သင်ကြား၊ စီမံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 22 February, 2014

IMG_0531

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ သင်ကြား၊ စီမံဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

                  အဆိုပါဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

                  ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း အသီးသီး၏ သင်ကြားရေး၊ စီမံရေး၊ ကျောင်းသားရေးရာနှင့် ဘဏ္ဍာရေးတို့အား စီမံခန့်ခွဲရာတွင် နိုင်ငံတော်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် စည်းမျဥ်းစည်းကမ်းများအား သိရှိလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံခန့်ခွဲရေးဝန်ထမ်းများဖြစ်ကြသော ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ သက်ဆိုင်ရာတက္ကသိုလ်၊ ကျောင်းများရှိ ဝန်ထမ်းများအားလုံးကို သိရှိနားလည်စေရန် ပြောကြားထားရန်လိုအပ်ကြောင်း၊‌ တက္ကသိုလ် များတွင် ဆရာ၊ ဆရာမများ အရေအတွက်သာမက အရည်အချင်းတိုးတက်လာစေရန် Seminar များ စဥ်ဆက်မပြတ် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ တက္ကသိုလ်တိုင်းတွင် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သော စက်ပစ္စည်းများ လုံလောက်မှုရှိစေရေးနှင့် စာကြည့်တိုက်များ ထားရှိစေရေးတို့အတွက် ကြိုးစားထားကြရန် လိုအပ်ကြောင်း၊ သင်ကြားမှု သင်ယူမှုများတွင် သတင်းအချက်အလက်နည်းပညာကို အသုံးပြုနိုင်ရေးဆောင်ရွက်ရန်လို အပ်ကြောင်း၊ တက္ကသိုလ်အလိုက် စီမံချက်များထားရှိပြီး ကော်မတီများဖွဲ့စည်းပြီးလည်းကောင်း၊ ဌာနခွဲများဖွဲ့စည်းပြီး လည်းကောင်း စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

                  ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ မိမိတို့၏တက္ကသိုလ်အလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.