ရန်ကုန်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာနှင့် ဗိသုကာဆိုင်ရာ ဘွဲ့ကြိုသင်တန်းများအတွက် အင်္ဂလန်နိုင်ငံမှ ISO လက်မှတ်ရရှိ


Date : 26 January, 2015

IMG_9762

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသော အင်ဂျင်နီယာနှင့် ဗိသုကာ ဆိုင်ရာဘွဲ့ကြိုသင်တန်းများအတွက် အင်္ဂလန်နိုင်ငံ BUREAU VERITAS မှ ISO 9001-2008 (Provision of Undergraduate Engineering Education and Technical Services) လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ကျင်းပခဲ့သည်။
“ရန်ကုန်နည်းပညာတက္ကသိုလ်ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံတကာက အသိအမှတ် ပြုခံရပြီး သက်ဆိုင်ရာနိုင်ငံရှိအင်ဂျင်နီယာများအတိုင်း လစာရရှိစေဖို့နဲ့ တက္ကသိုလ်ရဲ့လုပ်ငန်း၊ သင်ကြားမှုတွေက နိုင်ငံတကာတွေလို စနစ်ကျပြီး တိုးတက်လာအောင် ပြင်ဆင်တဲ့ နေရာမှာ ပထမအဆင့်အဖြစ်နှင့် ဒီလက်မှတ်ကို ရယူခဲ့တာဖြစ်ပါတယ်။ မြန်မာအင်ဂျင်နီယာ တက္ကသိုလ်များရဲ့ ဂုဏ်ယူဖွယ် သမိုင်းအချိုးအကွေ့ တစ်ခုလည်း ဖြစ်ပါတယ်။ ရှေ့ဆက်ကြိုးစား သွားရင် YTU က နိုင်ငံတကာအဆင့်ကို မဝေးတော့ပါဘူး” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောသည်။
တက္ကသိုလ်အတွင်း ဆက်သွယ်မှု ချောမွေ့မြန်ဆန်ခြင်း၊ ဆောင်ရွက်သည့် လုပ်ငန်းတိုင်း အတွက် တိကျသော၊ လက်တွေ့ကျသော ရည်မှန်းချက်ပန်းတိုင်များ ချမှတ်လာနိုင်ခြင်း၊ သင်ကြားချိန် ခြောက်နှစ်တာကာလအတွင်းနှင့် အလုပ်ခွင်ဝင်ချိန် တိုင်အောင် ကျောင်းသား၊သူများနှင့် ကျောင်းသား၊ ကျောင်းသူမိဘများ စိတ်ကျေနပ်အောင် သင်ကြားပေးနိုင်သည့် အစီအမံများ ထားရှိနိုင်ခြင်း ကျောင်းသားများ၏ တိုင်ကြားချက်များကို အချိန်နှင့် တစ်ပြေးညီ ပြန်လည်ဖြေရှင်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိလာခြင်း ဖြစ်ကြောင်းသိရသည်။
“ကျောင်းသား၊ ကျောင်းသူတွေက ဘယ်နိုင်ငံမှာပဲသွားပြီး အလုပ်လုပ်သည်ဖြစ်စေ မျက်နှာ မငယ်ရတော့ပါဘူး။ ဒီကျောင်းထွက်အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ကို သက်ဆိုင်ရာနိုင်ငံက ဘွဲ့ရတဲ့ အင်ဂျင်နီယာနည်းတူ အခွင့်အရေးပေးရမှာဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားခွင့်ရမှာ ဖြစ်သလို ဘွဲ့ရပြီးရင်လည်း အဲလို အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါ တယ်” ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်က ပြောသည်။
“နိုင်ငံတကာတက္ကသိုလ်တွေအတိုင်း ပညာသင်ကြားခွင့်ရရှိလာပြီး ကျောင်းပြီးသွားရင်လည်း နိုင်ငံတကာက ပညာရှင်တွေလို လစာ၊ အကျိုးခံစားခွင့်တွေ ရရှိမယ်လို့ သိရတဲ့အတွက် ဝမ်းသာ ပါတယ်။ နောင်မျိုးဆက်သစ်တွေကို အစွမ်းကုန် ဝီရိယရှိသမျှ ကြိုးစားပြီး အားသာချက် တွေရှိတဲ့ ဒီကျောင်းတော်ကြီးကို လှမ်းခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု အဆိုပါနည်းပညာတက္ကသိုလ်တွင် Ph.D. တန်းတက်ရောက်နေသူ မောင်ကိုကိုအောင်က ပြောသည်။
အင်္ဂလိပ်စာလုံး ISO သည် “တူညီသော တစ်ပြေးညီ တစ်ပုံစံတည်း ဖြစ်သော”ဟု အဓိပ္ပါယ်ရသည်။ တစ်ကမ္ဘာလုံးတွင် သိပ္ပံပညာ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ တစ်ပြေးညီ ကောင်းမွန်သည့် စံသတ်မှတ်ချက်များ ရရှိအောင်တိုင်းတာသည့် International Organization for Standardization (ISO) ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ISO ဟု လူသိများခဲ့သည်။
နိုင်ငံတကာတက္ကသိုလ် အဆင့်အသိအမှတ်ပြုလက်မှတ် ရရှိအောင် ရန်ကုန်နည်းပညာ တက္ကသိုလ်သည် လွန်ခဲ့သည့် တစ်နှစ်ကျော်မှစကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တို့၏ အကူအညီဖြင့် ဟောပြောပွဲများကို ကျင်းပခဲ့သည်။ ထို့ပြင် သင်တန်းများ တက်ရောက်စေခြင်း နိုင်ငံတကာအဖွဲ့အစည်းများမှ အရည်အသွေး လာရောက် စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး စံသတ်မှတ်ချက်များနှင့် ပြည့်မီသည့်အတွက် ယခုကဲ့သို့ အသိအမှတ် ပြုလက်မှတ် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် တက္ကသိုလ်ပေါင်း ၁၆၉ ခုရှိပြီး ပထမဆုံး ISO အသိအမှတ်ပြုလက်မှတ် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်က ရရှိခဲ့သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်သည် အသိအမှတ် ပြုလက်မှတ် ဒုတိယမြောက်ရရှိခဲ့သည့် တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘာသာရပ် ၁၂ ခု သင်ကြားပို့ချနေပြီး ဘွဲ့ကြိုသင်တန်းတွင်း ကျောင်းသား၊ ကျောင်းသူ ၉၀၀ ခန့်ရှိပြီး လက်ရှိပညာသင်နှစ်တွင် ကျောင်းသား ၁၅၀၀ ခန့်တက်ရောက်သင်ကြားလျှက်ရှိသည်။
သို့ရာတွင် “နိုင်ငံတကာအသိအမှတ်ပြုခြင်းခံရတဲ့ အဆင့်ထိရောက်အောင် နောက်ထပ် လိုအပ်ချက်တွေ ဖြည့်ဆည်းစရာ တော်တော်များများ ကျန်သေးသည်။ သင်ရိုးညွှန်းတမ်း၊ ကျောင်းသား ပညာရေးနှင့် အထောက်အကူပြုဝန်ထမ်း၊ သင်ယူမှုဝန်းကျင်နှင့် ရုပ်ဝတ္ထုစသည်တို့ အနည်းဆုံး ရမည့်သတ်မှတ်ချက်နှင့် ညီမညီဆိုတာကို ပြည်တွင်းနှင့်ပြည်ပအဖွဲ့အစည်းများရဲ့ စစ်ဆေးခြင်း ခံယူရမှာဖြစ်တယ်။ ၎င်းအဖွဲ့အစည်းများကို မဖိတ်ခေါ်ခင် မိမိတို့ကိုယ်တိုင် ပြင်ဆင် ရအုံးမှာဖြစ်တယ်၊ ဖော်ပြပါ အသိအမှတ်ပြုခံရရေးအတွက် စစ်ဆေးခြင်းကိစ္စများကို ၂၀၁၅ခုနှစ် အတွင်းမှာ တောက်လျှောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မိမိဘက်က ကြိုးစားဆောင်ရွက်ရင် သင်တန်းအစီအစဉ်အချို့ ဒီနှစ်ကုန်လောက်မှာ စတင်အသိအမှတ်ပြုခံရနိုင်စရာရှိပါတယ်” ဟု အဆင့်မြင့်နည်းပညာတက္ကသိုလ်များ ဦးစီးကော်မတီဥက္ကဌ ဆရာကြီးဦးညီလှငယ်က ပြောကြားပါသည်။

IMG_9709



Bookmark the permalink.

Comments are closed.