
နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ တိုးချဲ့မြှင့်တင် အကောင်အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ စုဝေးခန်းမ၌ ဇွန်လ (၁၀) ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ကျင်းပခဲ့ရာ Task Force ဥက္ကဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နည်းပညာကျွမ်းကျင်မှုနှင့် အသက်မွေး ဝမ်းကျောင်း ပညာကဏ္ဍတို့တွင် ရေရှည်၌ကောင်းမွန်သော အုတ်မြစ်ချပေးနိုင်ရန်နှင့် ရေတို လုပ်ငန်းစဉ်များ အောင်မြင်စွာလုပ်ဆောင်နိုင်ရန် ဥပဒေများပြဋ္ဌာန်းနိုင်ရေးအတွက် Working Group များ ဖွဲ့စည်းပြီး မူဝါဒများ၊ လုပ်ငန်းစဥ်များချမှတ်၍ နိုင်ငံတော်၌ ပြည်သူတို့၏ လိုအပ်ချက်များပေါ် အခြေခံ၍ ဆွေးနွေးကြရန်လိုကြောင်း၊ ထိုဆွေးနွေးမှုများမှ ရရှိလာသော ဆွေးနွေးချက်များအား Task Force အစည်းအဝေးများတွင် တင်ပြဆွေးနွေးဆုံးဖြတ်ကြရန် ဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်း၍ အသက်မွေးပညာသင်တန်းများကို သင်တန်းနှင့် လုပ်ငန်းခွင်ဆက်စပ်လျက် ကျွမ်းကျင်အောင် ပိုမိုပြီးဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို Development Partner များမှ အကူအညီများ လိုအပ်မှာဖြစ်ပါကြောင်း၊ မူဝါဒများ၊ ဥပဒေများရေးဆွဲသည့်ကိစ္စရပ်များတွင် International Experiences ရှိသူများ ကိုလည်း ဖိတ်ကြားပြီး ရေးဆွဲရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော Task Force အတွင်းရေးမှူး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍တင်ပြပြီး အထူးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့မှ ဒုတိယဝန်ကြီးများက နိုင်ငံတော်၌ လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများနှင့် Working Group များ အပြီးသတ်ဖွဲ့စည်းနိုင်ရေး စီစဥ်ထားရှိမှုများအား တင်ပြဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။