ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်းနှင့် အခြားဆက်စပ်သော စီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်ခြင်း


Date : 25 March, 2014

IMG_00371

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization-WIPO)၏ အစီအစဥ်ဖြင့် ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်းနှင့် အခြားဆက်စပ်သော စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယနေ့ခေတ်တွင် အသိဉာဏ်ပစ္စည်းနှင့် ဆက်စပ်သော အရာများ များပြားလာပြီး တစ်နေ့ထက်တစ်နေ့ ပို၍အရေးပါလာကြောင်း၊ အသိဉာဏ်ပစ္စည်း နယ်ပယ်ကျယ်ပြန့်လာပြီး အသိဉာဏ်ပစ္စည်းနှင့်ပတ်သက်သော အရာများသည်လည်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ်များတွင် ပိုမိုအရေးပါလာ ကြောင်း။
တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေနှင့် မူပိုင်ခွင့် ဥပဒေများနှင့်ပတ်သက်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေမူကြမ်းများကို နောက်ဆုံးအချောသတ် ရေးဆွဲလျက်ရှိပါကြောင်း၊ ၎င်းမူကြမ်းများကို အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေသဘောတူညီချက် (Trade Related Aspects of Intellectual Property Rights-TRIPS Agreement)တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီအောင်လည်း ရေးဆွဲထားပါကြောင်း၊ ၎င်းပြဋ္ဌာန်းချက်များကို နိုင်ငံတကာ စနစ်များနှင့် ချိတ်ဆက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်း အခန်းကဏ္ဍများကို ထည့်သွင်းထားပါကြောင်း။
ကုန်အမှတ်တံဆိပ်ဥပဒေမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ စာတမ်း ဖတ်ပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)၊ ဥပဒေ အကျိုးဆောင်များစသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အကြံပြုချက်များကိုလည်း ရယူခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ ကုန်အမှတ်တံဆိပ်ကဏ္ဍများ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်များ၏ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကိုယ်စားပြုပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာစိုး၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်း၌ ဂျပန်တီထွင်မှုမူပိုင်ခွင့်ရုံး (JPO)၏ ကုန်အမှတ်တံဆိပ်မူဝါဒရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး Mr. Takeshi Tomisawa၊ ဖိလစ်ပိုင်အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Ms. Marites Q.Salviejo တို့မှ သင်တန်းပို့ချပေးပြီး သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကို မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.