နိုင်ငံတကာအဆင့်မီပညာရှင်များ၊ Skill Technicians များနှင့် Skill Workersများမွေးထုတ်ပေးနိုင်ရေးဦးတည်ချက်ထားကြိုးပမ်း


Date : 9 November, 2012

1

နေပြည်တော်၊ နိုဝင်ဘာ၁၁
အရည်အချင်းပြည့်ဝသော လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး၊ ကွန်ပျူတာ တက္ကသိုလ်များတွင် လက်တွေ့အသုံးပြုနိုင်ရန် Lab ပစ္စည်းများလုံလုံလောက်လောက်ရရှိနိုင် စေရေးနှင့် Research Universities များအဆင့်ထိရောက်အောင် ရည်မှန်းချက်များထားရှိဆောင်ရွက်နိုင်ရေးနှင့် စပ်လျဥ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ယခုသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတကာအဆင့်မီ ပညာရှင်များဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ဆရာ၊ ဆရာများအနေဖြင့်လည်းမိမိတို့ဝန်ကြီးဌာန၏ ဦးတည်ချက်များအောင်မြင်စေရန် စေတနာထားလုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သာမက လက်တွေ့လုပ်ဆောင်မှုများကိုပါ ကျွမ်းကျင်တတ်မြောက်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်စေရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအဆင့်အတန်း မြင့်မားလာစေရေး ရည်မှန်းချက်များ အောင်မြင်လာမည်ဖြစ်ကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူများသည် အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်များဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုများက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားရာတွင် စာသင်ခန်းများလုံလောက်မှုရှိရေး၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများကောင်းမွန်မှုရှိရေး၊ လက်တွေ့ပစ္စည်းများ လုံလောက်မှုရှိရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေးတို့အား ဂရုတစိုက်ဆောင်ရွက်ထားကြရန် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ တာဝန်ရှိသူများအားတွေ့ဆုံကာလမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက်နေ့၌ နည်းပညာတက္ကသိုလ် (သန်လျင်)သို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

2



Bookmark the permalink.

Comments are closed.