ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များတွင် လက်တွေ့အသုံးချနိုင်သည့် အဆင့်ဖြစ်အောင် ကြိုးစားသင်ယူ


Date : 10 January, 2013

IMG_8580

နေပြည်တော်၊ ဇန်နဝါရီလ ၁၀
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ယူရာတွင် အထူးကြိုးစား လေ့လာသင်ယူကြ မှသာလျှင် သင်တန်းများပြီးဆုံး၍ ဘွဲ့ရရှိချိန်တွင် နိုင်ငံတကာ အဆင့်မီနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များကို အာရုံစူးစိုက်ကြိုးစား အားထုတ်မှု ရှိရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို အချိန်များများပေး၍ ဆည်းပူးလေ့လာရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးကိုလည်း ဂရုစိုက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ နောင်အနာဂတ်တွင် မိမိတို့ရည်မှန်းထားသည့် သုတေသနအခြေပြုတက္ကသိုလ် များအဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ)၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာတွင်အားပေး စကားပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် အဆင့်အတန်း မြင့်မားစွာ ပညာသင်ကြားပေးနိုင်ရန်နှင့် အဆင့်မီ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ပစ္စည်းများဖြင့် လက်တွေ့ ကျွမ်းကျင်သော ကျောင်းသား၊ ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့ကိုယ်ပိုင်အရည်အသွေးကို မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဆရာ၊ ဆရာမများအား တွေ့ဆုံမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်(ဗဟန်းနယ်မြေ)အတွင်း ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများနှင့် စာတွေ့၊ လက်တွေ့ တစ်ပြိုင်နက် ထိထိမိမိ သင်ကြားပေးနေမှု၊ ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ သင်ခန်းစာများ သင်ကြားပေးနေမှု၊ စာသင်ခန်းများနှင့် လက်တွေ့ခန်းတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.