နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Date : 23 October, 2015

P2

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာပညာရှင်များ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ထူးချွန်သော အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

               ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားရာတွင် နိုင်ငံတော်သမ္မကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အင်ဂျင်နီယာ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ တတ်မြောက်အောင် သင်ကြားပေးကြရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိ၍ စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရား ကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန်နှင့် ဘက်စုံအရည်အချင်း ပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွွက်သွားကြရန် လိုအပ်ပါကြောင်း။

               နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များသည် နောင်တွင် Autonomous University များ ဖြစ်လာမည်ဖြစ်၍ မိမိတို့၏ တက္ကသိုလ်တစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်မှန်းချက်များထားပြီး သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သင်ကြားရေး၊ ကျောင်းသားရေးရာနှင့် ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များ စသည့်တို့ကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများသည် နိုင်ငံတော်၏ မူဝါဒနှင့် ဝန်ထမ်းစည်းမျဥ်း၊ စည်းကမ်းများကို သိရှိ လိုက်နာဆောင်ရွက်သွားကြရန်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်း‌ေရးဆိုင်ရာ ကိစ္စရပ်များအတွက် ဝိုင်းဝန်းဆွေးနွေး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရေတိုဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ စသည်ဖြင့် တက္ကသိုလ်အလိုက် စီမံခန့်ခွဲရေးဆိုင်ရာအဖွဲ့များ၊ ဘာသာရပ်ဆိုင်ရာ ဌာနမှူးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရန်နှင့် ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်ပြည့်ဝအောင် (Capacity Development) တည်ဆောက်ပြီး စွမ်းဆောင်ရည် မြင့်မားတိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ တက္ကသိုလ်အလိုက် ရေးဆွဲထားသည့် Master Plan များကို ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ရန်လုပ်ငန်းစဥ်များကိုလည်း ယခုညှိနှိုင်းရေးကော်မတီ အစည်းအဝေးများတွင် ညှိနှိုင်း ဆွေးနွေးကြရန်ဖြစ်ကြောင်း။

               တက္ကသိုလ်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် သုတေသနအခြေပြုတက္ကသိုလ်များ အဖြစ် ဖော်ဆောင်သွားကြရမည်ဖြစ်ပြီး သုတေသနအခြေပြု တက္ကသိုလ်များအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သော သုတေသနလုပ်ငန်းသုံး ပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဥ်တိုးမြှင့်ဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ်အလိုက် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ၊ ကာလတို ပရောဂျက်များ၊ ဆရာ၊ ဆရာမများမှ ဆောင်ရွက်သည့် သုတေသနလုပ်ငန်းများအား အရေအတွက်နှင့် အရည်အချင်းတိုးမြှင့်လာစေရေး အားပေးကူညီ ဆောင်ရွက်ရန်နှင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်များ ဖြစ်လာစေရေး ဆောင်ရွက်ကြရမည်ဖြစ်၍ ပထမအဆင့်အနေဖြင့် ISO လက်မှတ်ရရှိရေးအတွက် ဆောင်ရွက် သွားကြရမှာ ဖြစ်ပါကြောင်း၊ ISO လက်မှတ်ရရှိပြီး တက္ကသိုလ်များအနေဖြင့်လည်း နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များ ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

               ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး                     ညှိနှိုင်းအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခချုပ်(တာဝန်) များနှင့် ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြ၍ တက္ကသိုလ်အလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



Bookmark the permalink.

Comments are closed.