ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း(မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


Date : 8 January, 2021

1

Jan 8

နေပြည်တော် ဇန်နဝါရီ ၈

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း(မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် Virtual meeting အဖြစ် ကျင်းပရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်‌အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ ရခိုင်ပြည်နယ်စိုးရအဖွဲ့ဝင် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်အဝေးတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်‌အေးက ပြောကြားရာတွင် ဒီနေ့ ညှိနှိုင်းဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်အတွက် အထူးအရေးပါပြီး အလိုအပ်ဆုံးဖြစ်နေသည့် အရာများထဲကတစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကာလကြာရှည်စွာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်း၊ လူ့အခွင့်အရေးအကြပ်အတည်း၊ လုံခြုံရေးအကြပ်အတည်းဆိုတဲ့ အကြပ်အတည်း (၃)ခု ကြုံတွေ့နေရပါကြောင်း၊ ဒီအကြပ်အတည်းတွေကို ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာထဲက ဒေသအတွင်းနေထိုင်သူအားလုံး၏ အသိဉာဏ်ပညာဝေဖန် ပိုင်းခြားနိုင်မှု၊ မှန်ကန်စွာသုံးသပ်နိုင်မှု၊ ကြောင်းကျိုးဆင်ခြင်နိုင်မှု မြင့်မားတိုးတက်ရေးသည် အဓိကကျပါကြောင်း၊ ထိုအရာတွေ မြင့်မားတိုးတက်နိုင်ရန် ပညာတတ်တွေများဖို့၊ ပညာရည်တိုးတက်မှုနှုန်းမြင့်မားဖို့လိုအပ်ပါကြောင်း၊ ပညာရည်မြင့်မားမှ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ၊ စီးပွားရေးကဏ္ဍများ၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုများ မြင့်တက်လာကာ လူမှုစီးပွားဘဝများပြောင်းလဲလာပြီး တွေ့ကြုံနေရတဲ့ အကြပ်အတည်းတွေကိုလျော့နည်း လာစေမှာဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်၍ မိမိတို့အစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်ကစပြီး ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်မှာရှိတဲ့ ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် အခြေခံအကြောင်းတရားတွေကို ရှာဖွေဖော်ထုတ်ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံးကြိုးပမ်း ဆောင်ရွက်ခဲ့သလို တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ လူသားချင်း စာနာမှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသောပညာရေးစီမံကိန်း (မူကြမ်း)သည် ထူးခြားသော အပြောင်းအလဲတစ်ခုကိုဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည် မိပါကြောင်း၊

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈)ချက်ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ရခိုင်ပြည်နယ် အစိုးရနှင့် နီးကပ်စွာညှိနှိုင်းပူးပေါင်းပြီး အကြံပြုချက်ပါလုပ်ငန်းများကို ကဏ္ဍများအလိုက် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေကြသည်ကို အားလုံး သိရှိပြီးဖြစ် ပါကြောင်း၊ အကြံပြုချက်များတွင် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံပြုချက်(၅)ချက်ရှိသည့်အနက် အကြံပြုချက် အမှတ်စဉ်(၃၄)တွင်ပါသော အစိုးရသည် ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍ အထူးမြင့်မား တိုးတက်စေရန် စီမံချက် တစ်ရပ်ကို ပြည်နယ်အတွင်းနေထိုင်သူအားလုံး တူညီသော ပညာသင်ကြားခွင့်ရရှိရေး၊ ပညာရေးဂုဏ်မြင့်မားရေး၊ စာသင်ကျောင်းများနှင့် သင်ထောက်ကူပစ္စည်းများ တိုးတက် ကောင်းမွန်လာစေရေးစသည့် အချက်များကိုအခြေခံပြီး ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားကာ စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တိုက်တွန်း ထားတာရှိပါကြောင်း၊

မြန်မာနိုင်ငံလို လူမျိုး/ဘာသာပေါင်းစုံရောယှက်နေထိုင်ကြသည့် နိုင်ငံမှာ မညီညွတ်မှု များ၊ အမုန်းတရားများပပျောက်ပြီး သဟဇာတဖြစ်၍ မတူကွဲပြားမှု များကိုလက်ခံပြီး ယှဉ်တွဲနေထိုင်ကာ အတူတကွတိုးတက်မှုဆီသို့ လျှောက်လှမ်းနိုင်မည့် လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာရေးသည် နိုင်ငံ၏ငြိမ်းချမ်းရေး အတွက်သာမက ရေရှည်ဖွံ့ဖြိုးတိုးတက် ဖို့အတွက်ပါ အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးကို နိုင်ငံတော်အဆင့်ကနေ ဦးတည်ဆောင်ရွက်နေသကဲ့သို့ မတူကွဲပြား သည့်လူမျိုးစု အချင်းချင်းအကြား အပြန်အလှန်ကူးလူးဆက်ဆံမှုများ၊ ခင်မင်ရင်းနှီးမှုများ ကနေတဆင့် ယုံကြည်မှုတည်ဆောက်ကြရန်လည်းလိုအပ်ပါကြောင်း၊ ဒါ့အပြင် ငယ်စဉ် တောင်ကျေးကလေးဘဝကတည်းကအတူတကွ ပညာသင်ယူရင်းဖြင့် မတူညီမှုတွေကို အသိအမှတ်ပြုတန်ဖိုးထားတတ်ပြီး အမုန်းစကားများကို ရှောင်ရှား တတ်စေရန် ဆောင်ရွက် ခြင်းသည် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကို တည်ဆောက် ခြင်းဖြစ်ပါကြောင်း၊

ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်းဆိုသည့် အတားအဆီးတံခါးကို ဖွင့်နိုင်မည့်သော့ဖြစ်ပါကြောင်း၊ ဒီသော့ကို လူတိုင်းလက်လှမ်းမီပြီး ဖွံ့ဖြိုးမှုနောက်ကျခြင်း တံခါးကနေ လူတိုင်းဖွင့်ထွက်နိုင်ဖို့လိုပါကြောင်း၊ ပညာရည်မြင့်မားလာခြင်းကြောင့် ပြဿနာ အပေါ် ချဉ်းကပ်မှုပုံစံများလည်း ပြောင်းသွားနိုင်ပြီး ဖြေရှင်းဆောင်ရွက်နည်း အမျိုးမျိုးတို့ မှတဆင့် ပဋိပက္ခများကိုရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရင်းဖြင့် ထာဝရငြိမ်းချမ်းရေးလမ်းစပေါ်ကို ရောက်ရှိနိုင်မှာဖြစ်ပါကြောင်း၊

ယနေ့ ဆွေးနွေးမည့် ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသောပညာရေးစီမံကိန်း(Comprehensive Education Plan for Rakhine State – CEPR) (မူကြမ်း) သည် ကိုဖီအာနန်၏အကြံပြုချက်နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်(The Independent Commission of Enquiry – ICOE) ၏ အကြံပြုချက်များတွင် ပါဝင်သည့် ပညာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးမှု ချိတ်ဆက်နေရေးအတွက် အထူးအလေးထား အကောင်အထည်ဖော်ရန် လိုအပ်တယ်ဆိုသည့် သဘောတရားများကို အခြေခံထားတာတွေ့ ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ အာဆီယံလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာညှိနှိုင်းရေးမှူးရုံး(AHA Centre) တို့ ပူးပေါင်းပြီး ပြန်လည် လက်ခံရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖော်ထုတ်ထားသော ကနဦးလေ့လာဆန်းစစ်ချက် အစီရင်ခံစာ Preliminary Needs Assessment (PNA) တွင်လဲ ထိုအချက်ကို အထူးပြုဖော်ပြထားပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ပညာရေးက အဓိကအကြောင်းအချက်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသော ပညာရေး စီမံကိန်းက အရေးကြီးပါကြောင်း၊

ရခိုင်ဒေသတွင်နေထိုင်သူများ ပညာရည်မြင့်မားလာပြီဆိုပါက နိုင်ငံသားဖြစ်မှု ဆိုင်ရာကိစ္စရပ်နှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် ကြီးမားသော အထောက် အကူဖြစ်စေပြီး လွတ်လပ်စွာသွားလာခွင့်နှင့် လူမှုသဟဇာတဖြစ်ရေးတို့ကို ဆက်လက် တိုးတက်စေမှာဖြစ်ပါကြောင်း၊ လူမှုသဟဇာတဖြစ်မှုတိုးတက်လာပြီ ဆိုရင်လည်း လုံခြုံရေး ကဏ္ဍများ၊ ကျန်းမာရေးကဏ္ဍများပါ တိုးတက်လာပြီး ရခိုင်ပြည်နယ်၏ ကြုံတွေ့နေရသော အကြပ်အတည်းများ တဖြည်းဖြည်းလျော့ပါးလာကာ ဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို တဟုန်ထိုးဖော်ဆောင်နိုင်မှာဖြစ်ကြောင်း၊

ထို့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သောUEHRD က လက်ရှိဆောင်ရွက်နေသော ကိစ္စရပ်များလည်းအကျုံးဝင်နေပါကြောင်း၊UEHRD ၏ ကြီးကြပ်မှုနှင့် စင်္ကာပူအခြေစိုက် Asia Philanthropy Circle (APC) အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး Dream University က ကနဦးအစီအစဉ်အနေဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနှင့် ပြည်နယ်အစိုးရ တို့ကို သဘောထား အကြံပြုချက်များတောင်းခံခဲ့ပြီး ရှေ့ဆက်၍လည်းပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသောပညာရေးစီမံကိန်း(မူကြမ်း) အကြောင်းကို အလွှာအသီးသီးက သိရှိနားလည်ထောက်ခံရေး၊ COVID – 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ နောက်ဆုံးအခြေအနေတွေနဲ့အညီ ရှေ့ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ရခိုင်ပြည်နယ်တွင် မစ္စတာကိုဖီအာနန် ဦးဆောင်သော အကြံပေးအဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသောပညာရေး စီမံကိန်း(မူကြမ်း)ကို ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း(မူကြမ်း)တွင် အဓိက ဆောင်ရွက်မည့် နယ်ပယ် ၅ ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်ရှိပါကြောင်း၊ အဆိုပါဆောင်ရွက်မည့် နယ်ပယ်(၅)ခုမှာ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေး ကောင်းမွန်သောပညာရေး၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ လူတိုင်းအကျုံးဝင် အတူတကွသင်ယူ နိုင်သော ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာ သင်တန်း (TVET) နှင့် တစ်သက်တာလေ့လာသင်ယူ မှုအပါအဝင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့်ကျွမ်းကျင်မှုကို အလေးထားသောပညာရေးနှင့် အဆင့်မြင့်ပညာရေးအတွက် အခွင့်အလမ်းများရရှိရေး၊ ဆရာ၊ ဆရာမများ၊အရာထမ်း၊ အမှုထမ်းများတို့၏ စွမ်းဆောင် ရည်ကိုဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် လေ့လာသင်ယူမှုကိုဖြစ်ထွန်းစေရေးတို့ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁)အရ ပညာရေးကဏ္ဍတွင် လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်မှုကို ပိုမိုအားကောင်းစေရေးအတွက် အတူသင်စီမံချက် (Learning together Project) ကို အတူတကွ ကျောင်းသွားခြင်း (Going to School together)၊ အတူစာဖတ်ခြင်း (Reading together)၊ အတူတကွကစားခြင်း (Playing sports together)၊ ကျောင်းတွင်း ‌ရေနှင့် သန့်ရှင်းရေးကဏ္ဍကိုအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း (Promoting school hygiene together)နှင့် ဆရာ၊ ဆရာမများကိုအတူတကွ ထောက်ပံ့ပေးခြင်း(Supporting teachers together)စသော အဓိကအစီအစဉ် ၅ ရပ်ဖြင့် ဆောင်ရွက်အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ‌၊ အဆင့်မြင့်ပညာနှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို စိစစ်အကဲဖြတ်ပြီးထောက်ပံ့ပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း(မူကြမ်း)နှင့် ချိတ်ဆက်ကာ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးအကြံပြုကြစေလိုပါကြောင်း၊ ဆက်လက်၍လည်း ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်အကောင် အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းဆွေးနွေးအကြံပြုချက်များ ရယူပြီးဆောင်ရွက် သွားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေး သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် အဆင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် လိုအပ်ချက် စစ်ဆေးအကဲဖြတ်ချက်များနှင့် ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသောပညာရေး စီမံကိန်း (မူကြမ်း)နှင့်ဆက်စပ်ပံ့ပိုးဆောင်ရွက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေး တင်ပြကြသည်။

ထို့နောက်အစည်းအဝေးတက်ရောက်လာသူများက မေးမြန်းဆွေးနွေးအကြံပြုခြင်း များဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နိဂုံးချုပ်စကားများ ပြောကြားကာ ညှိနှိုင်းအစည်းအဝေး ကိုရုပ်သိမ်းခဲ့သည်။



Bookmark the permalink.

Comments are closed.