TVET Directory Website လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား


Date : 29 May, 2015

IMG_145

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတွင် များစွာအရေးပါသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် ပြည်သူများအကြား နည်းပညာနှင့်သက်မွေးပညာရေး ကွာဟချက်ကို နည်းပါးစေရန်အတွက် ဂျာမနီနိုင်ငံ၊ German Development Cooperation (GIZ) မှ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနသို့ TVET Directory Website လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့် သင်ကြားမှုသည် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး (Comprehensive Education Sector Review – CESR) ၏ အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါ ကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှုအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနပေါင်း ၁၉ ခုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာရေး လေ့ကျင့်သင်ကြားမှုနှင့် သက်ဆိုင်သည့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community – AEC) ကို ပြင်ဆင်ဆောင်ရွက်ရန်အတွက် အရည်အသွေးမြင့်မားရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဆောင်ရွက် နေသော အမျိုးသားစံသတ်မှတ်ရေး (National Skill Standard Authority – NSSA) အနေဖြင့် သက်မွေးဝမ်းကျောင်းပညာရပ် အသီးသီးအတွက် လိုအပ်သော အရည်အသွေး ကျွမ်းကျင်မှုစံသတ်မှတ်ရေးကို ဆောင်ရွက်နေပါကြောင်း။
TVET Directory Website သည် သတင်းအချက်များစွာကို စုစည်းနိုင်ပြီး လိုအပ်သော သတင်းအချက်အလက်များကို ပြန်လည်ဖြန့်ဝေပေးနိုင်သည့်အတွက် လိုအပ်သော သတင်းအချက်အလက်များကို လွယ်ကူစွာရရှိအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာ ဘာသာရပ်များကို သင်ကြားလိုသော လူငယ်လူရွယ်များ အနေဖြင့် TVET Directory Website မှတစ်ဆင့် လိုအပ်သောသတင်းအချက်အလက်များ ရရှိနိုင်ပြီး မိမိနှင့်ကိုက်ညီသည့် အလုပ်အကိုင် အခွင့်အလမ်းများကို သိရှိရွေးချယ်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အခြားသော အာဆီယံနိုင်ငံများတွင် သက်မွေးပညာကဏ္ဍ အသီးသီး၌ လုပ်သား အင်အားများ ပိုမိုတိုးတက်လာခြင်းဖြင့် လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်းဖြင့် နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေနှင့် အနာဂတ်အတွက် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ TVET GIZ Myanmar မှ Head of Project ဖြစ်သူ Mr. Konrad De Bortoli မှ မိမိတို့ GIZ နှင့် Swiss Development Cooperation တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် Myanmar Directory Website ကို မိမိတို့ GIZ အဖွဲ့အစည်းမှ လွှဲပြောင်းပေးရခြင်း အကြောင်းအရင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ၊ GIZ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.