ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေအား အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ပဥ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး


Date : 9 January, 2015

IMG_9090

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေအား အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ပဥ္စမအကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့သော ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေကို ပိုမိုကောင်းမွန်ပြီး ခေတ်စနစ်နှင့်လျောညီသောဥပဒေသစ် ထွက်ပေါ်လာစေရန် လက်ရှိဥပဒေများကိုရုပ်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော်မှ တာဝန် ပေးအပ်ခဲ့ခြင်းြဖစ်ပါကြောင်း၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေသစ် ထွက်ပေါ်လာစေရေးအတွက် Task Force Team ၏ ညှိနှိုင်းအစည်းဝေးပွဲများကိုကျင်းပခဲ့ပြီး ဝန်ကြီးဌာနအသီးသီးက ဥပဒေရေးရာကျွမ်းကျင်သူများပါဝင်သော အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာန ပေါင်းစုံမှ တရားဝင်ပေးပို့လာသော သဘောထားမှတ်ချက်များကို ရယူပြီးနောက် မိမိတို့လက်ရှိ ဥပဒေမူကြမ်းအပေါ် Task Force Team အနေနှင့် ပါဝင်သင့်မည့်ကဏ္ဍများ၊ ရှေ့ဆက်သွား ရမည့် တိကျသော Result ရသည်အထိ ပိုမိုမြန်ဆန်အောင် အရှိန်အဟုန်မြှင့်တင်် ဆွေးနွေး ကြရန်လိုအပ်ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သတင်းအချက်အလက် နည်းပညာ များ၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ခေတ်စနစ်နှင့် အညီဖွံ့ဖြိုးတိုးတက်လျက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာသတင်းအချက်အလက်နည်းပညာဆိုင်ရာ ပညာရည်မြင့်မားရေးအတွက် အစဥ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအကြား သတင်းအချက်အလက်နည်းပညာအသုံးပြုမှုအား ဟန်ချက်ညီစွာ တိုးတက်ရေးအတွက် ေဆာင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားအကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့် ဥပဒေ တစ်ရပ်ပေါ်ထွက်လာစေရန် အင်တိုက်အားတိုက် ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြော ကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ကြီးဌာနအသီးသီးမှပေးပို့လာသော သဘောထားမှတ်ချက်များနှင့် ဥပဒေသစ်တွင်ပါဝင်မည့် ကဏ္ဍများကိုဆွေးနွေးပြီး အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနမှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများမှ ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_9090



Bookmark the permalink.

Comments are closed.