အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)၊ စက်မှုနည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)နှင့် ဇီဝနည်းပညာသုတေသနဌာန(ကျောက်ဆည်)သို့ ကြည့်ရှုစစ်ဆေးခြင်း


Date : 24 February, 2015

20150221_073623

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး(တာဝန်)နှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တည်ဆဲအမျိုးသားပညာရေးဥပဒေပါပြဋ္ဌာန်းချက်များကို နှိုင်းယှဉ်လေ့လာရန် ဖြစ်ကြောင်း၊ စာသင်ချိန်များကို အလေးထား၍ စာတွေ့၊ လက်တွေ့တတ်မြောက်အောင် သင်ကြား ပေးကြရန်လိုအပ်ပါကြောင်း၊ သင်ကြားရေးဆိုင်ရာလိုအပ်ချက်များ၊ လက်တွေ့ခန်းများ၊ သုတေသန ခန်းများနှင့် စပ်လျဉ်း၍ ဆက်စပ်ပစ္စည်းများကို စာရင်းပြုစု၍ တင်ပြပေးကြရန်ဖြစ်ကြောင်း နှင့် ထပ်မံလိုအပ်သည့် အဆောက်အဦများအတွက်လည်း နှစ်အလိုက်စီမံချက်ချ၍ တင်ပြနိုင်ရေး စီစဥ်ဆောင်ရွက်ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ အားလိုအပ်ချက်များကိုမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များမှာကြားခဲ့ ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုနည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သို့ ရောက်ရှိကာ Technical Teachers’ Training အား ပိုမို၍ကောင်းမွန်စွာနှင့် ကျယ်ပြန့်စွာသင်ကြားနိုင်ရေး ဆောင်ရွက်ကြရန်၊ နည်းပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချလုပ်ဆောင်သွားနိုင်ရန်၊ အလုပ်ရုံလုပ်ငန်းများတွင် တွင်ကျယ်စွာ ဆောင်ရွက်ပေးနိုင်ရန်နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီဝနည်းပညာသုတေသနဌာန(ကျောက်ဆည်)သို့ ရောက်ရှိပြီး သုတေသနလုပ်ဆောင်နေသော သုတေသီများနှင့် တွေ့ဆုံ၍ ဇီဝနည်းပညာဆိုင်ရာ သုတေသနဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

20150221_073842



Bookmark the permalink.

Comments are closed.