တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြုမှုဆိုင်ရာ ဌာနများတည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းသည့် သင်တန်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ


Date : 27 July, 2015

DSC_0033

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization – WIPO)တို့ ပူးပေါင်းပြီး တီထွင်ဆန်းသစ်မှု နှင့် နည်းပညာအထောက်အကူပြုမှုဆိုင်ရာ ဌာနများတည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း သည့် သင်တန်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ (Training and Consultation Meetings related to the Establishment of Technology and Innovation Support Centers – TISCs) ကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်အား မြှင့်တင် နိုင်ရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေရေးဆွဲခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင် ဆန်းသစ်မှုနှင့်နည်းပညာအထောက်အကူပြုမှုဆိုင်ရာ ဌာနများတည်ထောင်နိုင်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် တက္ကသိုလ်များ၊ သုတေသနဌာနများ၊ စက်မှုလက်မှု လုပ်ငန်းများ၊ တီထွင်သူများ၊ သုတေသနပညာရှင်များ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ဆိုင်ရာ ဆောင်ရွက်သူများနှင့် အသေးစားအလတ်စားစက်မှုလက်မှု လုပ်ငန်းများတွင် အသုံးဝင်ပြီး အကျိုးရှိသောနည်းပညာများ၊ သတင်းအချက်အလက်များ၊ တီထွင်ဆန်းသစ်မှု နည်းလမ်းများကို ဖြန့်ဝေနိုင်ရန်နှင့် လေ့လာနိုင်ရန်အတွက် ရည်ရွယ်ပါကြောင်း။
WIPO ၏ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြုမှုဆိုင်ရာ ဌာနများ တည်ထောင်နိုင်ရေးအစီအစဥ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တီထွင်သူများအား နည်းပညာသတင်း အချက်အလက်များနှင့် ဆက်စပ်နေသောလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်၊ ၎င်းတို့၏ တီထွင်ဆန်းသစ်မှုကိုအသုံးပြုနိုင်ရန်၊ ဖန်တီးနိုင်ရန်နှင့် ကာကွယ် နိုင်ရန် WIPO website တွင် ဖော်ပြထားသော အသိဉာဏ်ပစ္စည်းဆိုင်ရာမူပိုင်ခွင့် များကို စီမံခန့်ခွဲနိုင်ရန် အကူအညီပေးခြင်းကို အထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ နည်းပညာသတင်းအချက်အလက်များကို လွယ်ကူစွာ အသုံးပြုဆောင်ရွက်နိုင်ခြင်းနှင့် အဆိုပါ သတင်းအချက်အလက်များကို အကျိုးရှိရှိအသုံးပြု၍ တီထွင်ဆန်းသစ်မှု စွမ်းရည်များ မြှင့်တင်ခြင်းအားဖြင့် ပြည်တွင်း၊ ပြည်ပတွင် ရင်ဆိုင်နေရသည့် နည်းပညာ ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် ရလာဒ်အသစ်များကို ဖန်တီးနိုင်ခြင်း၊ ဖွံ့ဖြိုး တိုးတက်စေနိုင်ခြင်းတို့ကို အထောက်အကူဖြစ်စေနိုင်ပြီး တက္ကသိုလ်များနှင့် သုတေသန ပညာရှင်များကိုလည်း အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၅၀) ဦး တက်ရောက်၍ သင်တန်းတွင် WIPO အဖွဲ့အစည်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုအဖွဲ့မှ တာဝန်ရှိသူများက တီထွင်ဆန်းသစ်မှုနှင့် နည်းပညာအထောက်အကူပြုမှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ပြီး သင်တန်းကို ဇူလိုင်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DSC_0066



Bookmark the permalink.

Comments are closed.