ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူစွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ်များ လျော့ချရေးဆိုင်ရာ ဆွေးနွေးပွဲ


Date : 7 February, 2014

IMG_0024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူစွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ်များ လျော့ချရေးဆိုင်ရာ (Chemical၊ Biological၊ Radiological and Nuclear Risk Mitigation Centres of Excellence – CBRN CoE) လိုအပ်ချက်များ သုံးသပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

            ဒုတိယဝန်ကြီးက ပြောကြားရာတွင် ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူစွမ်းအင် ဆိုင်ရာ ဘေးအန္တရာယ်များ လျော့ချရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ရာတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ National CBRN Team ဖွံ့ဖြိုးတိုးတက်ရန်အတွက် Focal Ministry အဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရှိ CBRN CoE Project ကို ဆက်လက်အကောင်အထည် ဖော်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးရှိ ကိုယ်စားလှယ်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ CBRN Field သည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်စပ်နေသော နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ CBRN ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ၌ အများပြည်သူများ ဘေးကင်းလုံခြုံစေရန် အဖွဲ့အစည်းအသီးသီးနှင့်ပူးပေါင်း ဆောင်ရွက်မှသာ ဘက်ပေါင်းစုံမှ အကျိုးသက်ရောက်စေမည် ဖြစ်ပါကြောင်း။

            သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် United Nations Interregional Crime and Justice Research Institute တို့ ပူးပေါင်းကျင်းပခဲ့သည့် CBRN CoE နှီးနှောဖလှယ်ပွဲအား ၂၀၁၃ ခုနှစ်တွင် အောင်မြင်စွာဆောင်ရွက်ခဲ့ပြီး CBRN CoE Projects များ အကောင်အထည် ဖော်ရာတွင် ပထမဆင့် အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ယခုအခါတွင် ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူစွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ်များ လျော့ချရေးအတွက် European Union (EU) နှင့် ဥရောပကော်မရှင်အဖွဲ့၏ Joint Research Centre (JRC) တို့သည် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဒေသတွင်းပူးပေါင်းလုပ်ဆောင်ခြင်းနှင့် အသိပညာများ ဖလှယ်ခြင်းအားဖြင့် အောင်မြင်မှုရရှိမည်ဟု ယုံကြည်မိပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဥရောပသမဂ္ဂပူးတွဲသုတေသနဌာနမှ ကိုယ်စားလှယ်နှင့် တာဝန်ရှိ သူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာအကြီးအမှူးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဓာတု၊ ဇီဝ၊ ဓာတ်ရောင်ခြည်နှင့် အဏုမြူစွမ်းအင်ဆိုင်ရာ ဘေးအန္တရာယ်များ လျော့ချနိုင်ရန်လုပ်ငန်းများနှင့်ပတ်သက်၍ ပကတိလက်ရှိအခြေအနေများ ဖြစ်သော ဥပဒေများနှင့် နည်းဗျူဟာများကို ရှင်းလင်းဆွေးနွေးပြီး ရှေ့လုပ်ငန်းစဥ်များ၌ EU မှ လိုအပ်ချက်များ၊ အကြံဉာဏ်များဖြည့်ဆည်းပေးရန် သက်ဆိုင်ရာကဏ္ဍအလိုက် အ‌ကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.