်းသား ၃၉၀၇၀၂ ဦး၊ ကျောင်းသူ ၅၁၉၅၂၇ ဦး၊ စုစုပေါင်း ၉၁၀၂၂၉ ဦး၊ အောင်မြင်သူဦးရေ ကျောင်းသား ၁၁၆၀၇၂ ဦး၊ ကျောင်းသူ ၁၇၅၇၂၆ ဦး၊ စုစုပေါင်း ၂၉၁၇၉၈ ဦး၊ အထက်တန်းသင်ယူပြီးမြောက်သည့် လက်မှတ်ရရှိသူ ကျောင်းသား ၂၄၅၂၄၀ ဦး ၊ ကျောင်းသူ ၃၂၁၀၃၄ ဦး၊ စုစုပေါင်း ၅၆၆၂၇၄ ဦး (သတ်မှတ်ချက် ၇ ချက်ကို ပြည့်မီသူ)ရှိပါကြောင်း၊

အထူးသဖြင့် အခြေခံပညာကဏ္ဍရှိ ဆရာ ဆရာမများက သင်ရိုးသစ်ကျောင်းသုံးဖတ် စာအုပ်များ၊ သင်ကြားသင်ယူမှုနည်းလမ်းသစ်များ၊ သင်ထောက်ကူပစ္စည်းများအသုံးပြု၍ မူလတန်းအဆင့်တွင် ဖတ်တတ်၊ ရေးတတ်၊ တွက်တတ်အောင် သင်ကြားသင်ယူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှ မူလတန်းသင်ယူတတ်မြောက်မှု ဆန်းစစ်ချက် South-East Asia Primary Learning Matrix (SEA-PLM) အရ ပါဝင်သော အရှေ့တောင် အာရှနိုင်ငံ ၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၃ တွင်ရှိသည်ကို အသိပေးတင်ပြ လိုပါကြောင်း၊ စစ်ဆေးအကဲဖြတ်မှုတွင် ကျား-မ၊ ကျေးလက်-မြို့ပြ၊ ဝင်ငွေ နည်း-များ၊ စာသင်ခန်း-ကျောင်းသားအချိုး နည်း-များခြင်း စသည်တို့တွင် ကွာဟမှုအနည်းဆုံးဖြစ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အရည်အသွေးသာမက မိဘ၊ ဆရာများ၊ ကျောင်းအုပ်များကို စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍ စစ်ဆေးအကဲဖြတ် မှုတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်ချင်းစာစိတ်ဖြင့် ကူညီဆောင်ရွက်ခြင်းနှင့် အပြုသဘောဆောင်သည့် သဘောထားများအားကောင်းရန် လိုအပ်နေကြောင်း၊ မိဘများကလည်း မိမိရင်သွေးငယ်များ၏ သင်ယူတတ်မြောက်မှုရလဒ်များရရှိစေရန် ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အားနည်းနေကြောင်း၊ မူလတန်း Grade-3 ၌ ကျောင်းသား ၃၅% ကသာ ကောင်းမွန်စွာဖတ်တတ်၍ ကျိုးကြောင်း သုံးသပ်ဆွေးနွေးနိုင် ကြောင်း၊ ကျောင်းသား ၄၆% သည် ဖတ်တတ်သော်လည်း ကျိုးကြောင်းသုံးသပ်ဆွေးနွေးမှု အားနည်းကြောင်း၊ ကျောင်းသား ၉% သည် ဖတ်တတ်ရုံသာ ပြုလုပ်နိုင်ကြောင်း၊ ၁၀% သည် စာတစ်လုံးမျှ မဖတ်တတ်ကြောင်း၊ မူလတန်း Grade-3 ၌ ကျောင်းသူ ၃၀% ကသာ ကောင်းမွန်စွာဖတ်၍ ကျိုးကြောင်းသုံးသပ် ဆွေးနွေးနိုင်ကြောင်း၊ ကျောင်းသူ ၄၅% သည် ဖတ်တတ်သော်လည်း ကျိုးကြောင်းသုံးသပ် ဆွေးနွေးမှုအားနည်းကြောင်း၊ ကျောင်းသူ ၁၂% သည် ဖတ်တတ်ရုံသာ ပြုလုပ်နိုင်ကြောင်း၊ ကျောင်းသူ ၁၃% သည် စာတစ်လုံးမျှ မဖတ်တတ်ကြောင်းဖြင့် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် အရည်အသွေးရှိသောပညာရေး ကို အကောင်အထည်ဖော်ရာတွင် မူလတန်း Grade-3 ကျောင်းသား ကျောင်းသူအားလုံးကို ကောင်းမွန်စွာဖတ်တတ်၍ ပြဿနာကိုဖြေရှင်းနိုင်စွမ်းရှိမှု၊ သင်ယူနိုင်စွမ်းရှိမှု၊ ဆက်သွယ် ပြောဆိုနိုင်စွမ်းရှိမှု၊ ကိုယ်ပိုင်စွမ်းရည်ရှိမှု၊ လူမှုရေးစွမ်းရည်ရှိမှု စသည်တို့ကို ဆက်လက် မြှင့်တင်ရန်အတွက် တစ်သက်တာပေါင်းစပ်သင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်းပေး ရန် အရေးကြီးပါကြောင်း၊ ၂၀၁၆ မှ ၂၀၂၀ အထိ နိုင်ငံတကာသင်္ချာအိုလံပီယာ့ International Mathematical Olympiad တွင် အထက်တန်းကျောင်းသား ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် Honorary Mention (၆) ခု ရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ ဆရာ ဆရာမများသည် သင်ကြားသင်ယူမှုနည်းလမ်းသင်တန်းများပေး၍ စနစ်တကျအားပေး ဖြည့်ဆည်းပေးပါက ဆန်းသစ်တီထွင်နိုင်မှုနှင့် သင်ကြားသင်ယူနိုင်စွမ်းအားကောင်းခြင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူနိုင်မှုအရည်အသွေးမြင့်မားခြင်း စသည့် အားသာချက် များရှိပါကြောင်းနှင့် ဆက်လက်အားပေးဖြည့်ဆည်း၍ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လိုအပ်နေပါကြောင်း၊

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် နည်းပညာနှင့်သက်မွေးကျောင်း/သိပ္ပံ စုစုပေါင်း ၇၀ ကျောင်း ရှိပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၈ ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များအားလုံးတို့ကို ၄ နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် သို့ အဆင့်မြှင့်တင်ခြင်း၊ တိုင်းရင်းသားဒေသများနှင့် ကျောင်းသားဦးရေများပြားသည့် ဒေသများတွင် တက္ကသိုလ်များအဖြစ်သို့ အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် ၁၅ ခုတို့ကိုလည်း မဟာဌာနဖွဲ့စည်းပုံများဖြင့် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲ သည့်တက္ကသိုလ်များသို့ ဦးတည်ခြင်းနှင့် ထိုတက္ကသိုလ်များတို့၏ အတွေ့အကြုံများကို အခြေခံ၍ အခြားတက္ကသိုလ်များကိုလည်း ဆက်လက်အားပေးခြင်း၊ ဒေသအလိုက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမှုနှင့် ရွေးချယ်မှုတို့ အားပေးပံ့ပိုးခြင်း၊ စွမ်းဆောင်ရည် အခြေပြု ဆရာ၊ ဝန်ထမ်း ရာထူးခန့်/ပြောင်း/တိုးများ အားပေးခြင်း၊ အချိန်ပိုင်း နည်းပြ/ သရုပ်ပြများ ခန့်ထားရေး အားပေးခြင်း၊ စာသင်ခန်း၊ စာသင်ခုံ၊ သင်ထောက်ကူနှင့် သုတေသန ဓာတ်ခွဲခန်းပစ္စည်းများ၊ စာကြည့်တိုက်၊ e-Library များ၊ သန့်စင်ခန်း၊ သောက်ရေ/သုံးရေ၊ ကွန်ပျူတာ၊ စားသောက်ဆိုင်၊ အားကစားဆိုင်ရာများ၊ ဆရာ ဆရာမအိမ်ရာများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ အီးမေးလ်၊ Website များ စသည်တို့ကိုပံ့ပိုးဖြည့်ဆည်းခြင်း၊ ပညာသင်ထောက်ပံ့ ကြေးများ ထောက်ပံ့ခြင်း၊ မသန်စွမ်းများအားလုံးတို့ကို ပညာသင်ထောက်ပံ့ခြင်း၊ လွတ်လပ် သော တက္ကသိုလ်ကိုယ်ပိုင်စီမံခန့်ခွဲမှု (University Autonomy) ဖြင့် ရပ်တည်နိုင်ရေး ဦးတည် ၍ တက္ကသိုလ်ပဋိညာဉ်စာတမ်း (University Charter) များရေးဆွဲရန် အားပေးခြင်း၊ သင်ရိုးညွှန်းတမ်းများပြင်ဆင်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စာနှင့် အိုင်စီတီ သင်ယူတတ်မြောက်မှု အားပေးခြင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သော ဒေသ အကျိုးပြု၊ ပြည်ထောင်စုအကျိုးပြုသည့် သုတေသနလုပ်ငန်းများဆောင်ရွက်မှု၊ သုတေသန ဆွေးနွေးပွဲများ၊ သုတေသနညီလာခံများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနဂျာနယ်များ တွင် အရည်အသွေးရှိသော သုတေသနစာတမ်းများရေးသားမှုကို အားပေးပံ့ပိုးခြင်း၊ နိုင်ငံခြား ပညာသင်/ ညီလာခံ/ အလုပ်ရုံဆွေးနွေးပွဲများ အားပေးစေလွှတ်ခြင်း၊ Science Fair, Science and Technology Fair, Job Fair များ ကျင်းပခြင်း၊ တက္ကသိုလ်နှင့် စီးပွားရေးလုပ်ငန်းများ မိတ်ဖက်ချိတ်ဆက်မှု (University-Industry Partnership) နှင့် IQA ကိုအားပေးပံ့ပိုးခြင်း၊ ဒေသအကျိုးပြု ကာလတိုသင်တန်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ဒေသအကျိုးပြု ပုံမှန်သင်တန်း များ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ကြောင့် ကာလတိုသင်တန်း၊ နည်းပညာအထက်တန်းကျောင်း၊ စက်မှုလက်မှုသိပ္ပံများတွင် ဆရာ ၈၀၅ ဦး၊ ဆရာမ ၂၈၂၅ ဦး၊ စုစုပေါင်း ၃၆၃၀ ဦး၊ ကျောင်းသား ၂၈၇၉၁ ဦး၊ ကျောင်းသူ ၁၃၈၉၂ ဦး၊ စုစုပေါင်း ၄၂၆၈၃ ဦးရှိပါကြောင်း၊ နည်းပညာ အထက်တန်းကျောင်း သင်ယူပြီးစီး၍ စက်မှုလက်မှုသိပ္ပံများသို့ ဆက်လက်၍ ဒီပလိုမာ သင်တန်းများတက်ရောက်သူ ကျောင်းသား ၄၈၉ ဦး၊ ကျောင်းသူ ၂၆၈ ဦး၊ စုစုပေါင်း ၇၅၇ ဦး၊ စက်မှုလက်မှုသိပ္ပံများမှ ဒီပလိုမာလက်မှတ်ရရှိပြီး နည်းပညာတက္ကသိုလ်များသို့ ဆက်လက် သင်ယူသူ ကျောင်းသား ၁၃၆ ဦး၊ ကျောင်းသူ ၂၇၁ ဦး၊ စုစုပေါင်း ၄၀၇ ဦး ရှိပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဆရာ ၃၂၃၉ ဦး၊ ဆရာမ ၁၈၇၃၉ ဦး၊ စုစုပေါင်း ၂၁၉၇၈ ဦး ရှိပါကြောင်း၊ ကျောင်းသား ၄၁၄၆၃၇ ဦး၊ ကျောင်းသူ ၆၁၆၅၄၁ ဦး၊ စုစုပေါင်း ၁၀၃၁၁၇၈ ဦး၊ ဒီပလိုမာ၊ ရိုးရိုးဘွဲ့၊ ဂုဏ်ထူးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ရဦးရေ ကျား ၆၉၆၀၈ ဦး၊ မ ၁၁၈၃၂၅ ဦး၊ စုစုပေါင်း ၁၈၇၉၃၃ ဦး ရှိပါကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းရေးသားမှု စုစုပေါင်း ၂၂၁၅၂ စောင်ရှိ၍ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ကာလထက် ၉၃၈၅ စောင် ပိုမိုလာခြင်း၊ ရန်ကုန် တက္ကသိုလ်သည် ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် ၁၃၀၇၂ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် ၇၁၁၆ သို့ တိုးတက်လာခဲ့သလို မန္တလေးတက္ကသိုလ်မှာလည်း ၂၀၁၆ ခုနှစ်၌ ကမ္ဘာ့အဆင့် ၂၀၇၀၁ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့အဆင့် ၉၇၂၂ သို့ တိုးတက်လာခဲ့ပါကြောင်း၊

ထို့အပြင် ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသားပြည်သူများကို စိန်ခေါ်နေသည့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ အရက်၊ ဘီယာအန္တရာယ် ကာကွယ်တားဆီး ရေး၊ ဆေးလိပ်အန္တရာယ် ကာကွယ်တားဆီးရေး၊ ယာဉ်နှင့် လမ်းလုံခြုံမှုရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံ မြှင့်တင်ရေး၊ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးရေး၊ ဂိမ်း စွဲလမ်းမှုလျော့နည်းရေးတို့ကိုလည်း အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတို့တွင် ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် သင်ယူခြင်းသည် တန်ဖိုးမဖြတ်နိုင် သော အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသားပညာအရည်အချင်း မူဘောင် (National Qualification Framework – NQF) သည် တစ်သက်တာသင်ယူမှု အတွက် အရေးကြီးပါကြောင်း၊ မူလတန်းသင်ယူပြီးမြောက်လျှင် Level – 1 ဖြစ်ပါကြောင်း၊ အလယ်တန်းသင်ယူပြီးမြောက်လျှင် Level – 2 ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီး မြောက်လျှင် Level – 3 ဖြစ်ပါကြောင်း၊ Level – 4 သည် Short Cycle တစ်နှစ်အထိ သင်တန်းလေးများဖြစ်ပြီး တက္ကသိုလ်တိုက်ရိုက်တက်၍မရသော်လည်း Level – 5 ကို သွားလို့ရပါကြောင်း၊ Level – 5 သည် တစ်နှစ်ကနေ နှစ်နှစ်အထိရှိသည့် ဒီပလိုမာသင်တန်း၊ အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက Level – 6 သို့ ဆက်လက်ကူးပြောင်းသင်ယူလို့ရပါကြောင်း၊ Level – 6 သည် Bachelor Degree ဖြစ်ပြီး Level – 3 မှ Level – 4 နဲ့ Level – 5 ကို ခုန်ကျော်ပြီး Level – 6 သို့ တိုက်ရိုက်တက်ရောက် ပညာသင်ယူနိုင်ရန်မှာ အင်္ဂလန်တွင် GCE- A စာမေးပွဲ၊ အမေရိကန် တွင် SAT စာမေးပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဂေါင်းဂေါင် စာမေးပွဲ၊ ဂျပန်တွင် National Examinationကဲ့သို့ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (Matriculation Examination) သည် Level – 3 မှ Level – 6 တက္ကသိုလ်သို့ တိုက်ရိုက်ခုန်တက်နိုင်ရေး ကျောင်းသား ကျောင်းသူအားလုံးအတွက် တရားမျှတသော စစ်ဆေးအကဲဖြတ်ခြင်းဖြစ်ပါ ကြောင်း၊ Level – 7 သည် မဟာဘွဲ့ဖြစ်ပြီး Level – 8 သည် ပါရဂူဘွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတစ် နိုင်ငံနှင့်တစ်နိုင်ငံ မသင်မနေရ အခြေခံပညာရေးအဆင့်အပေါ်မူတည်ပြီးLevel အဆင့် သတ်မှတ်ချက်မတူညီ သဖြင့် ဂုဏ်သိက္ခာရှိသော ကောင်းမွန်သည့်အလုပ်အကိုင်များရရှိရန်အတွက် Level သတ်မှတ်ချက်များ၊ Credit Transfer System, Quality Assurance and Accreditation သတ်မှတ်ချက်များနှင့်အညီ တစ်သက်တာသင်ယူမှုအခွင့်အလမ်းများ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊

ထိုသို့ဆောင်ရွက်ရာတွင် အရည်အသွေးရှိသောပညာရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါကြောင်း၊ နိုင်ငံတော်ကလည်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကို အားပေးနေ သည့်အတွက် မည်သည့်ပေးခြင်းယူခြင်းမျှ လုံးဝခွင့်မပြုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ၊ ချေးငွေများတို့ကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာစွာ အသုံးပြု၍ ဆရာအရည်အသွေးမူဘောင် (Teacher Competency Framework) နှင့်အညီ အရည်အချင်း ပြည့်ဝသည့် ဆရာများခန့်ထားရန်နှင့် Reskilling ၊ Upskilling ၊ Continuous Professional Development အခွင့်အလမ်းများဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ တိုင်းရင်းသားဒေသများ ဦးစားပေး၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုရန်၊ နည်းပညာနှင့် အခြေခံ အဆောက်အအုံများဖြည့်ဆည်းရန်၊ ဒေသအကျိုးပြု၊ ပြည်ထောင်စု အကျိုးပြုသည့် နည်းပညာနှင့်သက်မွေးသင်တန်းများ၊ ဘွဲ့သင်တန်းများ ဖြည့်ဆည်းရန်၊ နည်းပညာခေတ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ စစ်ဆေး အကဲဖြတ်မှုများကို အားပေးပံ့ပိုးပေးရန်တို့အတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ပုဂ္ဂလိကပညာရေးကဏ္ဍကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အားပေး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များ၊ သင်ယူသူများ၊ တိုင်းရင်းသားပြည်သူများ၏ ဆွေးနွေးချက်များနှင့် အကြံပြုချက်များ ကိုလည်း တန်ဖိုးထားပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊

နည်းပညာအသုံးပြုသင်ယူခြင်း (High-Tech Learning) ၊ သင်ကြားပို့ချသူ ဆရာဖြင့် သင်ယူ ခြင်း (High-Touch Learning) ၊ ပေါင်းစပ်သင်ကြားသင်ယူခြင်း (Blended Learning) စသည့် နည်းလမ်းများဖြင့် ကျောင်းသားကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများတို့ကို တစ်သက်တာသင်ယူမှုအခွင့်အလမ်းများရရှိစေရန်နှင့် ၂၁ ရာစု၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင် ရည်များကို မြှင့်တင်နိုင်ရန် မေတ္တာ၊ ဂရုဏာ၊ မုဒိတာစိတ်အပြည့်ဖြင့် လက်တွဲညီညီပူးပေါင်းပြီး စုပေါင်းအင်အားနဲ့ တာဝန်ယူ တာဝန်ခံ၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာ ရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဇော်မြင့်က အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းလုပ်ငန်းကို မိတ်ဆက်ရှင်းလင်းကာ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာနှင့်သက်မွေးပညာကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက အဆင့်မြင့်ပညာ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍနှင့်စပ်လျဉ်း ၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပါသည်။ ထို့နောက်တက်ရောက်လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြကြောင်း သိရသည်။



Bookmark the permalink.

Comments are closed.