Communicative Language Teaching Methods အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


Date : 23 February, 2015

IMG_9149

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်း၌ ကျင်းပသော Communicative Language Teaching Methods အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

               ဒုတိယဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှု များကို အဓိကဦးစား‌ေပးအနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ပညာရေးသည် နိုင်ငံ၏အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆင့်မြင့် ပညာရေး၊ နည်းပညာနှင့်သက်မွေးပညာရေးတို့တွင် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း။

               အစိုးရဝန်ထမ်းများနှင့် အင်္ဂလိပ်စာဆရာ၊ ဆရာမများအား အင်္ဂလိပ်ဘာသာစကား ပညာရပ် အရည်အသွေးမြှင့်တင်မှုများအပါအဝင် စွမ်းဆောင်ရည်မြှင့်တင်ရေးများကို အားကောင်း လာစေရန် ဆောင်ရွက်နေပါကြောင်း၊ အင်္ဂလိပ်ဘာသာစကားသည် အဆင့်မြင့်ပညာရေး၊ နည်းပညာနှင်‌့သက်မွေးပညာရေးတို့တွင် အဆင့်မြှင်‌့တင်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ အတွက် သင်တန်းဖြစ်ြပီး ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာကိုထိရောက်စွာ သင်ကြားပေးနိုင်ရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

               အလုပ်ရုံဆွေးနွေးပွဲတွင် U.S State Department English Language Fellow Program မှ English Language Teaching Professional ဖြစ်သူ Professor Ms. Marie Katherine Snider မှ လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချနိုင်မည့် အင်္ဂလိပ်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

               အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနှင်‌့သက်မွေးပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ အင်္ဂလိပ်ဘာသာရပ် ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

     IMG_9149



Bookmark the permalink.

Comments are closed.