တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်


Date : 30 July, 2014

IMG_0779

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ ၂၈ ရက်တွင် ရန်ကုန်မြို့၊ အမှတ် (၆) ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့သိပ္ပံနှင့်နည်းပညာ သုတေသန ဦးစီးဌာနသို့ ရောက်ရှိပြီး ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်း များနှင့် ဓာတ်ခွဲခန်းများသို့ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်၊ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ သုတေသီများနှင့်တွေ့ဆုံ၍ လက်တွေ့ကျသော သုတေသနလုပ်ငန်းများကို တိုးတက်အောင်မြင်မှု များရရှိအောင် ကြိုးစားသွားကြရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၏ နည်းပညာလိုအပ်ချက် များအပေါ် သုတေသနပြုဆောင်ရွက်ရာတွင် နည်းပညာရလဒ် တစ်ခုတည်းသာမက စီးပွားရေးအရ တွက်ခြေကိုက်နိုင်မှုများပါ ထည့်သွင်းစဥ်းစားကြရန်၊ အဆင့်မီသုတေသန ဓာတ်ခွဲခန်းကြီးများ ဖြစ်ပေါ်လာစေရေးအတွက် စီမံချက်များ စနစ်တကျရေးဆွဲပြီး အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်မှုအပေါ် အခြေခံလျက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
ဇူလိုင်လ ၂၉ ရက်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်(တာဝန်)၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးများ ဖြစ်လာစေရန် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတကာအဆင့်မီ ပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများတွင် ပြဋ္ဌာန်းထားသည် များနှင့်အညီ တိကျစွာလေ့ကျင့်သင်ကြားပေးကြရန်၊ ဌာနအလိုက် သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားကြရန်နှင့် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဌာနမှူးများ၊ ဆရာ၊ ဆရာမများကအဆင်သင့်ပြင်ဆင်ထားရှိရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြား နေမှုများကို လိုက်လံကြည့်ရှုပြီး သက်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူရာတွင် အာရုံစူးစိုက်ကြရန်နှင့် အချိန်ကိုစနစ်တကျ စီမံခန့်ခွဲပြီးလေ့လာကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.