နည်းပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ


Date : 30 July, 2013

IMG_0413

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘရာဇီးလ်ပြည်ထောင်စုသမ္မတနိုင်ငံ အစိုးရတို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ညနေ ၄ နာရီတွင် ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက အမှာစကားပြောကြားရာတွင် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် မိမိတို့ (၂) နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးသည့် အဆင့်တစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်ဦးနှစ်ဖက်အနေဖြင့် ဖြည့်စွက်သဘောတူညီချက်များမှ တစ်ဆင့် အပြန်အလှန်စိတ်ဝင်စားမှု နယ်ပယ်များတွင် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံပြည်သူများအကြား တည်ရှိဆဲ ခင်မင်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုအားကောင်းလာစေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အဆိုပါနည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးထိုက်တန်သော ဆောင်ရွက်မှုဖြစ်မည်ဟု မိမိအနေဖြင့် အခိုင်အမာယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးလ်ပြည်ထောင်စုသမ္မတနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. Jose Carlos Da Fonseca Junior မှ ယခု သဘောတူစာချုပ် ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ အမြန်ဆုံးလာရောက်၍ ဆွေးနွေးနိုင်ရန် စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း‌ြေပာကြားခဲ့ပါသည်။
ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဘရာဇီးလ် ပြည်ထောင်စုသမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘရာဇီးလ်ပြည်ထောင်စုသမ္မတနိုင်ငံ အစိုးရတို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တို့အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဘရွှေနှင့် ဒေါက်တာအောင်ကျော်မြတ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_0490



Bookmark the permalink.

Comments are closed.