စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေနှင့် တိကျတိုင်းတာမှုနည်းပညာဥပဒေများ ပြဌာန်းနိုင်ရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး


Date : 17 October, 2012

IMG_9108

နေပြည်တော်၊ အောက်တိုဘာ ၁၆
နိုင်ငံသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချဘေးကင်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် အမျိုးသားစံချိန်စံညွှန်းများ သတ်မှတ်ပြီးကာကွယ်မှုပြုရန်၊ သွင်းကုန် Import များတင်သွင်းရာတွင် မိမိနိုင်ငံ၏ လက်ခံကျင့်သုံးနေသည့် အမျိုးသားစံများနှင့် ကိုက်ညီမှသာ တင်သွင်းခွင့်ပြုပြီး ပို့ကုန် Export များတင်ပို့ရာတွင် မိမိထုတ်ကုန်၏စံသည် နိုင်ငံတကာနှင့် ကိုက်ညီနေရန်နှင့် အခြားနိုင်ငံများ၏ စံများသည် နိုင်ငံတကာစံညွှန်းများ ထက်ပို၍ တင်းကျပ်ထားလျှင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ ကုန်သွယ်ရေး ဆိုင်ရာနည်းပညာ အတားအဆီးဖယ်ရှားရေး သဘောတူညီချက်များဖြင့် တင်းကျပ်မှုများကို လျှော့ပေါ့ရန် တောင်းဆိုပြီး ကုန်သွယ်ရေးမျှတမှုကို တောင်းဆိုဖန်တီးရန်ဟူသည့် အချက်များကို ဆောင်ရွက်နိုင်ရန်အတွက် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေနှင့် တိကျတိုင်းတာမှုနည်းပညာ ဥပဒေများပြဌာန်းနိုင်ရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နံနက် ၉ နာရီတွင် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာ ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမဟုတ်သော ပြင်ပအဖွဲ့အစည်းများမှ ပညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံအသီးသီး၌ အမျိုးသားစံချိန်စံညွှန်းများသတ်မှတ်ရန် အမျိုးသားအဆင့် စံသတ်မှတ်ရေးအဖွဲ့များဖွဲ့စည်း သကဲ့သို့ သတ်မှတ်သော စံချိန်စံညွှန်းများနှင့် မီ၊ မမီစစ်ဆေးပြီး အရည်အသွေး ထိန်းချုပ်ရန် အမျိုးသားအဆင့် အသိအမှတ်ပြုရေးအဖွဲ့များကိုလည်း တည်ထောင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌လည်း စံချိန်စံညွှန်း သတ်မှတ်ရေး၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးရေးနှင့် တိကျတိုင်းတာမှုနည်းပညာဆိုင်ရာ အခြေခ ံအဆောက်အဦများအတွက် အမြုတေအဖြစ် စံသတ်မှတ်ရေးဌာနကို ဗဟိုသုတေသနဌာန လက်အောက်၌ ၁၉၅၆ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပါကြောင်း၊ ထိုအချိန်ကတည်းက စံချိန်စံညွှန်းပေါင်း ၆၅ ခု ထိရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်ဥပဒေနှင့် သတ်မှတ်ပြီး အတည်ပြုနိုင်ခြင်း၊ စစ်ဆေးအရေးယူနိုင်မှု မရှိခြင်းများကြောင့် တစ်နိုင်ငံလုံး အနေဖြင့် လိုက်နာကျင့်သုံးမှု ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့သေးကြောင်း၊ ယခုအခါ စံချိန်စံညွှန်း အခြေခံအဆောက်အဦကို မြှင့်တင်နိုင်ရန်အတွက် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် စတင် ထိထိရောက်ရောက် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း။
နိုင်ငံတကာ၌ ကျင့်သုံးမှုများအရ စံချိန်စံညွှန်းများကို ရေးဆွဲရာတွင် သက်ဆိုင်ရာအဖွဲ့ အစည်းအားလုံး၊ ဥပဒေပြုသူများ၊ ထုတ်လုပ်သူများ၊ စားသုံးသူများအားလုံး ပါဝင်ရမည်ဖြစ်ပြီး ရေးဆွဲပုံလုပ်ငန်းစဥ် အဆင့်ဆင့်ကိုလည်း တိတိကျကျ အချိန်ဇယားချမှတ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုကျင့်ထုံးများနှင့်အညီ စံချိန်စံညွှန်းရေးဆွဲရေးဆိုင်ရာနည်းဥပဒ(မူကြမ်း) တစ်ခုကိုပြုစုပြီး ဥပဒေအတည်ပြုပြီးသည်နှင့် ဆက်လက်တင်ပြနိုင်ရန်အတွက် သဘောထား မှတ်ချက်များပေးနိုင်ရန် ယခုအစည်းအဝေး၌ ဖြန့်ဝေထားပြီးဖြစ်ကြောင်း။
ယခုအစည်းအဝေး၌ ဖွဲ့စည်းမည့် မြန်မာနိုင်ငံ စံချိန်စံညွှန်းပြုနည်းပညာအဖွဲ့များသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မြန်မာနိုင်ငံ စံချိန်စံညွှန်းများကို ကြိုတင်ရေးဆွဲရမည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းများမှာ specification များသာမက စစ်ဆေးမည့် procedure များ၊ တိုင်းတာ စမ်းသပ်မည့် standards method များပါဝင်သည့်အတွက် ပညာရှင်များပါဝင်ရန် လိုအပ်ပါကြောင်း။
ပညာရှင်များမှ နိုင်ငံတကာနှင့် လိုက်လျောညီထွေမှုများရှိသော စံချိန်စံညွှန်းများကို ရေးဆွဲ ရမည်ဖြစ်ပြီး ကော်မတီနှင့် ကောင်စီပိုင်းမှ မူဝါဒနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် တာဝန်များ ယူရမည်ဖြစ်ကြောင်း၊ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာကျင့်သုံးရန်အတွက်ကော်မတီနှင့် ကောင်စီများမှ အရည်အသွေးထောက်ခံချက် အမှတ်အသားများ၊ အမှတ်တံဆိပ်များ အသုံးပြုခွင့် ပေးခြင်း၊ အရည်အသွေးစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းများကို အသိအမှတ်ပြုပေးခြင်း များကို ဆက်လက် ထိန်းသိမ်း လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။
တိကျတိုင်းတာမှုနည်းပညာဥပဒေ အနေဖြင့်လည်း အတည်ပြုပြီးနောက် မက်ထရစ်စနစ် ကူးပြောင်းခြင်းအားဖြင့် နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်ရေး၌ မိမိနိုင်ငံ၏ တိုင်းတာယူနစ်များကို တသမတ်တည်း ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ တိုင်းတာစနစ် တစ်ခုတည်းဖြစ်၍ ကုန်သွယ်ရောင်း ဝယ်ရသည်မှာ ရှင်းလင်းလွယ်ကူလာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အကျိုးကျေးဇူးများရရှိရန် တိကျတိုင်းတာခြင်း နည်းပညာဥပဒေ(မူကြမ်း)ကို အတည်ပြုရေးအတွက် စတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့နောက် မက်ထရစ်စနစ်ကို တဖြည်းဖြည်းကူးပြောင်းရန် ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း။
တိကျတိုင်းတာမှုနည်း ဥပဒေပါအချက်များသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ တိကျစွာ တိုင်းတာမှုအဖွဲ့ (OIML-International Organization for Legal Metrology)မှ လမ်းညွှန် ထားသော တိကျစွာတိုင်းတာမှု စစ်ဆေးရေးဥပဒေများ၌ ပါဝင်ရမည့် အကြံပြုချက်များနှင့် ကိုက်ညီမှုရှိအောင် ရေးဆွဲထားပါကြောင်း၊ ယခုတိကျတိုင်းတာမှု နည်းဥပဒေကို စံသတ်မှတ်ရေး ဌာနမှ ဘာသာပြန်၍ ပထမမူကြမ်းအဆင့်အနေဖြင့် ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ တက်ရောက်လာ ကြသော ဌာနများ၊ အဖွဲ့အစည်းများ၊ ပညာရှင်များမှ လေ့လာဆန်းစစ်၍ မိမိတို့၏ သဘောထား မှတ်ချက်များအား ပေးပို့ပေးပါရန် မေတ္တာရပ်ခံပါကြောင်း။
စံချိန်စံညွှန်းကောင်စီ၊ ကော်မတီနှင့် နည်းပညာကော်မတီများ ဖွဲ့စည်းရာ၌ ထည့်သွင်း ဖွဲ့စည်းရန် လျာထားသောဌာန၊ အဖွဲ့အစည်းများနှင့် ပညာရှင်များကိုလည်း ယခင် အစည်းအဝေး ြပီးနောက်ရရှိသည့် သဘောထား မှတ်ချက်များနှင့်အညီ ပြင်ဆင်လျာထား၍ ြဖန့်ဝေထားြပီး ြဖစ်ပါကြောင်း၊ အကြံပြုချက်များပေးပို့ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က စံချိန်စံညွှန်း သတ်မှတ် ခြင်းဆိုင်ရာ ဥပဒေနှင့် တိကျတိုင်းတာမှုနည်းပညာဥပဒေ(မူကြမ်း)ကို အတည်ပြု နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆောင်ရွက်နေချိန်၌ နည်းပညာ ဆပ်ကော်မတီများ ဖွဲ့စည်းပြီး နိုင်ငံ၏ ဦးစားပေးကဏ္ဍများအတွက် စံချိန်စံညွှန်းများ ရေးဆွဲထားနိုင်ပါက ဥပဒေ အတည်ပြု ပြီးသည်နှင့် စံချိန်စံညွှန်းများကို အမျိုးသားစံချိန်စံညွှန်းအမှတ်စဥ် (National Standard Code) များတပ်၍ မြန်မာ့စံချိန်စံညွှန်းအဖြစ် ထုတ်ပြန်ကြေငြာနိုင်မည်ဖြစ်ကြောင်း၊ ယခု စံချိန်စံညွှန်းများကို ကိုးကားသုံးစွဲ၍ နိုင်ငံအတွင်း၌ရှိသော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက အရည်အသွေး စစ်ဆေးရေးဆိုင်ရာ ဓါတ်ခွဲခန်းများကို အဆင့်မြှင့်တင်ထားနိုင်မှသာ မိမိတို့၏ ထုတ်ကုန်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးထားကြောင်းဖော်ပြနိုင်မည်ဖြစ်ပြီး နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက် နိုင်မည်ဖြစ်သည့်အပြင် မိမိတို့၏ ထုတ်ကုန်များကိုလည်း အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း။
ထို့ပြင် ဥပဒေအရ ဖွဲ့စည်းတာဝန်ပေးအပ်မည့် နည်းပညာဆပ်ကော်မတီများ၌လည်း ကျွမ်းကျင်သောပညာရှင်များ ပါဝင်ရန်လိုအပ်ကြောင်း၊ သို့မှသာမိမိတို့ သက်ဆိုင်သော လုပ်ငန်းများ၏ အကျိုးစီးပွားကို ထင်ဟတ်နိုင်မည့် စံချိန်စံညွှန်း များထွက်ပေါ်လာမည်ဖြစ်ပြီး လုပ်ငန်းခွင် အခြေအနေများနှင့် ပတ်သက်သော စံချိန်စံညွှန်းများနှင့် လူမှုရေးတာဝန်ရှိမှု စံချိန်စံညွှန်းများကို ထည့်သွင်းရေးဆွဲနိုင်မှသာလျှင် နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာနိုင်ငံ သို့လာရောက် ရင်းနှီးမြှုပ်နှံသောအခါတွင် နိုင်ငံတကာ ကျင့်သုံးနေသော စံချိန်စံညွှန်းများ မြန်မာနိုင်ငံ၌ အသင့်ရှိနေမည်ဖြစ်ကြောင်း။
အလားတူစွာ ပြုစုထားပြီးဖြစ်သော တိကျတိုင်းတာခြင်း နည်းပညာဥပဒေ၌ တိကျ တိုင်းတာမှုနှင့် ပတ်သက်သော ကိစ္စရပ်များကို နိုင်ငံတကာ၌ အသုံးပြုနေသော သတ်မှတ် ချက်များနှင့်အညီ ပြည်ပမှ ပညာရှင်များ၏ အကူအညီဖြင့် ပြုစုထားသောကြောင့် ဥပဒေ (မူကြမ်း) အပေါ်၌လည်း အစည်းအဝေးသို့ တက်ရောက်လာကြသော ကျွမ်းကျင်ပညာရှင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ အပြုသဘောဆောင် အကြံပြုချက်များ ပေးရန်လိုကြောင်း၊ မြန်မာနိုင်ငံ၌ သတ်မှတ် ပြဌာန်းရန် လိုအပ်နေသော စံချိန်စံညွှန်းသတ်မှတ်ခြင်း ဆိုင်ရာဥပဒေနှင့် တိကျတိုင်းတာမှုနည်းပညာ ဥပဒေ(မူကြမ်း)များ၌ ပြင်ဆင်ဖြည့်စွက်သင့်သည်များကို တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပညာရှင်များမှ ညှိနှိုင်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ထို့‌ေနာက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများသည် စံချိန်စံညွှန်းဥပဒေ ပေါ်ထွက်လာပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စံချိန်စံညွှန်းဥပဒေအပေါ် ပေးပို့လာသော သဘောထား မှတ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)၏ အချက်တစ်ချက်ခြင်းကို ရှင်းလင်းတင်ပြကြကြောင်း၊ ထိုရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာသော ကျွမ်းကျင်ပညာရှင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဆွေးနွေးအကြံပြု ခဲ့ကြပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက စံချိန် စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေနှင့် တိကျတိုင်းတာမှုနည်းပညာဥပဒေများကို တင်ပြအတည်ပြု နိုင်ပြီးထိထိမိမိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက သွင်းကုန်နှင့် ပြည်တွင်းထုတ်ကုန် များအပေါ်ပြည်သူများ အရည်အသွေးစိတ်ချစွာ အသုံးပြုနိုင်မည့်အပြင် ပို့ကုန်များအတွက်လည်း စျေးကွက်တိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက်သာမက ဆင်းရဲမှုလျော့ချရေးအတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.