၂၀၁၄-၂၀၁၅ ခု၊ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


Date : 25 September, 2014

IMG_2946

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် စက်တင်ဘာ ၂၅ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာနအောက်ရှိ ၂၀၁၄-၂၀၁၅ ခု၊ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရာ၌ နိုင်ငံတကာ အဆင့်မီစေရေး၊ အရည်အသွေး မြင့်မားစေရေးနှင့် လက်တွေ့နယ်ပယ်ဖြစ်သော လုပ်ငန်းခွင်များတွင် လက်တွေ့အသုံးချနိုင်သော သင်ရိုးညွှန်းတမ်းများ ဖြစ်ရန် လိုအပ်ကြောင်း၊ သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်မှုအတွက် လိုအပ်ပါက မွမ်းမံသင်တန်းများဖွင့်လှစ်ပေးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများနှင့် ကိုက်ညီအောင် မိမိတို့တက္ကသိုလ်များတွင်လည်း ပြုပြင်ပြောင်းလဲမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသလိုအပ်ချက်များကို အလေးအနက်ထား ကြိုးစားစေလိုကြောင်း၊ နိုင်ငံတကာမှာရှိတဲ့ ပညာရေးစနစ်များကိုလေ့လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးရှိသော ပညာရေးစနစ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရေးကဏ္ဍသည် အဓိကကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြောင်း၊ အင်ဂျင်နီယာပညာရေးစနစ် တိုးတက် ကောင်းမွန် လာစေရေးအတွက် မိမိတို့၏စဥ်းစားတွေးခေါ်သော Education Idea များသည် အဆင့်မြင့် အင်ဂျင်နီယာပညာရေးကို ရေရှည်တိုးတက်ကောင်းမွန်လာစေရန် တစ်စိုက်မတ်မတ် ကြိုးစားအားထုတ် ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ခေတ္တကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး ၂၀၁၄-၂၀၁၅ ခု၊ ပညာသင်နှစ် နည်းပညာတက္ကသိုလ်များတွင် ဖွင့်လှစ်သင်ကြားသွားမည့် သင်တန်းများအနက် B.E (၆) နှစ် စနစ်ဖြင့် သင်ကြားသွားမည့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ၊ လက်ရှိသင်ကြားလျက်ရှိသော ဘာသာရပ်အလိုက် ပြဋ္ဌာန်းစာအုပ်များ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာဆိုင်ရာများကို ရေးဆွဲနိုင်ရေး ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။



Bookmark the permalink.

Comments are closed.