ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ်လေ့လာ


Date : 11 February, 2013

IMG_4421

IMG_4542နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပညာသင်ယူရာတွင် အထူးကြိုးစားလေ့လာသင်ယူကြမှသာလျှင် သင်တန်းများ ပြီးဆုံး၍ ဘွဲ့ရရှိချိန်တွင် နိုင်ငံတကာ အဆင့်မီနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်များကို အာရုံစူးစိုက် ကြိုးစားအားထုတ်၍ အချိန်များများပေးပြီး ဆည်းပူးလေ့လာရမည်ဖြစ်ကြောင်း၊ သို့မှသာ နောင်အနာဂတ်တွင် မိမိတို့ရည်မှန်းထားသည့် သုတေသန အခြေပြုတက္ကသိုလ်များအဖြစ် တိုးမြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရှိ ဒုတိယပါ မောက္ခချုပ်၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာယူထိုက်သော ဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားသင်ကြားပေးကြရန်နှင့် မိမိတို့၏ သက်ဆိုင်ရာဘာသာရပ် နယ်ပယ်အသီးသီး၌ မိမိတို့တတ်သိနားလည် ထားသလောက်ဖြင့် ကျေနပ်မနေဘဲ မိမိတို့၏ အရည်အသွေး ပိုမိုမြင့်မားမှုရှိလာစေရန် အတွက်စဉ်ဆက်မပြတ် လေ့လာမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဆိုင်ရာသင်တန်း(လှိုင်) သို့ရောက်ရှိပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သင်တန်း(လှိုင်)မှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ အလုပ်ခွင်သို့ဝင်ရောက်ရန် အသင့်ဖြစ်နေမည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် မွေးထုတ်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ လက်တွေ့လုပ်ဆောင်နေမှုများနှင့် စာတွေ့၊ လက်တွေ့တစ်ပြိုင်နက် ထိထိမိမိ သင်ကြားပေးမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.