ခေတ်မီဖွံ့ဖြိုးတိုးတက်သော အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် တည်ထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်ညီလာခံကျင်းပ


Date : 16 February, 2015

IMG_8426

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်သည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO) တို့ပူးပေါင်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ် တည်ထောင်ရေးဆိုင်ရာ အမျိုးသားအဆင့်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးကိုယ်စား တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည် အချိန်နှင့်အမျှ နည်းပညာအသစ်၏ ပြောင်းလဲတိုးတက် ဖြစ်ပေါ်နေေသာ နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့ ယှဥ်ပြိုင်မှုနယ်ပယ်တွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည် စီးပွားရေးဆိုင်ရာ တိုးတက်မှုအတွက် အဓိကကျသော အကြောင်းအရာတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် တွင် ကုန်သွယ်ရေးနှင့် စီးကြပ်အခွန်အပေါ်အထွေထွေသဘောတူညီချက် (The General Agreement on Tariffs and Trade – GATT) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ် တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဝင်ရောက်ခဲ့ပါကြောင်း။

               အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် စပ်လျဥ်းသည့် ဥပဒေဆိုင်ရာအကာအကွယ်ပေးမှုများကို ဖြည့်စွက်ပြင်ဆင်ရန်အတွက် ခေတ်နှင့်လိုက်လျောညီထွေမှုရှိသော ဥပဒေမူဘောင်တစ်ရပ်ကို ဖန်တီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေမူကြမ်း (၄) ခု ဖြစ်သော တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေနှင့် စာပေအနုပညာဆိုင်ရာ မူပိုင်ခွင့်ဥပဒေတို့ကို WIPO အဖွဲ့မှ ဥပဒေရေးရာအကူအညီများကိုရယူလျက် မူကြမ်းရေးဆွဲခဲ့ရာ အပြီးသတ်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများကိုလည်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာများတိုးပွားလာစေရေးအတွက် နည်းပညာနှင့် ငွေကြေးဆိုင်ရာအကူအညီများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း။

               ဥပဒေမူကြမ်းများကို သဘောထားမှတ်ချက် အကြံပြုချက်များပေါ်အခြေခံ၍ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာကုန်သွယ်မှုသဘောတူညီချက် (Trade Related Aspects of Intellectual Property Rights – TRIPs) သဘောတူညီချက်ပါ အချက်အလက်များနှင့် ကိုက်ညီအောင် ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ASEAN အဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ ASEAN IPR Action Plan ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိနေပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် တည်ထောင်ရေးဆိုင်ရာ အမျိုးသား အဆင့်ညီလာခံတွင် နိုင်ငံတော်အတွက် ကောင်းမွန်ထိရောက်သည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် စနစ်ကို တည်ထောင်နိုင်ရန် အခြားနိုင်ငံများနှင့် အကောင်းဆုံးအတွေ့အကြုံများကို လေ့လာပြီး ဆွေးနွေးသွားကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်စနစ် တည်ထောင်နိုင်ရေးနှင့် လမ်းစဥ်ချမှတ်ရေးတို့ကိုများစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင် ပြောကြားခဲ့သည်။

               ထို့နောက် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရုံး၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာဗျူရိုမှ ဒါရိုက်တာ Mr. Andrew Michael Ong မှ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်သည် နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဖွံ့ဖြိိုးတိုးတက်ရေးကို အထောက်အကူပြုပါကြောင်း၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြီး ယနေ့ စာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်းစသဖြင့် ပြောကြားခဲ့သည်။

               အဆိုပါ ညီလာခံသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ WIPO အဖွဲ့မှဖြစ်သော သြစတြေးလျ၊ တိုကျို၊ အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းတို့မှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အမျိုးသားအဆင့် အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်စနစ်ကို ရည်ရွယ်သည့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီး ပြည်တွင်း၊ ပြည်ပပညာရှင်များမှ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

IMG_8426



Bookmark the permalink.

Comments are closed.