နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 22 January, 2015

IMG_9605

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုအခါ လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရရှိလာမှာဖြစ်ကြောင်း၊ ထိုသို့ စီမံခန့်ခွဲခွင့်ရရှိလာသည့် အချိန်တွင် အသင့် ဖြစ်နေစေရန်အတွက် ယနေ့အစည်းအဝေးတွင် ကြိုတင်ပြင်ဆင်နိုင်ရန်ကိစ္စရပ်များ ဆွေးနွေးရန် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များသည် Quality Drive လုပ်ရမှာဖြစ်ကြောင်း၊ စာသင်ခန်း၊ လက်တွေ့ခန်းနှင့် အလုပ်ရုံများတွင် ကျောင်းသား၊ ကျောင်းသူများ၏ အချိုးညီမျှမှု ရှိစေရေး၊ လက်တွေ့ပစ္စည်းများ ခေတ်စနစ်နှင့်အညီ ခေတ်မီပြီး ပြည့်စုံမှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများ အချိုးညီမျှမှုရှိစေရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ အရည် အချင်းမြှင့်တင်ရေးအတွက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ သင်ကြားမှု၊ သင်ယူမှုများတွင် သတင်းအချက်အလက်နည်းပညာ ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ Internet Connection ကောင်းအောင် ဆောင်ရွက်ထားရန်ဖြစ်ကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတွင် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာ၍ သန့်ရှင်းမျှတစွာ၊ မြင်သာထင်ရှားစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်များအတွက် လိုအပ်ချက်များကို ရန်ပုံငွေတင်ပြ တောင်းခံ၍ ခွဲဝေရရှိသောရန်ပုံငွေဖြင့် စာသင်ဆောင်နှင့် အလုပ်ရုံများဆောက်လုပ်ခြင်း၊ လက်တွေ့ခန်း သုံးပစ္စည်းများ ဝယ်ယူခြင်း၊ လိုအပ်သောပစ္စည်းကိရိယာများ ဖြည့်တင်းခြင်း၊ ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးခြင်းတို့ကို အချိုးကျမျှတစွာ ဆောက်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်များ လွတ်လပ်သော စီမံခန့်ခွဲမှုများဖြင့် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် ဝန်ကြီးရုံးတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံရေး၊ ဘဏ္ဍာရေး၊ ဆောက်လုပ်ရေး၊ ပစ္စည်း ဝယ်ယူရေး၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များမှ ဆွေးနွေးသွားကြမှာဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များသည် မိမိတို့ကျောင်းအလိုက် လိုအပ်ချက် များကို ဦးစားပေးအဆင့်များသတ်မှတ်၍ သုံးစွဲသွားရမှာဖြစ်ကြောင်း၊ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့များအတွင်း ညှိနှိုင်းဆောင်ရွက်၍ ရန်ပုံငွေများ လျာထားနိုင်ရေး ယခု ကတည်းက ကြိုတင်၍ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရမှာဖြစ်ကြောင်း၊ University Charter များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်၍ တက္ကသိုလ်အလိုက် အသေးစိတ် အချက်အလက်များပါဝင်စေရန် အမြန် ပြီးစီးအောင် ပြင်ဆင်ရေးဆွဲထားကြရန်လိုအပ်ကြောင်း စသဖြင့်ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေမှ စီမံရေးရာနှင့် ပတ်သက်သော အချက် အလက်များ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်မှ သင်ကြားရေး၊ ဘတ်ဂျက်၊ ဆောက်လုပ်ရေးနှင့် ဝယ်ယူရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်)များနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_9558



Bookmark the permalink.

Comments are closed.