စက်မှုဒီဇိုင်းမူပိုင်ခွင့် စစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း


Date : 23 June, 2014

IMG_5707

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှု ဒီဇိုင်းမူပိုင်ခွင့် စစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းနှင့်ဆက်စပ်နေသော ကိစ္စရပ်များ၏ ကဏ္ဍတိုင်းသည် အရေးကြီးသောကြောင့် နိုင်ငံတော်အစိုးရကလည်း မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်း ဖွံ့ဖြိုးတိုးတက်မှုကို အားပေးလျက်ရှိပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့် ကိစ္စရပ်များကိုအဓိကထား ဆောင်ရွက်ပေးနေသော ဝန်ကြီးဌာနတစ်ခုဖြစ်သည့် အားလျော်စွာ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆက်စပ်နေသောဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ်တွင် Trade-Related Aspects of Intellectual Property Rights-TRIPS Agreement ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ စသည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေမူကြမ်းများကို နောက်ဆုံးအချောသတ် ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ၊ အပြန်အလှန် ဆွေးနွေးပွဲများနှင့် အစည်းအဝေးပွဲများကျင်းပပြီး ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေမူကြမ်းတွင် အပြည်ပြည်ဆိုင်ရာ လျှောက်လွှာတင်ခြင်းနှင့် မှတ်ပုံတင်ခြင်းအခန်းတို့ကိုလည်း အပြည်ပြည်ဆိုင်ရာတွင် ကျင့်သုံးနေသောစနစ်နှင့် ချိတ်ဆက်နိုင်ရန် ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ စက်မှုဒီဇိုင်းကို အကာအကွယ်ပေးခြင်းဖြင့် ရိုးရာအနုပညာနှင့် လက်မှုလုပ်ငန်းများအပြင် စက်မှုဆိုင်ရာထုတ်လုပ်မှုကဏ္ဍတွင် ဖန်တီးမှုကိုအားပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးတွင် ဆောင်ရွက်မည့်ဝန်ထမ်းများနှင့် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကျွမ်းကျင်နားလည်ရန်နှင့် လိုအပ်သောအရည်အသွေးများကို ရရှိစေရန်အတွက် သင်တန်းဖွင့်လှစ်ပေး ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒီဇိုင်းမူဝါဒဌာန၊ နိုင်ငံတကာရေးရာဌာနခွဲ၊ ဂျပန်တီထွင်မှုမူပိုင်ခွင့်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Mr. Masatoki Tayama က စက်မှုဒီဇိုင်းမူပိုင်ခွင့် စစ်ဆေးခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြပါသည်။
အဆိုပါသင်တန်း၌ စင်ကာပူသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ စက်မှုဒီဇိုင်းမူပိုင်ခွင့် စနစ်ဆိုင်ရာများကို အဓိကထားပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၄) ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကို ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.