ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပညာရေးစီမံခန့်ခွဲမှု (Certificate in Educational Management – CEM, Batch -2) အွန်လိုင်းသင်တန်းဖွင့်ပွဲ တက်ရောက်


Date : 18 January, 2021

22(1)

Webp.net-gifmaker

နေပြည်တော် ဇန်နဝါရီ ၁၈

ရန်ကုန်ပညာရေးတက္ကသိုလ်မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် ပညာရေး စီမံခန့်ခွဲမှု (Certificate in Educational Management – CEM, Batch-2) အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းတက်ရောက်လာကြသည့် စီမံခန့်ခွဲရေးအရာရှိ သင်တန်းသား သင်တန်းသူများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ အွန်လိုင်း စနစ်ဖြင့်တက်ရောက် ကြသည်။

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးက CEM အွန်လိုင်းသင်တန်းအမှတ်စဉ်(၁)ကို သင်တန်းကာလ (၈) ပတ်ကြာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့မှုအတွက် ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ ယခုသင်တန်းတွင် ပညာရေးနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ၊ ဦးစီးဆောင်ရွက်မှုများ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုများ၊ သုတေသနနှင့်စီမံကိန်းရေးဆွဲခြင်းများ၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ဆက်သွယ်ပြောဆိုမှု စွမ်းရည်များ စသည်ဖြင့်ပို့ချချက်များသည် တက်ရောက်လာသည့် သင်တန်းသားအရာရှိကြီးများအတွက် လက်တွေ့ မြေပြင်တွင်စီမံခန့်ခွဲမှုများ ဆောင်ရွက်သည့်အခါ လွန်စွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊

၂၁ ရာစုနှင့်လိုက်လျောညီထွေဖြစ်သော အရည်အသွေးရှိသည့်ပညာရေးဦးတည်၍ အကောင်အထည်ဖော်ရာတွင် စုပေါင်းအင်အားဖြင့် တာဝန်ယူတာဝန်ခံပြီး လက်တွေ့ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာမှုရှိသော ဖြေရှင်း ဖြည့်ဆည်း အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အထောက်အကူပြုသည့် အရည် အသွေးရှိသော ပညာရေးစနစ်ဖြစ်ရန်အတွက် တိုင်းရင်းသား ဒေသများကို ဦးစားပေး၍ လူတိုင်းအကျုံးဝင် သင်ယူမှုအခွင့်အလမ်းမြှင့်တင်ခြင်း၊ ဆရာအရည်အချင်းစံသတ်မှတ်ချက် အညွှန်းဘောင်နှင့်အညီ ဆရာ၊ဝန်ထမ်းများဖြည့်ဆည်းခြင်း၊ နည်းပညာနှင့်အခြေခံအဆောက် အအုံများ ဖြည့်ဆည်းခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဆရာ ဆရာမ၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများရေးသားမှု အားပေး လျက်ရှိပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၁ ရာစုနှင့် လိုက်လျောညီထွေရှိသည့် သင်ရိုးညွှန်းတမ်းများ ဖြစ်ရန် ပြင်ဆင် မြှင့်တင်ခြင်း၊ High-Tech Learning, High-Touch Learning, Blended Learning စသည့် သင်ကြားသင်ယူမှု နည်းလမ်းများ သင်တန်းပေးဆောင်ရွက်ခြင်း၊ မတူညီသည့် အခြေအနေများနှင့် လိုက်လျောညီထွေရှိသည့် စစ်ဆေးအကဲဖြတ်ခြင်း၊ သီအိုရီနှင့်လက်တွေ့ ပေါင်းစပ်၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုနှင့် စွမ်းဆာင်ရည် မြင့်မားလာစေရေးအတွက် စီးပွားရေးလုပ်ငန်းများနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဒေသအကျိုးပြု၊ ပြည်ထောင်စု အကျိုးပြု ဘွဲ့သင်တန်းများနှင့် တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများ စီစဉ်ဆောင်ရွက်ခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

အရည်အသွေးရှိသည့် ပညာရေးဦးတည်၍ အကောင်အထည်ဖော်ရာတွင် အဓိကအရေးပါသူများမှာ စီမံခန့်ခွဲသူများ ဖြစ်ပါကြောင်း၊ ဦးစီးဆောင်ရွက် သူများတို့က ဘက်မလိုက် အုပ်စုမဖွဲ့ဘဲ တရားမျှတစွာ ဖြေရှင်း ဖြည့်ဆည်း စီမံခန့်ခွဲမှသာ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ တိုင်းရင်းသားပြည်သူများ တို့၏ ယုံကြည်မှုကိုရရှိ၍ နိုင်ငံတော်ကလည်း ပညာရေးတွင် အထူးလိုအပ်ချက်များပြားသဖြင့် ပိုမိုရင်းနှီးမြုပ်နှံ အားပေး ပံ့ပိုးမည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊

သင်ကြားသင်ယူရေးဆိုင်ရာ လုပ်ငန်းများ၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်း စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများတို့ကို မေတ္တာ၊ ဂရုဏာ စိတ်ဓာတ်အပြည့်ဖြင့် ဦးစီးဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ ဦးစီးဆောင်ရွက်သူက ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ညီညီညွတ်ညွတ် စုပေါင်းအင်အားဖြင့် တာဝန်ယူတာဝန်ခံ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်ရည်ပြည့်ဝစွာ စီမံခန့်ခွဲ ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အရေးပါသဖြင့် ယခုပညာရေးစီမံခန့်ခွဲမှု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊

ယခုသင်တန်းမှ ပို့ချသည့် ပညာရေးဆိုင်ရာ ဦးစီးဆောင်ရွက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များကို စီမံခန့်ခွဲခြင်း၊ သုတေသနနှင့် စီမံကိန်းရေးဆွဲခြင်း၊ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ဆက်သွယ်ပြောဆိုမှု စွမ်းရည်မြှင့်တင်ခြင်း စသည် တို့ကို ပညာရေးမိသားစုစိတ်ဓာတ်၊ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်ဖြင့် ပူးပေါင်းသင်ယူကြရန်လိုပါကြောင်း၊ လက်တွေ့ကြုံတွေ့ နေရသည့် သင်ကြားသင်ယူရေး၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ၊ စိန်ခေါ်မှု များကိုလည်း ယခုသင်တန်းတွင် အများစုကလက်ခံနိုင်မည့် ဖြေရှင်း ဖြည့်ဆည်းနိုင်မှုများကို ညှိနှိုင်းဆွေးနွေး အဖြေရှာကြရန်လိုပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်သည့် ကျောင်း၊ သိပ္ပံ၊ တက္ကသိုလ်၊ ရုံး၊ ဦးစီးဌာနရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ၂၁ ရာစုဆိုင်ရာ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အမျိုးသား ပညာအရည်အချင်းအညွှန်းဘောင် (National Qualification Framework-NQF)နှင့် အညီ အဆင့်တိုင်း၌ အရည်အသွေးအာမခံမှု ရှိသည့် ကျန်းမာ လုံခြုံသော သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရေး အတွက် ညီညီညွတ်ညွတ်ဖြင့် အကျိုးရှိ ထိရောက် ပွင့်လင်းမြင်သာစွာ ပူးပေါင်း စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်မာနီက CEM သင်တန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း တင်ပြကာ ကျေးဇူးတင်စကားပြောကြားသည်။

 ဖွင့်ပွဲအခမ်းအနားအပြီးတွင် CEM သင်တန်း ပထမနေ့ ပို့ချချက်များကို ဆက်လက် ဆောင်ရွက်ကြသည်။ ယခုဖွင့်လှစ်သည့်သင်တန်းတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်(၁)ဉီး၊ ပါမောက္ခချုပ် (၄)ဉီး၊ ဒုတိယပါမောက္ခချုပ်(၁၂)ဉီး၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး(၁၈)ဉီးနှင့် ဒုတိယကျောင်းအုပ်ကြီး(၂၄)ဉီးဖြင့် စုစုပေါင်း (၅၉) ဉီး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၈၊ ၁၊ ၂၀၂၁ ရက်နေ့မှ ၁၈၊ ၃၊ ၂၀၂၁ ရက်နေ့အထိ ဖြစ်ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.