Intellectual Property Proprietors’ Association Grand Inaugural Ceremony ကျင်းပ


Date : 19 January, 2015

IMG_9617

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ရန်ကုန်မြို့ရှိ UMFCCI အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော Intellectual Property Proprietors’ Association (IPPA) ၏ Grand Inaugural Ceremony အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ထိရောက်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် စနစ်ပေါ်ထွက်လာနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ TRIPS သဘောတူညီချက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် များနှင့်အညီ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်နှင့် မူပိုင်ခွင့်ဥပဒေများ ပေါ်ထွက် လာရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများအရ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်များအတွက် မှတ်ပုံတင်ခြင်းနှင့် စစ်ဆေးခြင်းများ ပြုလုပ်နိုင်ရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးအသစ် တည်ထောင်နိုင်ရန်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိ ပါကြောင်း။
အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် စနစ်များအပေါ် အာဏာသက်ရောက်နိုင်ရန်အလို့ငှာ ပွင့်လင်းမြင်သာမှုရှိသည့် လုပ်ထုံးလုပ်နည်းများချမှတ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကိုလည်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် ဆက်နွယ်နေသည့် သင်တန်းများ လေ့ကျင့်သင်ကြားပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ရုံးနှင့် အခြားသော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် ဆက်နွယ် နေသည့် အဖွဲ့အစည်းများ တည်ထောင်နိုင်ရန်လည်း အလွန်အရေးကြီးပါကြောင်း။
အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များအသင်း (Intellectual Property Proprietors’ Association of Myanmar-IPAM) အသင်းဖွဲ့စည်းတည်ထောင်ခြင်းကို ကြိုဆို ပါကြောင်းနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်စေရန်နှင့် ပြည်တွင်း၊ ပြည်ပ၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာများကို ကူညီဆောင်ရွက်နိုင်စေရန်အတွက် IPAM အဖွဲ့အစည်းကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲစေမည်ဟု ယုံကြည်ပါကြောင်းနှင့် အနာဂတ် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကဏ္ဍများကို IPAM အသင်းအနေဖြင့် ထိထိရောက်ရောက် အကျိုးရှိရှိ ပံ့ပိုးကူညီနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ IPAM အသင်းအနေဖြင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်စေမည့်အဓိက အင်အားတစ်ရပ်အနေဖြင့် စံနမူနာ ဖြစ်ပါလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ Grand Inaugural Ceremony အခမ်းအနားသို့ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်၊ IPPA ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်း၊ ဥပဒေပညာရှင်များ၊ IP နှင့်ပတ်သက်သော ပြည်တွင်း၊ ပြည်ပမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_9617



Bookmark the permalink.

Comments are closed.