နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သော သုတေသနလုပ်ငန်းများ အဓိကထားလုပ်ဆောင်


Date : 21 November, 2012

IMG_5216

နေပြည်တော်၊ နိုဝင်ဘာ ၂၁
နိုင်ငံတော်၏ စက်မှုကဏ္ဍတွင် အဓိကအထောက်အပံ့ ဖြစ်စေမည့် ခေတ်မီစက်ကိရိယာများအား ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နိုင်ရန်နှင့် တိကျကောင်းမွန်သော စက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် သမာရိုးကျတွင်ခုံ စက်များအား PC Based CNC Machine အဖြစ်သို့ ပြုပြင်ပြောင်းလဲ တပ်ဆင်ခြင်းလုပ်ငန်းအား နည်းပညာသုတေသနဌာန (ပြင်ဦးလွင်)၌ သုတေသနပြု လုပ်ဆောင်လျက် ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦး ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သွားရောက်ကြည့်ရှု၍ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနလုပ်ငန်းများ အဓိကထား လုပ်ဆောင်ကြရန် လမ်းညွှန်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) သို့ ရောက်ရှိပြီး စာသင်ခန်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ လက်တွေ့ ခန်းများ၊ အလုပ်ရုံများကို လှည့်လည်ကြည့်ရှုပြီး နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ရှိ အာဆီယံ-ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် e-Learning Centreသို့ ရောက်ရှိပြီး ဒေသမရွေး၊ အချိန်မရွေး၊ နေရာမရွေး သင်ကြား၊ သင်ယူနိုင်မည့် သင်ခန်းစာများ ရိုက်ကူးထုတ်လုပ်လျက်ရှိသည့် multi-media-studio ခန်းမကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)မှ ခေတ္တကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် စက်မှုနည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း) သို့ရောက်ရှိပြီး သင်တန်းဌာနရှိ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ဘာသာရပ်များ သင်ကြားရာတွင် စက်ရုံ၊ အလုပ်ရုံများတွင် တိုက်ရိုက် အသုံးချ တာဝန်ထမ်း ဆောင်နိုင်မည့် ထူးချွန်သူများဖြစ်လာစေရေးအတွက် ထိရောက်စွာ သင်ကြားပေးနိုင်ရန် လိုအပ်ကြောင်း၊ ထူးချွန်သောကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် သင်ကြားရေး တာဝန် ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးသည် အထူးအရေးကြီးကြောင်း၊ သို့အတွက် ဤ စက်မှုနည်းပညာမြှင့်တင်ရေး သင်တန်းဌာနတွင် ဆရာ၊ ဆရာမများအတွက် လက်တွေ့ဘာသာရပ် ကျွမ်းကျင်မှု မွမ်းမံသင်တန်းများကို ဆောင်ရွက်ရန်စီစဥ်ထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး သုတေသန လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် လိုကြောင်းပြောကြားပြီး၊ Komatsu Asia & Pacific အဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံမှ ပညာရှင်များလာရောက် သင်ကြားပို့ချပေးလျက် ရှိသော Heavy Machinery Operation & Maintenance Training သင်တန်းအား သွားရောက်ကြည့်ရှုခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများအား ကြည့်ရှုအားပေး ခဲ့ကြောင်းသတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.