အမျိုးသားစံချိန်စံညွှန်းကောင်စီ တတိယအကြိမ် အစည်းအဝေး


Date : 3 September, 2015

DSC_0050

အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသော အမျိုးသားစံချိန်စံညွှန်းကောင်စီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းခဲ့သည့် စံချိန်စံညွှန်းကောင်စီ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေးများကို အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားအရည်အသွေး အခြေခံအဆောက်အအုံ လျင်မြန်စွာ အကောင်အထည် ဖော်ရေးနှင့် အကောင်အထည်ဖော်ရာတွင်လည်း အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ သဘောတူညီချက်များနှင့် ကိုက်ညီမှုရှိစေရန်အတွက် အကြံပြု ဆွေးနွေးပေးကြရန် လိုအပ် ပါကြောင်း၊ ယခု တတိယအကြိမ် အစည်းအဝေးမှာလည်း ဒုတိယအကြိမ် စံချိန်စံညွှန်း ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ပြီးသော လုပ်ငန်းစဉ်များကို အတည်ပြုဆုံးဖြတ်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ် ပေးရမည် ဖြစ်ပါကြောင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေ၏ နည်းဥပဒေများ အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေးအတွက် ဆပ်ကော်မတီများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်တိုအတွင်းပြီးမြောက်စေရန် အမျိုးသား စံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များ အနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ အဆိုပါ အစည်းအဝေးမှ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ၏ နည်းဥပဒေများအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်တင်ပြပြီး ဥပဒေ ဆိုင်ရာ အကြံပြုချက်များ တောင်းခံနိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပြုလာသော ဒုတိယအကြိမ် အစည်းအဝေးတွင် ဖွဲ့စည်းရန်သဘောတူဆုံးဖြတ်ခဲ့သည့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ နည်းပညာဆပ်ကော်မတီအသစ်၏ အဖွဲ့ဝင် အမည်စာရင်းများ တင်ပြခြင်းနှင့် အတည်ပြုဖွဲ့စည်းနိုင်ရေး၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီတွင် နည်းပညာဆပ်ကော်မတီ (၁၉) ခုမှ အဆိုပြုထားပြီးသော မြန်မာနိုင်ငံ စံချိန်စံညွှန်း(မူကြမ်း)များကို စုံစမ်းသည့်အဆင့် (Enquiry Stage) အနေဖြင့် အများပြည်သူသဘောထားမှတ်ချက် (Public Comment) ရယူရန်အတွက် အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေးဌာနဝက်(ဘ်)ဆိုဒ် (National Standards and Quality Department Website) တင်ရန်အတွက် လက်ရှိဆောင်ရွက်နေမှုများကို တင်ပြခြင်း၊ အမျိုးသားစံချိန်စံညွှန်းများ ချမှတ်ရာတွင် အမျိုးသားစံချိန်စံညွှန်းအဖွဲ့ကြီးမှ မဖြစ်မနေလိုက်နာရမည့် သဘောတူညီချက်များအား လိုက်နာမည့်အကြောင်း ISO/IEC သတင်းအချက်အလက်ဌာန (ISO/IEC Information Center)သို့ ကြေညာခြင်း (Notify) ပြုလုပ်နိုင်ရန်နှင့် Notify ပြုလုပ်ပြီးကြောင်း အာဆီယံ အမှတ်ပေးစည်းမျဉ်း (AEC Scorecard)တွင် ထည့်သွင်းဖော်ပြနိုင်ရန် တင်ပြခြင်း၊ အမေရိကန်နိုင်ငံ စံချိန်စံညွှန်းအဖွဲ့ (American Society for Testing and Materials –ASTM) နှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသားစံချိန်စံညွှန်းအဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာနှင့် ပတ်သက်၍ တင်ပြခြင်း၊ မိတ်ဖက်အသိအမှတ်ပြုအဖွဲ့ (Partner Accreditation Body-PAB) ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ရုံး (Office of National Standards Council-ONSC)နှင့် စင်ကာပူ နိုင်ငံရှိ စင်ကာပူအသိအမှတ်ပြုကောင်စီ (Singapore Accreditation Council-SAC) တို့ထံမှ ရရှိလာသော အချက်အလက်များကို တင်ပြခြင်း၊ မြန်မာအမျိုးသား အသိအမှတ်ပြုအဖွဲ့ (Myanmar National Accreditation Body-MNAB)၏ အသိအမှတ်ပြုခြင်းဆိုင်ရာ အသိအမှတ်ပြုလုပ်ငန်းအစီအစဉ် (Accreditation Work Plan)များ တင်ပြဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးတင်ပြခြင်းများကို အမျိုးသားစံချိန်စံညွှန်းကောင်စီမှ အဖွဲ့ဝင်များဖြစ်သော ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အဖွဲ့အစည်း အသီးသီးမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အမျိုးသား စံချိန်စံညွှန်းကောင်စီ လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.