ကလေးမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး


Date : 5 September, 2015

????????????????????????????????????

သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာကိုကိုဦးသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့တွင် ကလေးမြို့ရှိ နည်းပညာတက္ကသိုလ် (ကလေး)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ကလေး) ကျောင်းအုပ်ကြီးမှ ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ရေဘေးသင့်ဒေသရှိ ပြည်သူများအား ကူညီ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးမှ နိုင်ငံတော်သမ္မကြီး၏ ခရီးစဉ် တွင် လမ်းညွှန်ခဲ့သော လမ်းညွှန်ချက်များအတိုင်း ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ထိထိရောက်ရောက် သင်ကြားပေးကြရန်၊ စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် သွန်သင်ဆုံးမ ပေးကြရန် နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားမှုပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ခန်း၊ လက်တွေ့ခန်း၊ အလုပ်ရုံနှင့် စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဒေသတွင်းအကျိုးပြုနိုင်သော သုတေသနလုပ်ငန်းများကိုလည်း ကြိုးစား လုပ်ဆောင်ကြရန်နှင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ပညာရေး နယ်ပယ်ကဏ္ဍ အသီးသီးတွင် မျက်ခြေမပြတ် အစဉ်လေ့လာ ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ကလေးမြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ရှိ Aerial Survey Team အဖွဲ့မှ ကလေးမြို့ ပြန်လည် ထူထောင်ရေးအတွက် မောင်းသူမဲ့လေယာဉ်များကို အသုံးပြု၍ ကလေးမြို့ရှိ ရေဘေးသင့် ဒေသများအား ကောင်းကင်ဓာတ်ပုံရိုက် မြေပုံထုတ် Survey တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ်(ကလေး)နှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ကလေး)သို့ သွားရောက်ခဲ့ပြီး ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခြင်း၊ တက္ကသိုလ်နှင့် ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ကလေးမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

????????????????????????????????????



Bookmark the permalink.

Comments are closed.