စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး


Date : 4 February, 2015

IMG_0607

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက် ၉ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နည်းဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ နည်းဥပဒေနှင့် ပတ်သက်၍ နည်းဥပဒေ(မူကြမ်း)အပေါ် ပြင်ဆင်ဖြည့်စွက်ရန် လိုသည်များကို အကြံပြုနိုင်ရန်နှင်‌့ နည်းဥပဒေအတည်ပြုပြီးနောက် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ကြိုတင် ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေး တွင် စက်မှုကဏ္ဍဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စံချိန်စံညွှန်းများ တစ်ပြေးညီသတ်မှတ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသ ASEAN Free Trade Area (AFTA) ထူထောင်ရန်လိုအပ်သည့် နည်းဥပဒေများ၊ သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများကို ၂၀၁၅ ခုနှစ် အမှီရေးဆွဲ မြှင့်တင်ရန်လိုအပ်နေပါကြောင်း။
နိုင်ငံတကာတွင် အကျိုးရှိစွာအသုံးချနေသည့် စံချိန်စံညွှန်းအရည်အသွေးစစ်ဆေးရေး နှင့် တိကျစွာတိုင်းတာမှုလုပ်ငန်းများကို ဥပဒေနှင့်အညီစနစ်တကျထိန်းချုပ်၍ အားပေးမြှင့်တင် နိုင်ရန်လိုအပ်ပါကြောင်း၊ စံချိန်စံညွှန်း သတ်မှတ််ခြင်းဆိုင်ရာဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့် အတွက် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ပါ ကြောင်း၊ နည်းဥပဒေတွင် အဓိကအားဖြင့် စံချိန်စံညွှန်းများချမှတ်ခြင်းနှင့် အသိအမှတ်ပြုခြင်း နှစ်ပိုင်းရှိပါကြောင်း၊ အဆိုပါလုပ်ငန်းစဥ်များ ဆက်လက်အကောင်အထည်ဖော်ရာ၌ အပြည်ပြည် ဆိုင်ရာနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကောင်းမွန်သောကျင့်ထုံးများကို လိုက်နာပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ကိုက်ညီမှုရှိစေရန် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် (မူကြမ်း) ပြုစုထားပါကြောင်း။
မြန်မာနိုင်ငံတွင် စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ ခိုင်မာစွာ ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ နည်းဥပဒေ(မူကြမ်း)ကို ပြင်ဆင်ဖြည့်စွက်သင့်သည်များရှိပါက ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပညာရှင်များမှ ညှိနှိုင်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးမှ စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာနည်းဥပဒေ(မူကြမ်း)ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများက နည်းဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

IMG_0607



Bookmark the permalink.

Comments are closed.